Friday, November 4, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 


နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ထားဝယ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။





 

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်လာသည့်အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ ခေတ်အဆက်ဆက် အုပ်ချုပ်ပုံစနစ်များပြောင်းလဲခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာရှင်းလင်းပြောကြားသည်။

ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေး ကြိုးပမ်းတည်ဆောက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံတော်၏ တာဝန်များကိုပါ တာဝန်ယူထိန်းသိမ်းဆောင်ရွက်နေရခြင်းဖြစ်သဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်နေရကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်ရေးအတွက် တပ်မတော်သားများအနေဖြင့် မိမိတို့တစ်ဦးချင်း၏ စွမ်းရည်များ တိုးတက်အောင် အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်ကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီလက်နက်ကိရိယာများ ပိုင်ဆိုင်နိုင်ရေးနှင့် ကျွမ်းကျင်စွာအသုံးပြုတတ်စေရေး ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေးအတွက် ကြိုးပမ်းတည်ဆောက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတော်၏ကာကွယ်ရေး စွမ်းပကားမြင့်မားစေရေး အမြဲမပြတ်ကြိုးပမ်းတည်ဆောက်နေရမည်ဖြစ်ကြောင်း၊ ရှိရင်းစွဲ လူ့စွမ်းအားအရင်းအမြစ်များနှင့် လက်နက်ကိရိယာများကို စွမ်းရည်စွမ်းပကားမြင့်မားနေစေရေး၊ ခေတ်နှင့်လျော်ညီသည့် စွမ်းရည်စွမ်းအားရှိစေရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့နေ့စဉ်လေ့ကျင့်ဆောင်ရွက်ရမည့် လေ့ကျင့်ခန်းများ၊ တာဝန်များကို မှန်မှန်ကန်ကန်ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်း၏ စွမ်းရည်တိုးတက်လာနိုင်မည်ဖြစ်ပြီး စစ်ရေးသတိ၊ စစ်ရေးအသိ အမြဲရှိနေရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

စနစ်ကျနသည့် နေထိုင်သွားလာစားသောက်မှုပုံစံရှိရမည်

တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်းစီအလိုက် အဆင့်နှင့်လျော်ညီစွာ နေထိုင်စားသောက်နိုင်ရေး နေရေး၊ ဝတ်ရေး၊ စားရေး တို့အပြင် အခြားအုပ်ချုပ်မှုဆိုင်ရာ အခက်အခဲများ အဆင်ပြေချောမွေ့စေရေး အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်များအနေဖြင့်လည်း မိမိတို့ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိစေရေးနှင့် ရရှိလာသည့်အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ထိန်းထိန်းသိမ်းသိမ်းဖြင့် စနစ်တကျ သုံးစွဲကြစေလိုကြောင်း၊ စားရေးနှင့်ပတ်သက်၍ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဦးချင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါကလည်း စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ဝင်ငွေနှင့် ထွက်ငွေများကိုလည်း မျှတစွာသုံးစွဲရန်လိုအပ်မည်ဖြစ်ပြီး မလိုလားအပ်သော ငွေကုန်ကြေးကျမှုများမရှိစေရေး စနစ်တကျသုံးစွဲစေလိုကြောင်း။

ပညာရေးအလေးပေးဆောင်ရွက်

ထို့ပြင် မိမိတို့တစ်ဦးချင်း၏ အသိပညာမြင့်မားစေရေးအတွက် ဗဟုသုတဖြစ်စေနိုင်မည့် စာပေများကို ဖတ်မှတ်လေ့လာနေရမည်ဖြစ်သကဲ့သို့ မိမိတို့၏သားသမီးများကိုလည်း ပညာရေးအားပေးကြရမည်ဖြစ်ကြောင်း၊ ပညာရေးအားနည်းပါက အသိအမြင်အားနည်းမည်ဖြစ်ပြီး မိမိတို့၏လူမှုစီးပွားဘဝတိုးတက်ရေးတွင် အခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်သဖြင့် မိမိတို့၏သားသမီးများအပေါ် ကောင်းမွန်သည့် ပညာအမွေပေးနိုင်ရမည်ဖြစ်ကြောင်း၊ အတန်းပညာမြင့်မားစေရေးသာမက အသိပညာမြင့်မားစေရေးအတွက်လည်း ဖတ်သင့်ဖတ်ထိုက်သည့် သိသင့်သိထိုက်သည့်စာပေများ၊ အသိအမြင်များကို ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ အသိအမြင်များပေးနိုင်ရေးအတွက် မိမိတို့၏ တစ်ဦးချင်းကလည်း အသိပညာတိုးပွားစေရေး စာပေဖတ်မှတ်လေ့လာရမည်ဖြစ်ပြီး မိမိတို့ သားသမီးများကို မိမိတို့ထက်သာလွန်အောင် မြေတောင်မြှောက်ပေးကြရန်လိုကြောင်း။

တပ်မတော်သားများအနေဖြင့် မိမိတို့တစ်ဦးချင်း ထမ်းဆောင်ရမည့်တာဝန်များကို မှန်မှန်ကန်ကန်နှင့် ကျေပွန်စွာထမ်းဆောင်ရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက်ဟူသည့် စိတ်ကို အမြဲတမ်းနှလုံးသွင်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ နေထိုင်ပြောဆိုလုပ်ကိုင်မှု စည်းကမ်းစနစ်တကျရှိပြီး စွမ်းရည်ကောင်းမွန်မှုများမှတစ်ဆင့် မိမိတို့တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှတာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ နယ်မြေခံတပ်မဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

ထို့ပြင် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူများလိုက်ပါ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးရှိ လောကမာရဇိန်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် လောကမာရဇိန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် ရုပ်ပွားတော်မြတ်ကြီးအား လက်ယာ ရစ်လှည့်လည်ပူဇော်ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဘုရားကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment