Tuesday, November 8, 2022

စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ငြိမ်းချမ်းသာယာမှုကိုဖော်ဆောင်

 

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များသည် မြန်မာနိုင်ငံအတွက်အရေးပါပြီး ထူးခြားသောနှစ်များဖြစ်သည်။ ၂၀၂၂ ခုနှစ် ပြည်ထောင်စုနေ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဖြစ်၍ ထူးခြားသည့်ပြည်ထောင်စုနေ့အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်၍ ယခင်နှစ်များနှင့်မတူ တစ်မူထူးကဲစွာကျင်းပသွားရန် စီစဉ်ဆောင်ရွက်နေသည်ကိုတွေ့ရသည်။

ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အထိမ်းအမှတ်နေ့များတွင် ထူးကဲမွန်မြတ်ပြီး အထူးခြားဆုံး ဝိသေသလက္ခဏာများကို ဆောင်ကြဉ်းသည့်နေ့ရက်များဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားခေါင်းဆောင်များနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့က တိုင်းပြည်လွတ်လပ်ရေးအတွက် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲကြိုးပမ်းခဲ့ကြသဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးစည်းလုံးညီညွတ်မှုကို အခိုင်အမာစိုက်ထူပြီး တစ်နိုင်ငံလုံး လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ကြွားထည်ဝါစွာရပ်တည်နိုင်ကြောင်း သက်သေထူပြနိုင်ခဲ့သည်။

ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် ထူးခြားသည့်ဝိသေသလက္ခဏာဆောင်ကြဉ်းသည့် စိန်ရတုပြည်ထောင်စုနေ့နှင့် စိန်ရတုလွတ်လပ်ရေးနေ့အခါသမယတွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းလုံးညီညွတ်မှုကို မြဲမြံခိုင်ကျည်အောင်တည်ဆောက်ပြီး တိုင်းရင်းသားပြည်သူများ၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစွာထွန်းကားရေး၊ လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တည်ငြိမ်အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီးအဖြစ် တင့်တယ်စွာရပ်တည်နိုင်ရေးတို့ကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။

အထူးသဖြင့် ငြိမ်းချမ်းရေးသည် အရေးကြီးသဖြင့် “နောင်လာမည့်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသောအမွေအနှစ်တစ်ခုကို ချန်ထားရစ်ရန်လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းများကို လျင်မြန်စွာလုပ်ဆောင်ရန်လည်းလိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကြောင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးလျှောက်လှမ်းကြရမည်ဖြစ်ပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် အသိပေးပြောကြားထားသည်။

မျက်မှောက်ကာလတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသောမငြိမ်းချမ်းသည့်ဆိုးမွေကို ချေဖျက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်မှုသည် အခြေခံကျသည့်အချက်ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုမပျက်ယွင်းအောင်၊ မြဲမြံခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့သော် ပြည်တွင်း/ ပြည်ပ အမျိုးသားသစ္စာဖောက်များနှင့် အဖျက်အန္တရာယ်များသည် လွတ်လပ်ရေးနှင့်အတူ ယနေ့ထက်တိုင်ပူးကပ်လိုက်ပါလာပြီး တိုင်းပြည်ပြိုကွဲပျက်စီးစေရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် စွက်ဖက်မှုကင်းစွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်သည်။ နိုင်ငံအကျိုးစီးပွားကိုမလိုလားဘဲ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း လုပ်ကိုင်နေကြသည့် ပြည်တွင်း/ပြည်ပ အဖျက်အန္တရာယ်ကို သတိပြုကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားပြည်ထောင်စုဖွားအားလုံး တန်းတူညီမျှအတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် တစ်နိုင်ငံလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးလာစေရန် မျက်ခြည်မပြတ်ဆောင်ရွက်နေသည်။ ယင်းကိုမလိုလားသည့် အဖျက်အမှောင့်အကြမ်းဖက်အဖျက်သမားများက သွေးထိုးလှုံ့ဆော်မှု၊ တိုက်ခိုက်ဖျက်ဆီးမှုများကို လုပ်ကိုင်လျက်ရှိရာ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် လက်တွဲ တွန်းလှန်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်သောစွမ်းပကားဖြင့် ဝိုင်းဝန်း အကောင်အထည်ဖော်ကာ အေးချမ်းသာယာဝပြောပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးအဖြစ်ဖော်ဆောင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။   

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment