Saturday, November 5, 2022

ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေနိုင်မည်

 


နေပြည်တော် နိုဝင်ဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။














အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

MSME လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များအား တစ်ဦးချင်းတင်ပြဆွေးနွေး

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းနှင့် မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြိတ်ခရိုင် ရာဘာလုပ်ငန်းရှင် ဦးထွန်းထွန်းဝင်း၊ မြိတ်ခရိုင်ရေလုပ်ငန်းနှင့် ပုဇွန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးလှသန်း၊ မြိတ်ခရိုင် စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးအောင်၊ မြိတ်ခရိုင် ငှက်သိုက်လုပ်ငန်းရှင် ဦးခွန်ပိုင်မျိုး၊ မြိတ်ခရိုင်ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးထွေးဝေနှင့် တက်ရောက်လာကြသူများက ရော်ဘာထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့တင်ပို့မှု ပိုမိုလွယ်ကူလျင်မြန်စေရေး ဆောင်ရွက်ပေးစေလိုမှု၊ မြိတ်ခရိုင်အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိမှုနှင့် ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဂျင်းခရုမွေးမြူရေးလုပ်ငန်းများ မြိတ်ခရိုင်အတွင်း အောင်မြင်လျက်ရှိပြီး လုပ်ငန်းရှင်များ ပိုမိုတိုးတက်လာမှုနှင့် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများရရှိရေး ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်းပုလဲမွေးမြူရေး လုပ်ငန်းမှထွက်ရှိလာသည့်မုတ်ခွံကို ဒေသတွင်း၌ပင် အချောထည်ပြုလုပ်ပြီး ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး မုတ်ခွံအချောထည်စက်ရုံ တစ်ခုလည်ပတ်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦးတို့က ဝန်ကြီးဌာနအလိုက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အကူအညီပေးလျက်ရှိမှု၊ MSME လုပ်ငန်းများလုပ်ဆောင်မည်ဆိုပါက သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ချေးငွေများရယူနိုင်မှု၊ နိုင်ငံတော်မှ လုပ်ငန်းများအောင်မြင်စေရေးအတွက် လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းအလိုက်ဆောင်မြင်အောင် ဆောင်ရွက်ပေးရန်လိုအပ်မှုနှင့် ချေးငွေများကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ နိုင်ငံတော်မှချေးငွေများကို အကြောင်းအရာအသီးသီးအလိုက် ကာလအပိုင်းအခြားအလိုက် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါချေးငွေများ ပြန်လည်ရရှိမှသာလျှင် နိုင်ငံတော်၏ လည်ပတ်သုံးစွဲငွေများပြန်လည်ရရှိမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ချေးငွေများကို သတ်မှတ်ကာလအလိုက် အချိန်မီပြန်လည်ပေးဆပ်ရန်လိုအပ်မှု၊ မြိတ်ခရိုင်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများစွာ ဆောင်ရွက်လျက်ပြီး ထပ်မံလာရောက်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာရှိမှု၊ ကျေးလက်ဒေသရှိ ပြည်သူလူထုများ ဝင်ငွေရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သည့် နည်းပညာနှင့် စက်ကိရိယာများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင် သစ်တောဖုံးလွှမ်းမှု ဒုတိယအများဆုံးဖြစ်သည်ကို တွေ့ရှိရပြီး ငါးသယံဇာတအတွက် အလွန်အရေးကြီးသည့် ဒီရေတောများကိုလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုအပ်မှု၊ ဒေသတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်း၊ ကြိမ်လုပ်ငန်း၊ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်လျက်ရှိသည်ကိုတွေ့ရှိရပြီး ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိမှုစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဆွေးနွေးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းရှိ ပုစွန်မွေးမြူရေးလုပ်ငန်းများ၏ ပုစွန်သားဖောက်ခြင်း၊ အစာစပ်ခြင်းအတွက် နည်းပညာများရရှိရေးနှင့် ပုစွန်ထွက်ကုန်များ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအားပေးဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားခဲ့သည့် ကာလများအတွင်း နိုင်ငံတိုင်း၌ ကိုယ်စီအခက်အခဲများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်မူ ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်ခဲ့သည့် အခက်အခဲများသာမက နိုင်ငံရေးအခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရပြီး စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ထိုအချိန်တွင် နိုင်ငံ၏စီးပွားရေး ပျက်ယွင်းစေရန် နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုများ၊ ငွေကြေးလည်ပတ်သုံးစွဲမှုများကို ထိခိုက်စေရန် ဘဏ်စနစ်ပြိုလဲအောင်ဆောင်ရွက်မှုများ၊ စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန်ဆောင်ရွက်မှုများ ရှိခဲ့ပြီး မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲအကြပ်အတည်းများစွာကြားမှ နိုင်ငံကို အဘက်ဘက်မှ တိုးတက်အောင်ဆောင်ရွက်ခဲ့ရကြောင်း၊ ကိုဗစ်-၁၉ဖြစ်ပွားမှုကာလ အကြပ်အတည်းကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ လက်တွဲညီညီပူးပေါင်း၍ အောင်မြင်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပြီး အားလုံးဝိုင်းဝန်းဆောင်ရွက်ခဲ့မှုကြောင့်သာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအရထိခိုက်ခဲ့ရမှုများကို ကုစားနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် မိမိတို့နိုင်ငံနှင့်ကိုက်ညီမှုရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အောင်မြင်မှုရှိစေရေးနှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းရှင်များနှင့် လှည့်လည် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ရောဂါဖြစ်ပေါ်ခဲ့ချိန်တွင် စားသောက်ကုန်များပြတ်လပ်မှုမရှိခဲ့ကြောင်း၊ နိုင်ငံတကာ ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း အခက်အခဲများကြားမှ ဆောင်ရွက်နေရလျက်ရှိပြီး နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်မှုပင်ဖြစ်ကြောင်း၊ ယခင်အစိုးရများလက်ထက်တွင် ပြည်ပမှထောက်ပံ့ငွေနှင့် ချေးငွေများရရှိခဲ့သော်လည်း မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှထောက်ပံ့ငွေနှင့် ချေးငွေများရရှိခြင်းမရှိကြောင်း၊ ထိုသို့သော အခက်အခဲများကြားမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် နိုင်ငံစီးပွားရေးမှာ တိုးတက်သင့်သလောက်တိုးတက်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်၍ ပြည်တွင်းစီးပွားမြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်ပမှထောက်ပံ့ကူညီမှုများကိုသာ မှီခိုအားထားခဲ့သည့် နိုင်ငံများအနေဖြင့် စီးပွားရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိမိတို့နိုင်ငံအတွက် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ယခုထက်အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများသည် ပြည်တွင်း စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ကြောင်း၊ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများကို အဆင့်မီစွာဆောင်ရွက်ခြင်းဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း။

အောင်မြင်သည့်ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ရန်အတွက် ထုတ်လုပ်သည့်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရန်နှင့် ထုပ်ပိုးမှုများအဆင့်မီအောင်ဆောင်ရွက်၍ သုံးစွဲသူများ စိတ်ပါဝင်စားမှုရှိလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရန်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေး ပိုမို ကောင်းမွန်ရန်လိုအပ်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်မှသာ မိမိတို့၏ထုတ်ကုန်ပစ္စည်း များဈေးကွက်ရရှိမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားကဏ္ဍများပါဝင်ပြီး ထုတ်လုပ်မှုရှိမှသာ ရောင်းဝယ်မှုရှိမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများစဉ်ဆက်မပြတ်ရရှိနိုင်မှသာလည်း ခိုင်မာသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အချို့နေရာများတွင် ကုန်ကြမ်းပစ္စည်းများရှားပါးမှု၊ ပြည်ပနိုင်ငံများမှ တင်သွင်းရန်ခက်ခဲမှုများကိုတင်ပြကြကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းနှင့် နိုင်ငံတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ခိုင်မာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အဓိကထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရန်၊ မြေဩဇာရရှိရန်၊ အောင်ရေများရရှိရန်နှင့် စိုက်နည်းစနစ် မှန်ကန်ရန်လိုအပ်ပြီး စနစ်တကျဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှုများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ ဒေသအတွင်းစားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီကို ပြည်ပမှတင်သွင်းနေရခြင်းမှ ပြည်တွင်းလိုအပ်ချက်ပိုလျှံသည်အထိထုတ်လုပ်၍ ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည်အထိ ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ရာဘာထုတ်လုပ်ခြင်းနှင့်ပတ်သက်၍လည်း ရာဘာကိုအခြေခံသည့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများတွင် ရာဘာ နှင့်ပတ်သက်၍ လူသုံးပစ္စည်းထုတ်လုပ်မှုများ များစွာဆောင်ရွက်နိုင်ကြောင်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူဆောင်ရွက်ခြင်းဖြင့် အသား ထွက်ရှိမှုအပြင် ထွက်ရှိလာသည့်သားရေများဖြင့်လည်း သားရေထည်လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ ဒေသအတွင်း ဆန်ဖူလုံမှုရှိစေရေး စပါးအထွက်နှုန်းများ တိုးတက်မှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲခြင်းများမပြုလုပ်စေလိုကြောင်း၊ ဒေသတွင်းစားရေးဖူလုံမှုရှိပါက အခြားဒေသမှ ဝယ်ယူစားသုံးရခြင်းမပြုရသည့်အတွက် ဒေသတွင်းငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး ဒေသတွင်းစီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှိပြီးသားစိုက်ပျိုးမြေများကို အကျိုးရှိစွာဖြင့် စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မြိတ်ခရိုင်အတွင်း ဆန်ဖူလုံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်းကို အားပေးကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ ထွက်ရှိလာသည့် ဇီဝမြေဩဇာများကို အကျိုးရှိစွာအသုံးချရန်လိုကြောင်း။

မြိတ်ဒေသတွင် မြစ်ချောင်းများပေါများခြင်းကြောင့် ဘဲမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်အောင်မြင်အောင်ဆောင်ရွက်၍ တန်ဖိုးမြှင့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ကြောင်း၊ အလားတူ ကြက်၊ ဝက် နှင့် နွားမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျမွေးမြူ၍ အထွက်နှုန်းကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် MSME ကုန်ထုတ်လုပ်များကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ မွေးမြူရေးထွက်ကုန် များပေါများလာမည်ဆိုပါက စားသောက်ကုန်များ ဈေးနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း။

 

ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်မှစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်ရေးအတွက် ခွင့်ပြုထားပြီးဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ နှောင့်ယှက်မှုများကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းများကြောင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုရှိကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ အရေးကြီးပြီး မြိတ်ဒေသတွင် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုဆောင်ရွက်၍ရနိုင်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။

 

လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကိုလည်း နိုင်ငံတော်မှ အတတ်နိုင်ဆုံး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ကိုယ်တိုင်လည်း တတ်နိုင်သမျှရင်းနှီးမြှုပ်နှံ၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေများ၊ ချေးငွေများနှင့် Non Trade များမှရရှိသည့် နိုင်ငံခြားငွေများဖြင့် အဓိကဖြည့်ဆည်း သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ကျဆင်းနေသည့် စီးပွားရေးပြန်လည်မြှင့်တင်ရေးအတွက် ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်၍ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်ရန်လိုကြောင်း။

ကုန်ထုတ်လုပ်မှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်း အမြစ်ကောင်းများလည်း လိုအပ်ကြောင်း၊ Skill Labour များရရှိရန်အတွက် ပညာ ရည်မြင့်မားသူများ လိုအပ်သဖြင့် မြိတ်ဒေသတွင်လည်း ပညာရေးကိုအားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ လူသားအရင်းအမြစ်များလုံလောက်စွာရရှိရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးသည် သစ်တောဖုံးလွှမ်းမှုများပြားပြီး ငါးသယံဇာတအတွက် အရေးကြီးသည့် ဒီရေတောဖုံးလွှမ်းမှုတွင်လည်း ကမ္ဘာ့အဆင့် ၃ နေရာတွင်ရှိကာ ရေသယံဇာတများပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ငါးပုစွန်မွေးမြူရေး လုပ်ငန်းများကြောင့် ဒီရေတောများကို ထိခိုက်မှုမရှိအောင်လည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းရှိပြီးဖြစ်သည့် အခြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြမည်ဆိုပါက လာမည့်နှစ်များအတွင်း မြိတ်ဒေသသည် များစွာတိုးတက်ပြောင်းလဲလာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုမှသည် တိုင်းပြည်၏ စီးပွားဖွံ့ဖြိုးတိုးတက်သည်အထိ အားလုံးမှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ရေလုပ်ငန်းထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက ်စိတ်ဝင်တစားဖြင့်လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment