Saturday, November 5, 2022

စိတ်ချလုံခြုံအဆင်ပြေစေရေး ဘဏ်စနစ်ဖြင့်အသုံးပြု


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် နိုင်ငံတိုးတက်လာမှုနှင့်အတူ ငွေကြေးသုံးစွဲမှုအပိုင်းတွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်လာသည်။ သို့သော် ဘဏ်စနစ်ကိုအခြေခံသည့် ငွေကြေး လှည့်ပတ်သုံးစွဲမှုအပိုင်းတွင် နိုင်ငံတစ်ဝန်း၌ လုံခြုံစိတ်ချမှု၊ စနစ်တကျဆောင်ရွက်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုများ၌ လိုအပ်ချက်များ ရှိနေသေးသည်။ ခိုင်မာအားကောင်းသည့် ဘဏ်စနစ်သည် ပြည်သူများ ငွေကြေးလှည့်ပတ် သုံးစွဲမှုအပိုင်း၌ လုံခြုံစိတ်ချမှုရှိပြီး လွယ်ကူအဆင်ပြေ လျင်မြန်ချောမွေ့စေသည်။

မျက်မှောက်ကာလတွင် နိုင်ငံရေးကိုအကြောင်းပြု၍ မသမာသူများက ဘဏ်စနစ်မခိုင်မြဲအောင်၊ တည်ငြိမ်မှု မရှိအောင် အမျိုးမျိုးအဖုံဖုံ ကြံစည်လုပ်ကိုင် ဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ငွေရေးကြေးရေး လုပ်ငန်းများ မတည်ငြိမ်အောင် ဆောင်ရွက်ပြီး ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးကမောက်ကမဖြစ်အောင် ဖန်တီးနေကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ငွေကြေးစီးဆင်းမှု မှန်ကန်ရေး၊ ကုန်သွယ်ရောင်းဝယ်မှု လုပ်ငန်းများ အဆင်ပြေစေရေးအတွက် ပိုမိုကောင်းမွန်သည့်အစီအမံများ ဆောင်ရွက်ပေးလျက်ရှိသည်။ အစောပိုင်းတွင် မသမာသူများက သွေးထိုးပေးပြီး ဘဏ်စနစ်မှထွက်ခွာရန် လှုံ့ဆော်ခဲ့သည်။ငွေကြေးများကို လက်ဝယ်တွင်ထားပြီး တရားမဝင်လုပ်ငန်းအမျိုးမျိုး ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ယခုအခါတွင် ပြည်သူများသည် လက်ရှိပကတိအခြေအနေများကို နားလည်သဘောပေါက်လာကြပြီး ဘဏ်စနစ် တွင် ပြန်လည်ပါဝင်လာကြပြီဖြစ်သည်။ ဘဏ်များကလည်း ပြည်သူများအပ်နှံထားသည့် ငွေကြေးများကို အဆင်ပြေစွာ ပြန်လည်ထုတ်ပေးနေပြီဖြစ်သည်။ ဘဏ်ငွေကြေးစနစ်သည် ပြည်သူတစ်ဦးချင်း လှည့်ပတ်သုံးစွဲ ငွေများအပြင် ရောင်းဝယ်ဖောက်ကား စီးပွားကူးသန်းမှုလုပ်ငန်းများတွင်ပါ လုံခြုံစိတ်ချပြီး အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးနိုင်သည်။ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု၌ လိုအပ်ချက်များရှိသေး၍ ဘဏ်စနစ်ဖြင့် တွင်ကျယ်စွာ အသုံးမပြုနိုင်သေးဘဲများသောအားဖြင့် ငွေသားစနစ်ဖြင့်သာ အသုံးပြုနေကြရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ငွေကြေးသုံးစွဲရာတွင် ဘဏ်စနစ်ဖြင့် အဆင်ပြေစွာ လှည့်ပတ်သုံးစွဲနေကြသည်။

မကြာသေးမီက ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာ နိုင်ငံနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ရာ မသမာသူများက မြန်မာနိုင်ငံအနေဖြင့် ပြည်ပငွေကြေး လွှဲပြောင်းရာတွင် အကျပ်အတည်းများရှိလာနိုင်ကြောင်း မဟုတ်မမှန်သတင်းများထုတ်လွှင့်ကာ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်အောင် ပြုလုပ်ခဲ့သည်။ အဖျက်မီဒီယာများနှင့် မသမာသူများက မဟုတ်မမှန် သတင်းများကိုထုတ်လွှင့်ကာ နိုင်ငံခြားငွေကြေး၊ ရွှေဈေး၊ စက်သုံးဆီဈေးနှုန်းများ မတည်ငြိမ်အောင် ပြုလုပ်ကြသည်။ နိုင်ငံရေးသမား၊ နိုင်ငံရေးတောကြောင်များနှင့် မသမာသူ ဝိသမလောဘသမားများ၏ ဖန်တီးမှုကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့ရသည်။

ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (FATF) သည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက် လုပ်ငန်းများ၏ ငွေကြေးစီးဆင်းမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် အဖျက်စွမ်းအားပြင်း လက်နက်များ ပြန့်ပွားစေရေးနှင့်ပတ်သက်၍ ငွေကြေးစီးဆင်းမှုနှင့် စီမံခန့်ခွဲမှုကို တားဆီးပိတ်ဆို့ရေးလုပ်ငန်းများ ဆောင်ရွက်သောအဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံသည် FATF အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ဒေသတွင်း၌ FATF ပုံစံဖွဲ့စည်းထားသော အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့တွင် ပါဝင်သည့်အတွက် FATF က စောင့်ကြပ်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ အဓိကမှာ တရားမဝင်ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ငန်းများတွင် ငွေကြေးစီးဆင်းမှုနှင့် အဖျက်စွမ်းအားပြင်းလက်နက် စသည့်တရားမဝင်ကိစ္စများကို ရည်ရွယ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသည်။

အဆိုပါကိစ္စရပ်များမှာ နယ်စပ်ဖြတ်ကျော်ဆောင်ရွက်သော လုပ်ငန်းများဖြစ်၍ နယ်စပ်ကုန်သွယ်မှု ငွေကြေးစီးဆင်းမှုအပိုင်းတွင် လုံခြုံစိတ်ချမှုရှိစေရန်အတွက် သက်ဆိုင်ရာက ဘဏ်စနစ်ဖြင့် စနစ်တကျစီမံခန့်ခွဲမှုကို ဆောင်ရွက်ခဲ့သည်။ သွင်းကုန်တင်သွင်းသူများအတွက် ပို့ကုန်မှရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများကိုအခြေခံ၍ တင်သွင်းခွင့်ပြုမည့်အစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆောင်ရွက်နေပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အစီရင်ခံစာအပေါ် လိုက်နာဆောင်ရွက်မှု ပိုမိုအားကောင်းစေမည် ဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်ရေး၌ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေပေးချေမှုစနစ်များ အောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖြစ်ထွန်းလာရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး၌ လုံခြုံစိတ်ချမှု ရှိပြီး လွယ်ကူချောမွေ့စေမည့် ဘဏ်စနစ်ကို ပိုမိုခိုင်မာအားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်ပြီး ငွေကြေးစီးဆင်းမှု လုံခြုံချောမွေ့မှုရှိအောင် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment