အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်း အဖြစ်တည်ရှိနေရာ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည်။ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့်အလျောက် နိုင်ငံတော်ကအလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ သေး၊
ငယ်၊ လတ် စီးပွားရေးလုပ်ငန်း(MSME)များမှာ ယှဉ်ပြိုင်နိုင်စွမ်းအားနည်းလျက်ရှိပြီး
မိမိတို့၏ပြည်တွင်းဈေးကွက်ကို အိမ်နီးချင်းနိုင်ငံအချို့မှ MSME ထုတ်ကုန်များစွာက ဝင်ရောက်နေရာယူထားကြသည်ကို
တွေ့ရမည်ဖြစ်သည်။ မြန်မာ MSME အများစုမှာ မိရိုးဖလာပုံစံမျိုး အစဉ်အလာအတိုင်းထုတ်လုပ်နေကြပြီး
စီမံခန့်ခွဲမှု၊ အရည်အသွေးထိန်းသိမ်းမှု၊ လုပ်ငန်းကျွမ်းကျင်မှု အားနည်းချက်များစွာရှိနေကြောင်း၊
နည်းပညာနှင့် တီထွင်ဆန်းသစ်မှုတို့တွင်လည်း လိုအပ်ချက်များရှိကြောင်းဖြင့်လည်း ပညာရှင်များကထောက်ပြခဲ့ကြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး
(၁/၂၀၂၂)တွင် အဆိုပါလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက်
MSME များ၏ အခန်းကဏ္ဍသည် များစွာ အရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများလည်ပတ်နေရန်
အထူးလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏အားသာချက်ပေါ် အခြေခံပြီးအသုံးချတတ်မည်ဆိုပါက
အခွင့်အလမ်းကောင်းများရရှိလာနိုင်ကြောင်း၊ အခွင့်အလမ်းအနေဖြင့် တစ်ကမ္ဘာလုံးတွင် စားသောက်ကုန်ဆိုင်ရာထုတ်ကုန်များ
လိုအပ်နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊
ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့ တန်ဖိုးမြှင့်ကွင်းဆက်နှင့်
အပြည်ပြည်ဆိုင်ရာပူးပေါင်းထုတ်လုပ်မှုကွန်ရက်များသို့ ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း”
ပြောကြားခဲ့သည်။ ထို့အပြင် MSME များအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့်
ဒစ်ဂျစ်တယ်နည်းပညာကို မဖြစ်မနေသုံးစွဲနိုင်ရန် လိုအပ်လာပြီဖြစ်ကြောင်းဖြင့်လည်း ထောက်ပြခဲ့သည်။
ကိုဗစ်-၁၉ကပ်ရောဂါ တစ်ကမ္ဘာလုံးတွင်ရိုက်ခတ်ခဲ့ပြီး
ကမ္ဘာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲများအတွင်း ကမ္ဘာ့ဈေးကွက်ကစားသောက်ကုန်ဆိုင်ရာထုတ်ကုန်များကို
တောင်းဆိုလာသည်။ ဤသည်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သားငါးကဏ္ဍထုတ်ကုန်များ ထုတ်လုပ်နိုင်သောရေခံ
မြေခံကောင်းကိုပိုင်ဆိုင်ထားသည့် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းပင်ဖြစ်သည်။ ယခင်က
လယ်ယာသားငါးထုတ်ကုန်များကို ကုန်ကြမ်းအဖြစ်ဖြင့်သာ ပြည်ပသို့တင်ပို့နေရာမှ တန်ဖိုးမြှင့်ကုန်ချောများ၊
ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ကာ ကမ္ဘာ့ဈေးကွက်သို့
ဝင်ရောက်နိုင်ရန်ကြိုးပမ်းကြရမည်ဖြစ်သည်။ အရည်အသွေးထိန်းသိမ်းမှု၊ နည်းပညာပံ့ပိုးမှု၊
ရင်းနှီးမြှုပ်နှံဖြည့်တင်းပေးမှု၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ ကျွမ်းကျင်လုပ်သား လေ့ကျင့်မှုတို့အပါအဝင်
အခြေခံအဆောက်အအုံပိုင်း၊ လောင်စာစွမ်းအင်ပိုင်းတို့ ဖြည့်ဆည်းပေးသည်နှင့်အမျှ MSME
လုပ်ငန်းရှင်တို့က ဥစ္စာရင်လို ဥစ္စာရင်ခဲကြိုးပမ်းအားထုတ် ခြင်းဖြင့် သေး၊ ငယ်၊ လတ်
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့်အတူ မြန်မာ့စီးပွားရေးတိုးတက်ပွင့်လန်းမည်ဟု
ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
No comments:
Post a Comment