ညွန့်ဟံ(ကြူတော)
“စာမတတ်လို့ စာကိုသင်၊ စာကိုသင်မှ မိုက်မှန်းသိ” ဆိုသည့် ဆရာကြီးမင်းသုဝဏ်တို့လက်ထက်က အမှတ်အသားသည် ခေတ်မတိမ် နည်းမှီရဆဲဖြစ်လေသည်။ စာမတတ်ခဲ့သဖြင့် စာသင်တတ်မြောက် စာဖတ်နိုင်သည့်အခါ တစ်ချိန်က မိုက်မှားခဲ့သည်တို့ကို နောင်တရကြောင်း ရိုးရှင်းစွာ ဆိုပေသည်။ တစ်ချိန်က ကိုလိုနီစနစ်ကြောင့် မြန်မာများ စာမတတ်ခဲ့ရသည်ကို အတော်ပင် ကုစားခဲ့ရသည်။ အထူးသဖြင့် ၁၉၇၀ ဝန်းကျင်တွင် လူတိုင်းစာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတစ်ဝန်း ကြိုးပမ်းခဲ့ပေရာ အောင်မြင်မှုရသည့်အပြင် နိုင်ငံတကာဆုကိုပါ နှင်းအပ်ခြင်းခံရသည်။
စာတတ်ခြင်း၊ စာဖတ်ခြင်း စာပေ၌မွေ့လျော်ခြင်းအသုံးချစာပေတွင်
မြှုပ်နှံခြင်း စသည်တို့ကား ဆက်စပ်ပေသည်။ ထိုအစုအစဉ်များကို မြန်မာနိုင်ငံက ဖြတ်ကျော်နိုင်ခဲ့သည်။
ယခုအခါ ပုံနှိပ်မီဒီယာလောက၌ ခေတ်မီနည်းပညာဖြင့် အရည်အသွေးကောင်းစာအုပ်တွေ ဒုနှင့်ဒေး
ပေါ်ထွက်နေပေသည်။ ပြုစုသူ၊ တည်းဖြတ်သူ၊ ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူ၊ စာပေလေ့လာသူတို့၏
ဟန်ချက်ညီညွတ်ခြင်းရလဒ်ဟု ဆိုရန် ရှိလေသည်။
၁၉၇၀ ကမ္ဘာ့အခြေအနေကို ပြန်ကြည့်ပါက လူဦးရေတိုးတက်နှုန်းနှင့်
စာအုပ်ထုတ်ဝေရေး အချိုးအစား ကွာဟသည်ဟု ဆို၏။ ထိုစဉ်က အာရှအာဖရိက၊ လက်တင်အမေရိက စသော
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ ၂၀ ရာခိုင်နှုန်းမျှသာ စာအုပ်ဖတ်ရှုခွင့်ရကြပြီး
ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ စာဖတ်သည့်အလေ့ အထလျော့နည်းကြသည်ဟုဆိုသည်။ ထို့ကြောင့်
လူတိုင်းစာဖတ်သည့် အလေ့အထ ပျိုးထောင်ရေးအတွက် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးက စဉ်းစားလာသည်။
စာအုပ်စာပေတန်ဖိုးကို သိမြင်ပြီး သုတ၊ ရသနယ်ပယ်၌ မွေ့လျော်ခွင့်ဖန်တီးရန် ဖြစ်၏။
နိုင်ငံတကာစာအုပ်နှစ်
သို့ဖြင့် ၁၉၇၀ ပြည့်နှစ်ကပင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီး(ယူနက်စကို)က ၁၉၇၂ ခုနှစ်ကို နိုင်ငံတကာ စာအုပ်နှစ်အဖြစ် ပြဋ္ဌာန်းခဲ့သည်။ စာပေလှုပ်ရှားဖွံ့ဖြိုးရေး
ဦးတည် ချက်ဖြစ်ရာ မြန်မာနိုင်ငံကလည်း နိုင်ငံတကာစာအုပ်နှစ် အမျိုးသားကော်မရှင် အဖွဲ့အစည်းက
ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည်။ အရှိန်အဟုန်ကောင်းပြီး
အောင်မြင်မှု ကြီးမားခဲ့လေသည်။ ထိုအချိန်က ပညာရေး၊ ပြန်ကြားရေး၊ စာပေရေး၌ ထင်ရှားသူတို့၏
အားမာန်ကိုလည်း တွေ့ရပေရာ တတ်စွမ်းသမျှ တင်ပြချင်ပါ၏။
နိုင်ငံတကာစာအုပ်နှစ် (International Books Year 1972)အတွက် ယူနက်စကိုမှ
ပြဋ္ဌာန်းသည့် ဆောင်ပုဒ်မှာ Books For All ဖြစ်လေသည်။ ယင်းဆောင်ပုဒ်ကို
စာအုပ်နှစ် စီစဉ်အကောင် အထည်ဖော်သည့် ကော်မရှင်ကဘာသာပြန်ဆို လုံ့လပြုစေသည်။ မည်သူမဆို
ဘာသာပြန်နိုင်ကြောင်း၊ ဆုကြေးကျပ် ၁၀၀ ဖြစ်ကြောင်း၊ ထို့ပြင် ပိုစတာပြိုင်ပွဲ အတွက်
ကျပ် ၃၀၀ ဖြစ်ကြောင်း ထုတ်ပြန်သည်။
စာရေးသူသည် ထိုစဉ်က စာပေနယ်တွင် ဝင်ဆံ့မှုမရှိသေးသော်လည်း
စိတ်ဝင်စားမိသည်။ မူရင်းဆောင်ပုဒ်က အက္ခရာသုံးလုံး၊ အဓိပ္ပာယ်က လွယ်ကူသည်။ လက်တွေ့စိတ်ထဲက
ဘာသာပြန်ကြည့်၏။ တိုက်ရိုက်ဖြစ်စေ၊ ဆီလျော်အောင်ဖြစ်စေ၊ ပြန်ဆိုနိုင်သည်ဟု ဆိုသော်လည်း
ထိမိ၏။ ဉာဏ်ရည် ဉာဏ်သွေးက လိုက်မမီ၊ စိတ်ကူးထဲက ပြန်ဆိုချက်က ပေါ်လွင်မှုမရှိ။
စာအုပ်စာပေ လူ့မိတ်ဆွေ
ယင်းအချိန်တွင် ဆုရဆောင်ပုဒ် အမည် ထုတ်ပြန်သည်။ “Books For All စာအုပ်စာပေ
လူ့မိတ်ဆွေ” ဟူ၍ ဖြစ်လေသည်။ အလွန်ပင်ဆီလျော်လှ၏။ ပြန်ဆိုသည့်သူက
မြန်မာ့သစ်လုပ်ငန်းမှ ဦးမောင်မောင်ဆိုသူဖြစ်ကြောင်း မှတ်သားရသည်။ ယခုတိုင် ခိုင်မာသောဆောင်ပုဒ်၊
ရှေ့အဖို့၌လည်း အသုံး တွင်ကျယ်နေမည်ဟု ခန့်မှန်းရသည်။ ယခုဆိုလျှင် ဆောင်ပုဒ်သက်တမ်းမှာ
(၁၉၇၂-၂၀၂၂) ဖြစ်လေရာ နှစ်ငါးဆယ်
ရွှေရတုတိုင်ပေပြီ။
၁၉၇၂ ခုနှစ် နိုင်ငံတကာစာအုပ်နှစ် လိုဂိုမှာ ဖြန့်ထားသည့်
စာအုပ်ပေါ်တွင် အားကောင်းမောင်းသန် အမျိုးသားနှစ်ဦး ညီညာစွာ လက်ဆန့်တန်းနေပုံဖြစ်၏။
ယင်းလိုဂိုဖြင့် စာအုပ်များစွာ ထွက်ခဲ့ကြောင်း စာအုပ်လောကမှတ်တမ်း လှန်လှောခြင်းဖြင့်
သိနိုင်ပေသည်။
ပညာလောကစာစောင်
နိုင်ငံတကာ စာအုပ်နှစ် ၁၉၇၂ အတွက် ပညာရေးဝန်ကြီးဌာနက ပညာလောကစာစောင်ကို
သတ်မှတ်သည့် လိုဂိုဖြင့် အထူးထုတ်ဝေပေရာ အမှတ်ရဆဲဖြစ်၏။ ယင်းစာအုပ်ထဲမှ ပညာရေးနှင့်
ပြင်ပပညာရှင်ကြီးများ၏ စာအုပ်စာပေ စူးစမ်းသုတေသနပြုစာတမ်းများကား လေးနက်၏။ ခေတ်အဆက်ဆက်
နည်းမှီရ၏။ အချို့အမည်အရည်ကို တင်ပြပါသည်။ ဆရာကြီး ဦးသန်းဦး၏ “လူသားအားလုံးအကျိုးအတွက်စာအုပ်”၊ ဦးဘလှအောင်၏ “စာအုပ်ဟူသည်”၊ တက္ကသိုလ်ထင်ကြီး၏ “ပုံနှိပ်လုပ်ငန်းနှင့်မြန်မာနိုင်ငံ”၊ ပါမောက္ခ ဦးမောင်မောင်ကြီး၏
“မြန်မာစာပုံနှိပ် ထုတ်ဝေမှု”၊ ဦးသော်ကောင်း၏
“စာအုပ်အကြောင်းနိဒါန်း”၊ မောင်ထင်၏
“မြန်မာနိုင်ငံသတင်းစာ သမိုင်းအညွှန်း”၊ ဦးသန်းထွတ်(တိုက်စိုး)၏ “မြန်မာနိုင်ငံ စာကြည့်တိုက်စာရင်း”၊ ဦးထင်ကြီး၏ “အမှောင်ခွင်းနေသော စာပေဗိမာန်”၊ ဦးမြင့်ကြွယ်၏ “မြန်မာနိုင်ငံနှင့် နိုင်ငံတကာစာအုပ်နှစ်”
စသည်တို့ဖြစ်၏။ ရှားပါးအကြောင်းရပ်များကို Books For All
အဖြစ် ရှုမြင်ရပါ၏။ ထိုအချိန်က စာပေလှုပ်ရှားမှုများက အံ့မခန်း ဖြစ်သည်။
စာရေးသူသည် စာပေဘာသာရပ် အဓိကဘွဲ့ကြိုကာလဖြစ်ရာ လှုပ်ရှားမှုစာတမ်းဖတ်ပွဲများ၊ ပြခန်းများဆီသို့
နေ့စဉ်ရောက်ခဲ့သည်။
ထူးခြားသည့် ဖြစ်စဉ်ရှိခဲ့သည်။ နိုင်ငံတကာစာအုပ်နှစ် ၁၉၇၂
ကျင်းပရက် လျာထားမှုဖြစ်၏။ ထိုနှစ် ဒီဇင်ဘာ ၆ ရက်သည် စာဆိုတော်နေ့ ကျရောက် သည်။ ယင်းနေ့ကို
ဗဟိုပြုလျက် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပခြင်းဖြစ်သည်။
ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား များစွာသော စာပေချစ်သူ တို့၏ပွဲ ဖြစ်လေသည်။
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆောင်ပုဒ်အတွက် စာအုပ်နှစ်တွင်
ပြန်ကြားရေးဝန်ကြီးဌာနက လှုပ်ရှားမှု အများဆုံး ပြုလုပ်ခဲ့သည့် ဂျူဗလီဟော၌ကျင်းပသော
စာတမ်းဖတ်ပွဲများက ထူးခြားထင်ရှားပေသည်။ “ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာဆောင်းပါး၊ ပြဇာတ်၊ ဘာသာပြန်၊
ပန်းချီစာအုပ်သရုပ်ဖော်၊ ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ စာဖတ်သူ စသည့် ဘာသာရပ် ၁၈ မျိုးကို
ပညာရှင် ၃၆ ဦးက သုတ၊ ရသစုံလင်စွာ ဖတ်သည်။ မေးမြန်း ဖြေကြားခြင်းပြုကာ စာအုပ်သုံးတွဲ
ထုတ်ဝေခဲ့ရာ ယခုတိုင် အားထားမှီငြမ်း ရဆဲ၊ အသုံးပြုရဆဲ ဖြစ်လေသည်။ စာရေးသူ မှတ်မှတ်ရရ
သိမ်းဆည်းထား ဆဲ၊ နည်းမှီဆဲဟု ဂုဏ်ယူစွာ ပြောလိုပေသည်။
လက်ရေးစာမှတ်တမ်းပြပွဲ
ထို့ပြင် အင်ဗွိုင်းခန်းမ၌ကျင်းပသော စာအုပ်ဓာတ်ပုံ၊ လက်ရေးစာမှတ်တမ်းပြ
ပွဲက ထူးခြားပါ၏။ ရှားပါးလက်ရာများဖြစ်ကာ ပရိသတ်စိတ်ဝင်စားကြသည်။ အထူးသဖြင့် ရှေးပညာရှိကြီးများ၏
လက်ရေးမူနှင့် အတွေးအခေါ်များကိုပါ စုဆောင်းပြသပါ၏။ ယခုအမျိုးသားပညာဝန် ဦးဖိုးကျား၏
အတွေးအယူ လက်ရေးမူကို ဖော်ပြပါသည်။
အမျိုးသားပညာဝန် ဦးဖိုးကျား၏ စာပေအယူအဆ လက်ရေးမူ စာတိုလေးကို
ဖော်ပြပါအတိုင်း တွေ့ရသည်။
“စာရေးခြင်းဖြင့် တိုင်းနှင့်တကွ အများချမ်းသာအောင်
ဆောင်ရွက်နိုင်သည်ဟု ကျွန်တော် မြဲမြံစွာ ယုံကြည်၏။ ထို့ကြောင့်လည်း မိမိစွမ်းဆောင်သမျှ
စာအုပ်ဆယ်အုပ်ခန့် ရေးထုတ်ခဲ့၏။ အသင့်အတန် အကျိုးရှိသည်ကိုလည်း သိရ၏။ ထို့ကြောင့် စာရေးအတတ်
ဖွံ့ဖြိုးခြင်းကို အလိုရှိ၏။”
ဖိုးကျား၊ ၁ -၂ - ၃၉
အတိတ်ကို ပြန်လည်တမ်းတမိချင်ပါသေး၏။ စာအုပ်နှစ်အထိမ်းအမှတ်
စာအုပ်၊ စာစောင်၊ မဂ္ဂဇင်းများစွာ ပေါ်ထွက်ခဲ့ရာတွင် ကျွန်တော်၏ဆရာ ဦးမျိုးသန့်(မောင်ဆုရှင်)နှင့် မောင်ပေါ်ထွန်းတို့ ပြုစုသော “စာအုပ်ဟူသည်”
စာအုပ်နှင့် မန္တလေးမှ လူထုဦးလှ၊ ဒေါ်အမာတို့ ဦးစီးထုတ်ဝေခဲ့သည့်
“လူ့မိတ်ဆွေ”စာအုပ်များကား မော်ကွန်းထိုးလောက်ပါ၏။
နှစ် ၅၀ ကာလအတွင်း မရိုးနိုင်သော စာတမ်းများ၊ စာပေများကား စာပေထုတ်ကုန်အဖြစ် ခေတ်မတိမ်နိုင်။
မရိုးနိုင်သော ဤဆောင်ပုဒ်
စာအုပ်စာပေ လူ့မိတ်ဆွေဆောင်ပုဒ် ၁၉၇၂-၂၀၂၂ နှစ် ၅၀ ရွှေရတုသက်တမ်းကား
ခရီးရှည် ရာစုနှစ်တစ်ဝက် ဖြတ်သန်းခဲ့ပြီးလေပြီ။ စာပေနှင့်မကင်းနိုင်သူတို့အဖို့ မရိုးနိုင်သော
ဤဆောင်ပုဒ်ကို အသုံးပြုကာ အရည်အသွေးမီ အဆင့်အတန်းမြင့်စာပေများ ဖန်တီးကြဖို့သာဖြစ်၏။
နည်းပညာခေတ်တွင် စာပေဖွံ့ဖြိုးရေးအတွက် ပုံနှိပ်မီဒီယာလောက ၏အတွေးအမြင်၊ သုတပညာ၊ ရသခံစားမှုများကို
အားထည့်ဖန်တီးကြရမည်။ တာဝန်အလျဉ်မပြတ် ရှိနေပါဦးမည်။
မည်သို့ပင်ဖြစ်စေ စာအုပ်စာပေ လူ့မိတ်ဆွေဆောင်ပုဒ် ရွှေရတုတွင်
စာပေကို နှလုံးသားထဲ စွဲမြဲကြသည်ဟု ယုံကြည်ပါသည်။ မပြောင်းလဲနိုင်သော စာပေအတွေး ပုံရိပ်ကြောင့်ဟု
ကောက်ချက်ချချင်ပါသေး၏။ သေချာသည်မှာ စာပေသည် လောကကိုအလှဆင်ကာ လူတို့အား အစဉ်ကောင်းကျိုးပြုနေခြင်းဖြစ်ပေသည်။ ။

No comments:
Post a Comment