ဘားအံ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက
ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍
အချိန်မီပြီးစီးရန်နှင့်သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရန်လိုအပ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများ
အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး ဌာနဆိုင်ရာအကြီးအကဲများ၏ စိတ်ပါဝင်စားမှု တွန်းအားပေးဆောင်ရွက်မှုတို့မှာအရေးကြီးပြီး
၎င်းတို့မှတာဝန်ခံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဘဏ္ဍာငွေထုတ်ယူသုံးစွဲခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို
သုံးသပ်ကြည့်မည်ဆိုပါက စီမံကိန်းကာလ၏ သုံးပုံနှစ်ပုံခန့်ကုန်ဆုံးသွားပြီဖြစ်သည့်အတွက်
စီမံကိန်းလုပ်ငန်းများသည်လည်း သုံးပုံနှစ်ပုံဖြစ်သော ၆၆ ရာခိုင်နှုန်းခန့်ပြီးစီးရန်လိုကြောင်း၊
စီမံကိန်းများအပြည့်အဝအကောင်အထည်ဖော်နိုင်ရေး နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများ ပြန်လည်အပ်နှံခြင်းမပြုလုပ်ကြရန်နှင့်
ရန်ပုံငွေထုတ်ယူသုံးစွဲရာ၌ သတ်မှတ်ကာလအတွင်း တိတိကျကျထုတ်ယူသုံးစွဲကြစေလိုပြီး အကျိုးရှိရှိအသုံးချကြဖို့လိုကြောင်း၊
ရငွေသည် သုံးငွေထက် ပိုမိုရမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ လျာထားသည့်ရငွေများကို
ပြည့်မီကျော်လွန်အောင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေများကို
ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေနှင့်အညီ လုပ်ငန်းများဆောင်ရွက်နိုင်ပြီး
ဖြည့်စွက်ခွင့်ပြုသည့်သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏စီမံကိန်းလုပ်ငန်းများ
ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း
ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက
ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဒေသန္တရစီမံကိန်းရင်းနှီးမြှုပ်နှံမှုလျာထားချက်၊
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် အောက်တိုဘာလကုန်အထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေနှင့်
ပြီးစီးမှုရာခိုင်နှုန်း၊ ငွေကြေးထုတ်ယူသုံးစွဲမှုနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊
ဘဏ္ဍာရေးနှစ်၏ ပထမ(၆)လအတွင်း ယာယီရငွေနှင့်သုံးငွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများကို
ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ်
ပေါင်းစပ်ညှိနှိုင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ခွင့်ပြုရန်ပုံငွေနှင့်ပတ်သက်ပြီး
သတ်မှတ်ကာလ(၄)လအတွင်း အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာဌာနများမှ တွန်းအားပေးဆောင်ရွက်ကြရန်
လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
No comments:
Post a Comment