ဒေါ်စန္ဒာခင်၊ ဝဏ္ဏကျော်ထင်ဘွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသောပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီအောင် မြင်စွာတီထွင်ဖန်တီး စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံလ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြသော နိုင်ငံခြားခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များနှင့် ပုဂ္ဂိုလ်များကို ထိုက်တန်သောဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီဖြစ်သည်။
ထို့သို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ
ပေးအပ်ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များ၏ ဝမ်းသာပီတိစကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
ဒေါ်ဒေစီကျော်ဝင်း၊
အနုပညာထူးချွန်တံဆိပ်(ဒုတိယဆင့်) သရုပ်ဆောင်
နိုင်ငံတော်က အခုလိုဆုချီးမြှင့်လို့
ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ အနုပညာအလုပ်ကို ၁၉၆၂ ခုနှစ်က စတင်လုပ်ခဲ့တာပါ။ ကိုဝင်းဦးက
မင်းသားလုပ်ချင်တော့ ကျွန်မအမေဆီကိုလာပြောတယ်။ ကျွန်မတို့မှာ မြတ်မော်ဦးကုမ္ပဏီရှိပါတယ်။
ဇာတ်လမ်းကို သူယူလာပါတယ်။ သူကရိုက်မယ်ဆိုတာနဲ့ ဒါရိုက်တာဦးတင်ယုနဲ့တင်တော့ အမေကလည်း
သဘောတူပြီးရိုက်ဖြစ်သွားပါတယ်။ သမီးနေရာမှာသရုပ်ဆောင်ဖို့ လူလိုနေတဲ့အတွက် ကိုယ်ပိုင်
ထုတ်လုပ်သူဆိုတော့ ပိုက်ဆံအကုန်အကျနည်းအောင်လုပ်မယ်ဆိုပြီး ဒါရိုက်တာဦးတင်ယုက ကိုယ့်သမီးအရင်းရှိနေတာပဲ
ထည့်ရိုက်လို့ဆိုပါတယ်။ ကျွန်မက ရုပ်ရှင်ရိုက်ဖို့အစီအစဉ် မရှိသလို ဝါသနာလည်းမပါပါဘူး။
ဒါပေမယ့် သမီးအခန်းလိုတယ်ဆိုတော့ ဝင်ရိုက်ဖြစ်သွားတာပါ။ ဝင်ရိုက်ဖြစ်ရင်း အခြားကုမ္ပဏီတွေက
လာငှားရင်းမင်းသမီးဖြစ်လာတာပါ။ အဖေကမြန်မာပြည်မှာ ပထမဦးဆုံးအကယ်ဒမီရပါတယ်။ အမေလည်းအကယ်ဒမီရတယ်။
ကျွန်မလည်းအကယ်ဒမီရတယ်။ အခုလို ဆုချီးမြှင့်တဲ့အချိန်မှာ သူတို့မရှိတော့ စိတ်လည်း မကောင်းပါဘူး။
ဝမ်းနည်းဝမ်းသာပေါ့။ ကျွန်မအနေနဲ့ အခုလိုသက်ရှိထင်ရှားရှိတဲ့အချိန်မှာ ဆုချီးမြှင့်ခံရတော့
ဝမ်းသာပီတိဖြစ်ရပါတယ်။
ဦးထွန်းထွန်းဝင်း၊
အနုပညာထူးချွန်တံဆိပ်(ဒုတိယဆင့်) သရုပ်ဆောင်
ကျွန်တော် တက္ကသိုလ်ဒုတိယနှစ်လောက်က ရုပ်ရှင်မင်းသားရွေးတယ်ဆိုပြီး
ကုမ္ပဏီကခေါ်တော့ “ဘယ်ဆုတောင်းမလဲချစ်သူ” ဆိုတဲ့ဇာတ်ကားနဲ့
ဇော်လင်း၊ ထွန်းထွန်းဝင်း၊ ခင်းသန်းနုဆိုပြီး ရွေးချယ်ခံရပါတယ်။ အဲဒီကစပြီး ရုပ်ရှင်လောကကိုခြေချခဲ့တာပါ။
၂၂ နှစ်အရွယ်လောက်က မင်းသားဖြစ်ခဲ့တာဆိုတော့ အခုဆို ရုပ်ရှင်အနုပညာသက်တမ်း နှစ် ၅၀
ကျော်လာပါပြီ။ အသက်ကလည်း ၇၃ နှစ်ထဲကိုရောက်ပါပြီ။ သရုပ်ဆောင်အတတ်ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။
အခြားစီးပွားရေးတွေလည်းမရှိပါဘူး။ ရုပ်ရှင်ကိုတော်တော်ဝါသနာပါတဲ့အတွက် အမူအရာလုပ်ရရင်
အမြဲတမ်းသဘောကျပါတယ်။ ကင်မရာရဲ့နောက်ကွယ်က ညွှန်ကြားတာ ထက်စာရင် ကင်မရာရှေ့မှာအမူအရာလုပ်ရတာကို
အင်မတန်မှသဘောကျပါတယ်။ ဒီလိုရိုက်ရင်းနဲ့ ကိုယ့်ရဲ့လှုပ်ရှားမှုတွေများလာတော့ အခုလိုအသိအမှတ်ပြုပြီး
ချီးမြှင့်ခြင်းခံရတယ်လို့ ထင်ပါတယ်။
ဒါရိုက်တာ
အေဝမ်းသိန်းထွဋ်၊ အနုပညာထူးချွန်တံဆိပ်(တတိယဆင့်) ဒါရိုက်တာ၊ အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
ကျွန်တော့်အနေနဲ့ ဘာမှမျှော်လင့်ထားတာမရှိခဲ့ပါဘူး။
ကိုယ့်အနုပညာအပေါ်မှာ ငယ်ငယ်ကတည်းကလုပ်လာရတဲ့ ကိုယ်ရဲ့သမိုင်းပေးတာဝန်တစ်ခု လုပ်နေရတာပဲဖြစ်ပါတယ်။
ဒါကလည်း အေဝမ်းမိသားစုအမွေအနှစ်အနေနဲ့လုပ်တဲ့အပေါ်မှာ အခုလို အသက်အရွယ်ရလာတဲ့ အချိန်
ရုပ်ရှင်အနုပညာထူးချွန်ဆုဆိုပြီး ကိုယ့်ကိုသတ်သတ်မှတ်မှတ် ချီးမြှင့်တယ်ဆိုတော ့ဒီအသက်အရွယ်ရောက်လာမှ
ကျားကန်ပေးလိုက်တယ်လို့ပဲခံစားရပါတယ်။
ဒေါက်တာချစ်၊
စာပေထူးချွန်တံဆိပ်(ဒုတိယဆင့်) စာရေးဆရာ
ကျွန်တော်ရတဲ့ဆုက စာပေထူးချွန်ဆု(ဒုတိယဆင့်)
ဖြစ်ပါတယ်။ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်သည်ဆိုတဲ့
သတင်းကိုကြားလိုက်တဲ့အချိန်မှာ ဝမ်းသာပီတိဖြစ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နောက်ဆက်ပြီး
နားထောင်လိုက်တော့ ဘွဲ့တံဆိပ်အမျိုးအစားပေါင်း ၂၆ မျိုးကျော်၊ လူပုဂ္ဂိုလ်က ၁၀၉၉ ဦးကို
ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေချီးမြှင့်မယ်ဆိုတော့ ဝမ်းသာပီတိပိုဖြစ်ရပါတယ်။ ဒီအထဲမှာ
သက်ရှိထင်ရှားရှိနေတဲ့ လူပုဂ္ဂိုလ်တွေသာမက ကွယ်လွန်ပြီးဖြစ်တဲ့ လူပုဂ္ဂိုလ်တွေကိုပါ
ဘွဲ့တံဆိပ်ချီးမြှင့်တယ်ဆိုတော့ သူတို့ရဲ့မိသားစုဆွေမျိုးတွေပါ အံ့ဩဝမ်းသာနေကြမယ်ဆိုတာ
တွေးပြီးဝမ်းသာရပါတယ်။
ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်က စာပေထူးချွန်ဆုရတယ်။
ကျွန်တော့်သမီးအကြီး မစန္ဒာခင်ကလည်း ဝဏ္ဏကျော်ထင်ဘွဲ့ရတဲ့အတွက် မပြောပြနိုင်လောက်အောင်
ဝမ်းသာပါတယ်။ အရင်ကလည်းပဲ အမျိုးသားစာပေဆုပေးပွဲမှာ ၂၀၀၈ ခုနှစ်တုန်းက ကျွန်တော်တို့
သားအဖနှစ်ယောက် အတူတူဆုရခဲ့ဖူးပါတယ်။ ဝမ်းသာပီတိဖြစ်ပါတယ်။ အဲဒီတုန်းက ဝမ်းသာပီတိဖြစ်တာထက်
အခုတစ်ကြိမ်ဖြစ်တဲ့ဝမ်းသာမှုက ပိုမိုပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။ အထူးသဖြင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အထူးကျေးဇူး တင်ပါတယ်။
ဒေါ်စန္ဒာခင်၊
ဝဏ္ဏကျော်ထင်ဘွဲ့ ဒုတိယဝန်ကြီး(ငြိမ်း)၊ ယဉ်ကျေးမှုဝန်ကြီးဌာန
အခုကျွန်မချီးမြှင့်ခံရတဲ့ ဘွဲ့တံဆိပ်ကတော့
ဝဏ္ဏကျော်ထင်ဘွဲ့ဖြစ်ပါတယ်။ ဒီဘွဲ့နဲ့ ပတ်သက်တယ်ဆိုရင်တော့ အများပြည်သူတို့ရဲ့ ကောင်းရာကောင်းကြောင်းကို
ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာဆောင်ရွက်ခြင်းအတွက် ဝဏ္ဏကျော်ထင်ဘွဲ့ကိုချီးမြှင့်တယ်လို့
ကျွန်မအနေနဲ့သိရှိမှတ်သားရပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံဝန်ထမ်းအဖြစ် အသက် ၂၄ နှစ်ကစပြီး
ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအောက်မှာ အချိန်ပိုင်း သရုပ်ပြဆရာမအဖြစ်နဲ့
စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ယဉ်ကျေးမှုဝန်ကြီးဌာနကို ပြောင်းရွှေ့ပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီမှာ ကျွန်မက ဓာတုဗေဒနဲ့ မဟာသိပ္ပံဘွဲ့ ရရှိထားတာဖြစ်တဲ့အတွက် ပထမတော့ နံရံဆေးရေးပန်းချီထိန်းသိမ်းရေး
ရှေးဟောင်းအဆောက်အအုံတွေမှာရှိနေတဲ့ အနုလက်ရာတွေကို ဓာတုဗေဒနည်းပညာနဲ့ ထိန်းသိမ်းတဲ့လုပ်ငန်းကို
စပြီးတာဝန်ယူရပါတယ်။
နောက်ပိုင်းထိန်းသိမ်းရေးတွေကို တာဝန်ယူပါတယ်။
နောက် ရှေးဟောင်းသုတေသနရဲ့ အောက်မြန်မာပြည်တာဝန်ခံ (ဒုတိယညွှန်ကြားရေးမှူးချုပ်) အဖြစ်ဆောင်ရွက်ပါတယ်။
နောက်အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ်နဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
ဝန်ထမ်းဘဝကြာလာတဲ့အခါမှာ ဌာနရဲ့လုပ်ငန်းတွေ၊ အခြေအနေတွေကိုကြည့်ပြီး ကျွန်မတို့ရဲ့ခံယူချက်တွေကလည်း
ပိုပြီးလေးနက်လာခဲ့ပါတယ်။
ကျွန်မတို့အနေနဲ့ သူများနိုင်ငံနဲ့ ရင်ပေါင်တန်းနိုင်အောင်ဆိုရင်
အလုပ်ကဒီလောက်လေး လုပ်နေရုံနဲ့မရဘူး။ အလုပ်ကိုအရှိန်အဟုန်နဲ့ပိုပြီး အဆပေါင်းများစွာတိုးတက်ပြီးဆောင်ရွက်ဖို့
လိုတယ်ဆိုတာကို ကျွန်မအနေနဲ့တွေးမိပါတယ်။ ဒါကြောင့် ကျွန်မပိုပြီး သိအောင် တတ်အောင်
အချိန်ပေးပြီးတော့ သင်ယူတယ်၊ လေ့လာတယ်ပြီးတော့ အားစိုက်ပြီးဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁
ခုနှစ်မှာတော့ ကျွန်မကို ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပါတယ်။
အဲဒီအချိန်ကာလမှာဆိုရင် မြန်မာနိုင်ငံက
ASEANSummit ကို အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ရပါတယ်။ အဲဒီနောက် ဆီးဂိမ်းပြိုင်ပွဲကြီးကိုလည်း
အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရပါတယ်။ နောက်အဲဒီအချိန်မှာ နိုင်ငံခြားဧည့်သည်တွေ၊ ခရီးသွားလုပ်ငန်းတွေလည်း
တော်တော်လေးဖွံ့ဖြိုးတိုးတက်ပါတယ်။ နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ဆိုင်ရာတွေကို
ပြသရပါတယ်။ ပါဝင်ပြီးလုပ်ဆောင်ရပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုကဏ္ဍမှာ အတော်လေးဆောင်ရွက်ခဲ့ရပါတယ်။
အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်တွေကို လည်း ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာ ယဉ်ကျေးမှုအမွေအနှစ်တွေအများကြီးရှိပါတယ်။
ပျူမြို့ဟောင်း၊ ပုဂံမြို့ဟောင်း၊ မြောက်ဦး စတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေအပြင် ရွှေတိဂုံစေတီတော်နဲ့
ကျိုက်ထီးရိုးစေတီတော်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ဖို့အတွက် ကြိုးစားခဲ့
ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် ပျူမြို့ဟောင်းတွေဖြစ်တဲ့
ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းတွေရရှိခဲ့ပါတယ်။ ဒီအချိန်မှာရရှိခဲ့မယ်လို့
မမျှော်လင့်ပေမယ့် စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့အတွက်ကြောင့် ရရှိ ခဲ့ခြင်းဖြစ်ပါတယ်။
ဆောင်ရွက်တဲ့အခါမှာလည်း တစ်ယောက်တည်း အားနဲ့ရတာမဟုတ်ခဲ့ပါဘူး။ အချိန်အား၊ ငွေအား၊ လူအား၊
ပညာရှင်အား စသဖြင့် အားပေါင်းစုံနဲ့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
အခုအခါမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
အသိအမှတ်ပြုပြီးကျွန်မတို့ကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းတဲ့အတွက် ပိုပြီးကျေနပ်ပီတိဖြစ်ရပါတယ်။
ဒီဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းဟာ ကျွန်မနဲ့အတူ ပူးပေါင်းပါဝင်ပတ်သက်တဲ့သူတွေ
အတွက်လည်း ဝမ်းသာကျေနပ်မှုတွေဖြစ်ရပါတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင် မျိုးဆက်သစ်တွေအတွက်
အားကျအတုယူဖွယ်ရာတွေလည်း ဖြစ်စေမှာဖြစ်ပါတယ်။ နိုင်ငံကောင်းကျိုးအတွက် ကျရာကဏ္ဍကနေ
အလုပ်တွေပိုပြီးတော့ အားစိုက်ဆောင်ရွက်ကြဖို့ အတွက် တွန်းအားတစ်ခုလို့ယုံကြည်ပါတယ်။
ဒါကြောင့် နိုင်ငံ့တာဝန်ကို အားစိုက်ဆောင်ရွက်ခဲ့တဲ့ကျွန်မတို့ကို အခုလိုဂုဏ်ထူးဆောင်ဘွဲ့တွေ၊
ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ပေးခြင်းအတွက် ဝမ်းသာဂုဏ်ယူရသလိုကျေးဇူးလည်း အထူးတင်ရှိပါတယ်လို့ပြောကြားပါရစေ။
ဦးဇော်ဌေး၊
စီမံထူးချွန်တံဆိပ်(ပထမဆင့်) ဒုတိယအမြဲတမ်းအတွင်းဝန်(ငြိမ်း)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ကျွန်တော်က ၁၉၇၈ ခုနှစ်ကစပြီးတော့ ဝန်ထမ်းစလုပ်တာပါ။၂၀၁၅
ခုနှစ်မှာ ဝန်ထမ်းလုပ်သက် ၃၈ နှစ်နဲ့ ပင်စင်ယူခဲ့တာပါ။ ပြည်သူ့ဝန်ထမ်းဘဝက ပေးတဲ့တံဆိပ်တွေကို
ကျွန်တော်ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စီမံထူးချွန်တံဆိပ်(တတိယဆင့်)ရခဲ့ပါတယ်။ ကျွန်တော်အခုလို
ဆုချီးမြှင့်ခံရမယ်လို့ တကယ်မမျှော်လင့်ပါဘူး။ အမျိုးသားအောင်ပွဲနေ့မှာ ကျွန်တော့်ကို
စီမံထူးချွန် ပထမအဆင့်ပေးတဲ့အတွက် အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူပါတယ်။ ကျွန်တော်လုပ်ဆောင်ခဲ့တဲ့လုပ်ဆောင်မှုအပေါ်
နိုင်ငံတော်ကတန်ဖိုးထားပြီး ချီးမြှင့်တယ်လို့ ခံယူပါတယ်။ အခုလိုချီးမြှင့်တဲ့အတွက်
နိုင်ငံတော်ကိုကျေးဇူးတင်ပါတယ်။ ချီးမြှင့်ထိုက်သူတွေကိုချီးမြှင့်တဲ့အတွက် အတိုင်းမသိဝမ်းမြောက်သလို
ချီးမြှင်ခံရတဲ့သူတွေကိုယ်စားလည်း ဝမ်းသာတယ်။ ဆုတံဆိပ်ချီးမြှင့်ပေးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုလည်း
ကျေးဇူးတင်ပါတယ်။
သတင်းအဖွဲ့
No comments:
Post a Comment