Tuesday, November 8, 2022

(၁၆) ကြိမ်မြောက် ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေး နိုဝင်ဘာ ၈

၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ ၂၀၂၂ ခုနှစ် ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး(ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ကျောင်းသား/ ကျောင်းသူလေးများက ‘‘ ပြင်ဦးလွင်မီးပုံးပျံပွဲတော်’’ သီချင်းဖြင့် “ပြင်ဦးလွင်မှကြိုဆိုပါ၏” စာတန်းဖြင့် သရုပ်ဖော်ဖျော်ဖြေ ကပြတင်ဆက်ပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ လွှတ်တင်မည့်မီးပုံးပျံအား နာယကကြီးများ၊ ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများမှ မီးစာထွန်းညှိ၍ မီးပုံးပျံလွှတ်တင်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပွဲတော်အောင်မြင်ခြင်းအထိမ်းအမှတ် အမှာ စကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးပုံးပျံပြိုင်ပွဲနှင့် အားကစားပွဲများတွင် ဆုရရှိသူများအား ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၄)ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်ကာလ၌ မဟာအံ့ထူးကံသာဘုရားအား မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခြင်း၊ ဘုရားရင်ပြင်တော်တွင် ဆီမီး(၉)ထောင် ထွန်းညှိပူဇော်ခြင်း၊ စတုဓိသာကျွေးမွေးခြင်း စသည့်ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ပြီး စိန်နားပန် မီးပုံးပျံများနှင့် ညမီးကျည်မီးပုံးပျံများ လွှတ်တင်ပြိုင်ပွဲ၊ နေ့အရုပ်လှမီပုံးပျံများ လွှတ်တင်ပြိုင်ပွဲ၊ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲ စသည့်ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပခဲ့သည်။

ထို့အပြင် ပွဲတော်လာပြည်သူများကို နိုင်ငံကျော်အနုပညာရှင်များ၊ မန္တလေးမြို့ ကျက်သရေဆောင် မြို့မတူရိယာအဖွဲ့နှင့် ကျောက်ဆည်မြို့၏ ဆင်ကအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြပြီး အစားအသောက်နှင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက်လည်း စားစရာအစုံအလင်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံပါသည့် ဆိုင်ခန်းများ၊ ကုမ္ပဏီအရောင်းပြခန်းများကိုပါဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment