Tuesday, November 1, 2022

ကောင်းခြင်းမင်္ဂလာအဖြာဖြာ ကျက်သရေတက်နေဝန်း

 


မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ ရှေးအစဉ်အဆက်ကတည်းက အတိတ်ကောင်း၊ နိမိတ်ကောင်း၊ အတိတ်တဘောင်ကောင်းများဖြင့် ဆန်ရေစပါးပေါများကြွယ်ဝပြီး အေးချမ်းသာယာဝပြောသော နိုင်ငံဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သော မြန်မာဘုရင်များလက်ထက်တွင် မင်းကျင့်တရား ၁၀ ပါးနှင့်ညီညွတ်စွာအုပ်ချုပ်ပါကအတိတ်ကောင်း၊ နိမိတ်ကောင်းများပေါ်ထွန်းလာလေ့ရှိသည်။ အတိတ်ကောင်း၊ နိမိတ်ကောင်းများတွင် ဆင်ဖြူရတနာပေါ်ထွန်းလာခြင်းလည်းပါဝင်သည်။

ဆင်ဖြူရတနာသည် နိုင်ငံတစ်နိုင်ငံ၏ ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်ခဲသော ရတနာတစ်ပါးဖြစ်သည်။ အဆိုပါရတနာကို ပတ်ဝန်းကျင်နိုင်ငံများ၊ အထူးသဖြင့် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သောနိုင်ငံများတွင် တန်ဖိုးထားအလေးအမြတ်ပြုလေ့ရှိသည်။ ဆန်ရေစပါးပေါများကြွယ်ဝပြီး အေးချမ်းသာယာဝပြောသည့် အတိတ်၊ နိမိတ်ကိုဆောင်ကာ ဆင်ဖြူရတနာဂုဏ်အင်္ဂါများကို အသိအမှတ်ပြုလေ့ရှိသည်။ ပုဂံခေတ် နောက်ပိုင်း မြန်မာ့သမိုင်းအဆက်ဆက်တွင် ဆင်ဖြူရတနာ ဆက်သခံရသည့် မင်းမြတ်တို့မှာ ဩဇာတိက္ကမ ကျော်စောထင်ရှားခြင်း၊ တိုင်းပြည်စည်ပင်သာယာဝပြောခြင်း၊ ပြည်သူပြည်သားများ အေးချမ်းပျော်ရွှင်စွာ နေထိုင်ရခြင်းစသည့် ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံခဲ့သည့် သမိုင်းအစဉ်အလာများရှိသည်။

မြန်မာ့သမိုင်းတွင် ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်အနော်ရထာမင်းတရားကြီးမှစ၍ မင်းကောင်းမင်းမြတ်များ၊ ဒုတိယမြန်မာနိုင်ငံတော် တောင်ငူခေတ် ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှစ၍ မင်းကောင်းမင်းမြတ်များ၊ တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်ခေတ် အလောင်းဘုရားမင်းတရားကြီးမှစ၍ မင်းကောင်းမင်းမြတ်များ စသည့် ရှေးမြန်မာဘုရင်များလက်ထက်မှစ၍ နိမိတ်ကောင်းအစဉ်အလာများကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ပြီး မြန်မာဘုရင်ခေတ် အဆုံးသတ်ပြီးနောက်တွင်လည်း အုပ်ချုပ်သူ မြန်မာမင်း အစိုးရများလက်ထက်များ၌ ဆင်ဖြူရတနာများပေါ်ထွန်းခဲ့ရာ မြန်မာတို့၏ ဆင်ဖြူ ရတနာနိမိတ်ကောင်းများကို မင်းကောင်းမင်းမြတ်များက ဆက်လက်ဆက်ခံခဲ့ပါသည်။

မျက်မှောက်ကာလများတွင်လည်း ဆင်ဖြူရတနာများပေါ်ထွန်းလာခဲ့ပြီး တိုင်းပြည်သာယာဝပြောရေးအတွက် ကောင်းခြင်းလက္ခဏာများကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။ ဆင်ဖြူရတနာတော် ကိုးစီးအထိ ပေါ်ထွန်းလာခဲ့ပြီး ဒသမမြောက် ဆင်ဖြူရတနာတစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ဆင်ဖြူတော်(အထီး)လေးတစ်စီးကို မင်္ဂလာအချိန်နံနက် ၆ နာရီခွဲတွင် မွေးဖွားသန့်စင်ခဲ့ပါသည်။ အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစက အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည့် မင်္ဂလာသတင်းကောင်းကို စတင်ကြားသိခဲ့ရပြီးနောက် ဆင်ဖြူတော်ရတနာ ကြန်အင်လက္ခဏာခုနစ်ချက်နှင့် ကိုက်ညီသည့် ဆင်ဖြူတော်လေးသည် ယခုအခါ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။

နေပြည်တော်သို့ရောက်ရှိနေသော ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော် အမည်ပေးကင်ပွန်းတပ်နှင့် အဆောင်တော်တက်မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ရတနာဆင်ဖြူတော်လေး၏ “ရဋ္ဌနန္ဒက” ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်း အပ်နှင်းပေးပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးခြင်း၊ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပပေးခြင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခြင်း၊ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက်ခြင်းစသည်တို့အပြင် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် တည်ဆောက်ရေးတို့ကို စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများအကျိုးကိုရှေးရှု၍ ဆောင်ရွက်ပေးလျက်ရှိ သည်။

နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်နှင့် သာယာဝပြောရေးကို စေတနာမှန်ကန်စွာဖြင့် ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပြီး တိုင်းပြည်အကျိုးပြုဆောင်ရွက်ချက်များ ပြီးမြောက်ပြည့်စုံ၍ အေးချမ်းသာယာဝပြောစည်ပင်လာမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment