Thursday, November 24, 2022

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၈)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

 


နေပြည်တော် နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံဒေသတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption- ASEAN-PAC) (၁၈)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ယမန်နေ့က တက်ရောက်ခဲ့ပြီး ASEAN-PAC နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) လက်မှတ်ရေးထိုးခြင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (Memorandum of Understanding- MoU) ကို လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit - ACU) ဥက္ကဋ္ဌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးကို ယနေ့တွင် ဆက်လက်ကျင်းပရာ အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့နှင့် အာဆီယံဒေသတွင်း နိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် ခိုင်မာ အားကောင်းလာစေရေး၊ အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများ၊ ကောင်းမွန်သည့် အလေ့အထများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit-ACU) ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment