Tuesday, November 22, 2022

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကျင်းပ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

 

 နေပြည်တော် နိုဝင်ဘာ ၂၂

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ (၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Hyatt Regency Phnom Penh ဟိုတယ်၌ကျင်းပရာ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

(၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Anti-Corruption Unit - ACU) ဒုတိယဥက္ကဋ္ဌ H.E YONN SINAT နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆမ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် ASEAN-PAC အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့(Anti-Corruption Unit-ACU) ဥက္ကဋ္ဌ H.E. Kittinitikosalbindit Om Yentieng က အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီများမှ အကြီးအကဲများနှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၅၉) ဦး ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ASEAN-PAC နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ACU) ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ထို့နောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ (Memorandum of Understanding -MoU) ကို လက်မှတ်ရေးထိုးကြသည်။

နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များဖလှယ်ရန်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းနှင့် နည်းပညာအထောက်အကူပြုကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးခိုင်မာ အားကောင်း စွာတည်ဆောက်ထားနိုင်ပြီး ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်း ဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကို အပြန်အလှန်မျှဝေခြင်းဖြင့် ထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment