Saturday, November 5, 2022

Advanced Metering Infrastructure (AMI) စနစ် တစ်နိုင်ငံလုံးလွှမ်းခြုံတပ်ဆင်အသုံးပြုနိုင်ရေး နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် နိုဝင်ဘာ ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်နေမှု၊ ပေါင်းလောင်းရေလှောင်တမံရေ ပိုလွှဲပြင်ဆင်တည်ဆောက်မည့်အခြေအနေနှင့် Advanced Metering Infrastructure (AMI) Control Center ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက် မပြတ်ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန် ရေအားလျှပ်စစ်စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံများ စသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကို Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပေါင်းလောင်းရေလှောင်တမံရှုရပ်သို့ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေကျော်ကျနေသည့်အခြေအနေနှင့် တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များအား မှာကြားသည်။    

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Advanced Metering Infrastructure (AMI) Control Center သို့ရောက်ရှိ ပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တပ်ဆင်ထားသည့် Analogue နှင့် Off-site Meter Reading (OMR) မီတာစနစ်မှ Advanced Metering Infrastructure (AMI)စနစ်သို့ ပြောင်းလဲတပ်ဆင်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ မြို့နယ်(၁၄)မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ မြို့နယ်(၃)မြို့ နယ်တို့ကို (AMI)စနစ် ပြောင်းလဲဆောင်ရွက်လျက်ရှိပြီး AMI Control Center လည်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း၊ (AMI) မီတာများကို Control Center ဖြင့် ချိတ်ဆက်၍ မီတာခကောက်ခံခြင်း၊ ထိန်းချုပ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (AMI) စနစ် တစ်နိုင်ငံလုံးလွှမ်းခြုံတပ်ဆင်အသုံးပြု နိုင်ရေး နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး AMI Control Center အတွင်း AMI Data Server တပ်ဆင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် AMI Control and Monoitoring Center တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment