Saturday, November 5, 2022

(၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်အစည်းအဝေး၊ (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့်နှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၅


ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၊ ဘိုရေးအန်ကောဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၂ ရက် ညနေပိုင်းတွင် ဆီရမ်ရိ မြို့သို့ရောက်ရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့်အတူ ကြိုဆိုဧည့်ခံ ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး Pub Street နှင့် Night Market ပြင်ဆင်ဖွင့်လှစ်မှုများနှင့် ခရီးသွားဧည့်သည်များလာရောက်နေမှုကို လေ့လာကြည့်ရှုကြသည်။

နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Dr. Thong Khon၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့်အတူ (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

အဆိုပါ နံနက်ပိုင်းအစည်းအဝေးများမစတင်မီ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN က ဗီဒီယိုမက်ဆေ့ဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ (၉)ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေး လမ်းညွှန်ချက်များအရ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နေမှုနှင့် ခရီးသွား ဧည့်သည်ရောက်ရှိမှုများ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်းခရီးသွားဧည့်သည်များ အပြန်အလှန် သွားလာလည်ပတ်မှုများ၊ အက်ခ်မက်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅)အရ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများတိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး၊ သတင်းအချက်အလက်အပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာကွန်ရက်နှင့် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးတို့အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့် အက်ခ်မက်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆီရမ်ရိကြေညာစာတမ်းအပါအဝင် အက်ခ်မက်အရာရှိကြီးများ အစည်းအဝေး၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတို့ကို ဆွေးနွေး အတည်ပြုကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၅)ကြိမ်မြောက် အက်ခ်မက်ခရီးသွားလုပ် ငန်းဝန်ကြီးများ သတင်းစာရှင်းလင်းပွဲသို့ ပါဝင်တက်ရောက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်မှ ခရီး သွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးနှင့် စီအယ်လ်အမ်ဗွီခရီးသွားလုပ်ငန်း ဝန်ကြီးများ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေးတွင် (၁၀)ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေး လမ်းညွှန်ချက်များအရ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ် ငန်းစဉ်များ၊ စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၂)အရ အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ နှင့် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃- ၂၀၂၅) အရဒေသတွင်းခရီးသွားလာမှုလွယ်ကူအဆင်ပြေစေရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေး၊ ဒေသခံများနှင့် ပုဂ္ဂလိကကဏ္ဍပါဝင်စေရေးနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးရှေ့လုပ်ငန်းစဉ်များအပါအဝင် စီအယ်လ်အမ်ဗွီ အရာရှိကြီးများအ စည်းအဝေး၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတို့ကို ဆွေးနွေးအတည်ပြုကြသည်။

အဆိုပါ ဝန်ကြီးအဆင့်အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများပြန်လည်ဖွင့်လှစ်မှု၊ ဗီဇာခွင့်ပြုပေးမှုနှင့် ခရီးသွား ဧည့်သည်ဝင်ရောက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် MSMEs လုပ်ငန်းများ၏အရေးပါမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ မြှင့်တင်ရေး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အကြံပြုချက်များ နှင့်အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်များအရ မြန်မာနိုင်ငံမှ ဆောင်ရွက်ထားရှိမှုများနှင့် ကိုဗစ်-၁၉အလွန်ကာလဒေသတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိကအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်း ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင်များအတွက် တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်သည်။

ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးမတိုင်မီ နိုဝင်ဘာ ၂ ရက်တွင် (၅)ကြိမ်မြောက် အက်ခ်မက်နှင့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်းအဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေးများကိုကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါနေ့ ညနေပိုင်းတွင် အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများရှိ ခရီးသွား လုပ်ငန်းအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပညာရေးနယ်ပယ်မှ ပညာရှင်များပါဝင်သည့် “အက်ခ်မက်နှင့် စီအယ်လ်အမ်ဗွီ ခရီးသွား လုပ်ငန်းဆွေးနွေးပွဲ” ကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment