Friday, October 28, 2022

ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်များ၌ Corruption Prevention Unit- CPU များ ဖွဲ့စည်းပြီးဖြစ်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်မည်

 



နေပြည်တော် အောက်တိုဘာ ၂၇

ယခုအခါ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၌ (Corruption Prevention Unit- CPU) များ ဖွဲ့စည်းပြီးဖြစ်၍ နိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် တားဆီးကာကွယ်ရေး လုပ်ငန်း စဉ်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောကြားသည်။

ယနေ့အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၌ ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာ၌ လိုက်နာရမည့် မူဘောင်များ၊ လုပ်ငန်းစဉ် များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်သည် အထူးအရေးကြီးသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်း (၃၈) ခုတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာအောင်မြင် မှုရှိသဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ (၁၄) ခုတွင် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ ယခုတိုးချဲ့ဖွဲ့စည်းခဲ့သည့် CPU များ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် မူဘောင်များ၊ လုပ်ငန်းစနစ်များနှင့် ဒေသအလိုက် အခြေအနေအရ ဖြည့်စွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ညှိနှိုင်းနိုင်ရန် အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် နိုင်ငံတစ်ဝန်း လုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရန်၊ သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြောင်း။

အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အနေဖြင့် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်း စွာ ပျံ့နှံ့နေသည့် အဂတိလိုက်စားမှု (Systemic Corruption) သိသာထင်ရှားစွာ ကျဆင်းသွားစေရန်နှင့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆိုင်ရာညွှန်းကိန်း (Worldwide Governance Indicators-WGI) တွင် အဂတိလိုက်စားမှုထိန်းချုပ် နိုင်ခြင်း၊ (Control of Corruption) ညွှန်းကိန်း သိသာထင်ရှားစွာ တိုးတက်လာစေရန် မူဝါဒချမှတ် အကောင်အထည်ဖော်နေမှုကို ဟန်ချက်ညီဆောင်ရွက် သွားလိုကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ကော်မရှင်အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှုးချုပ်များက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းမူဘောင်များနှင့် လုပ်ငန်းနည်းစနစ်များကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုည်းကောင်း ရှင်းလင်းဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment