Wednesday, October 26, 2022

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတက်ရောက်

 


မကွေး အောက်တိုဘာ၂၆

မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့နိုင်ငံတော်မှာ အားလုံးသိမြင်ထားကြတဲ့အတိုင်း အကြီးအကဲများက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ဦးတည်ချက်(၃)ရပ်ချမှတ်ပြီး တစ်စိုက်မတ်မတ် ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ အကြီးအကဲများရဲ့ မူဝါဒတစ်ခုဖြစ်တဲ့(Quick Win) အလျင်အမြန်အကျိုး ဖြစ်ထွန်းစေမယ့် စီးပွားရေးလုပ်ငန်းတွေ၊ ထုတ်လုပ်မှုတွေ၊ ဝန်ဆောင်မှုတွေကို အဖက်ဖက်က စောင့်ကြည့်ကြပ်မတ် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဒီလိုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ခရီးသွား လုပ်ငန်းကဏ္ဍဟာလည်းအရေးပါတဲ့ ကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ဌာနအသီးသီးကလည်း ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ အလျဉ်းသင့်တိုင်း တိုက်တွန်းဆောင်ရွက်နေတာလည်း တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ခရီးစဉ်ဒေသမှာရှိတဲ့ တည်းခိုနေထိုင်ရေး ၊ စားသောက်ရေး၊ ပို့ဆောင်ရေး အစရှိတဲ့ ထိစပ်နေသမျှ လုပ်ငန်းစုများကို ဝင်ငွေတိုးတက်စေပြီး အဲ့ဒီလုပ်ငန်းစုတွေမှာရှိတဲ့ လုပ်သားများထံ ဝင်ငွေ စီးဆင်းမှုကနေတဆင့် အဲ့ဒီလုပ်သားတွေရဲ့ စားဝတ်နေရေးအတွက် သုံးစွဲခြင်းကြောင့် အခြားထိစပ်တဲ့ လုပ်ငန်းငယ်များအထိ ဝင်ငွေဆင့်ကဲ စီးဆင်းတဲ့အတွက် များစွာအကျိုးရှိတဲ့ လုပ်ငန်းတစ်ရပ်ပဲဖြစ်ပါကြောင်း၊ ဒီလိုအကျိုးရှိလှတဲ့ ခရီးသွားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဟာ ဈေးကွက်မြှင့်တင်ကြော်ငြာမှုနှင့် တိုက်ရိုက်ပတ်သက်မှု ရှိတယ်ဆိုတာ သိရှိတဲ့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ " မကွေး၊ မင်းဘူး၊ မင်းလှ ၊ သရက်၊‌ အောင်လံ၊ တောင်တွင်းကြီး" မြို့များရှိ ထင်ရှားတဲ့ ခရီးစဉ်နေရာများကို ကြော်ငြာမြှင့်တင်ဖို့ ခွင့်ပြု ရိုက်ကူးစေခဲ့ကြောင်း၊ ယခုအခါမှာရိုက်ကူးပြီးစီးခဲ့တဲ့ "မကွေးတိုင်းဒေသကြီး(သို့မဟုတ်) ဖန်ခါးမြေသို့ အလည်တစ်ခေါက်" Day 1 , Day 2, Day 3, Day 4 , Promo အပိုင်း(၃)ပိုင်းကို မြန်မာ့ရုပ်မြင်သံကြားသို့ ပေးပို့ထုတ်လွှင့်ပြသစေလျက်ရှိပြီး Sky Net , Channel K , Fortune TV အစရှိတဲ့ ရုပ်သံလိုင်းများသို့လည်း ပေးပို့ထားရှိခဲ့ပါကြောင်း၊ ဒါ့အပြင် ပြည်တွင်း ခရီးသွားများ လာရောက်လည်ပတ်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့လည်း ကြော်ငြာပြသပေးနိုင်ရေးအတွက် ပေးပို့ညှိနှိုင်းအကြောင်းကြားပြီးဖြစ်ကြောင်း၊ တဆက်တည်းမှာပဲ ခရီးသွားလုပ်ငန်းအတွက် အဓိကကျတဲ့ စွဲဆောင်မှုများ ဖန်တီးပေးနိုင်ရေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ မြှင့်တင်နိုင်ရေးအတွက် MSME  လုပ်ငန်းစုများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်ပေးသွားဖို့ လိုအပ်တဲ့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူလူထု လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေဖို့အတွက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(Community Based Tourism) ကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို ဆောင်ရွက်သွားကြရမှာပဲဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုကို ကြည့်မယ်ဆိုရင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်ပခရီးသည် (၁၆၂၁) ဦး၊ ပြည်တွင်းခရီးသည် (၆၃၇၀၇)ဦး စုစုပေါင်း (၆၅၃၂၈)ဦးဖြစ်ပြီး တည်းခိုနေထိုင်မှုအတွက် ဟိုတယ်များမှ ပေးပို့တဲ့စာရင်းများအရ ဝင်ငွေစုစုပေါင်း(၇၇၂၄၁၈၅၅၀) ရရှိခဲ့တာကိုတွေ့ရှိရပါကြောင်း၊ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလ ပိတ်ရက်များမှာ ဝင်ရောက်ခဲ့တဲ့ ဧည့်သည်အရေအတွက်ကတော့ ဟိုတယ်/ မိုတယ် တည်းခိုရိပ်သာများမှာ ဝင်ရောက်မှု(၁၃၅၂)ဦး၊ ခရီးစဉ်ဒေသများသို့ လည်ပတ်မှု (၁၀၃၀၅၀)ဦး ရှိတာကို တွေ့ရှိရကြောင်း၊ အခုရှေ့လျောက် ကာလများဟာဆိုရင် ဧပြီလအထိ ခရီးသွား ရာသီဖြစ်တဲ့အတွက် မိမိတို့ ဒေသကို ခရီးသွားများ ပိုမိုဝင်ရောက်စေရေးအတွက် ဒေသတွင်းမှာရှိတဲ့ ထူးခြားထင်ရှား လှပသာယာသည့်  ခရီးစဉ်ဒေသများကို အထူးအလေးထား ပူးပေါင်းရှာဖွေဖော်ထုတ် မြှင့်တင်ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ကျင်းပပြီးခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ခဲ့မှုများ၊ တိုးတက်မှုများကို တွေ့ရှိရတဲ့အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ရပ်တန့်ခြင်းမပြုဘဲ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ကြံဆဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ ယခုလအတွင်းမှာ ရုံးပိတ်ရက် (Holidays) များပြားတဲ့အတွက် ပြည်တွင်းခရီးသွားများ တိုးတက်လာရောက်တာကို တွေ့ရှိရပြီး၊ ပြီးခဲ့တဲ့ သီတင်းကျွတ်အားလပ်ရက်မှာ ဟိုတယ်များ၊ တည်းခိုခန်းများ တည်းခိုမှု မကွေးဒေသမှာ ၆၂% ရှိခဲ့ပြီး၊ အခန်းရောင်းရမှု ၃၈၀ ခန်းရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပွဲတော်များ၊ ညဈေးတန်းများ၊ ဖက်ရှင်နှင့် အနုပညာ စသည်ဖြင့် ထူးခြားမှုများကိုဆောင်ရွက်နိုင်လျင် ဧည့်သည်ပိုမိုလာ ရောက်နိုင်၍ ယနေ့အစည်းအဝေးမှာ ပြည်တွင်းပြည်ပ ဧည့်သည်များ ပိုမိုလာရောက်စေရေး အကြံဉာဏ် များပေးခြင်းဖြင့် ဒေသလူမှုစီးပွားဘဝ တိုးတက်လာမယ်လို့ ယုံကြည်တဲ့အတွက် ဝိုင်းဝန်းအကြံပြုစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ(၄/၂၀၂၂)ကြိမ်မြောက်  ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များ၊ ဟိုတယ်လုပ်ငန်းလိုင်စင်(၂)လုံး၊ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်(၃)လုံး၊ ရွှေပြည်စံရာခရီး လှည့်လည်ရေးကုမ္ပဏီ(၁)ခုတို့အား ကြိုတင်ခွင့်ပြုချက်ဖြင့် သက်တမ်းတိုး ဆောင်ရွက်ခဲ့ခြင်းအား အတည်ပြုပေးပါရန်တင်ပြခြင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်း CBT ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအဆင့်အနေဖြင့် မကွေးမြို့နယ် မိချောင်းရဲ တိုက်နယ်အတွင်းရှိ ကျွန်းတော်ကျေးရွာ၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဒေသနှင့် မင်းဘူးမြို့နယ်ရှိ ဖလံရုံကျေးရွာတို့အား ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြခဲ့ပြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များက ဆွေးနွေးတင်ပြခြင်းတို့ ဆောင်ရွက်ကာ၊ တင်ပြချက်များအပေါ် မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment