Wednesday, October 26, 2022

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

 


နေပြည်တော် အောက်တိုဘာ ၂၆

နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးလုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့်လုပ်ငန်းတစ်ရပ်မှာ မှန်ကန်သောမဲစာရင်းများပြုစုပြီး မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း လွတ်လပ်ပြီးတရားမျှတစွာ ဆန္ဒမဲပေးနိုင်ရေးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

 




ယနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ကြောင်း ပြောကြား သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ နိုင်ငံသားအားလုံး၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်တို့ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်၊ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် လူဦးရေ (၃ ဒသမ ၄)သန်းကျော် ကိုင်ဆောင်ကတ်ပြားထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး လုံခြုံရေးအခြေအနေအရ မြို့နယ်အနည်းငယ်၌သာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ပေးရန် ကျန်ရှိကြောင်း။

ယခုထပ်မံ အသက်ပြည့်လာမည့်သူများနှင့် မဲပေးပိုင်ခွင့်ရှိသူများကတ်ပြားရရှိရန် ကျန်ရှိမှုမရှိစေရေး ရည်ရွယ်၍ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဌာနမှ ယခုကဲ့သို့ ဆောင်ရွက်ပေးနေသကဲ့သို့ မဲစာရင်းမှန်ကန်ရေးအတွက်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများရှိ လက်ရှိမြေပြင်လူဦးရေ စာရင်းများကို မိမိတို့ဌာနမြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များနှင့် တိုက်ဆိုင်ကာ မွေးဖွားမှုအတွက် အင်အားတိုးခြင်း၊ သေဆုံးမှုအတွက်အင်အားလျော့ခြင်း၊ ပြောင်းဝင်/ပြောင်းထွက်များ စာရင်းတိုက်ဆိုင်ခြင်းတို့ကို အဆင့်ဆင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှသာ မှန်ကန်သော လူဦးရေစာရင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနတွင်လည်း မြို့နယ်ရုံးအသီးသီးရှိအိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်-၄ မှတ်တမ်းပါအချက်အလက်များကို Software နည်းပညာအသုံးပြု၍ ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာရုံးချုပ် Server သို့ ပေးပို့သိမ်းဆည်းထားပြီး အချက်အလက်ကွဲလွဲမှုများ၊ အပိုကိုင်ဆောင်မှုများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များကို နည်းမျိုးစုံဖြင့် အသိပေးဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းတွင်ပါဝင်၍ မည်သည့်ကတ်ပြားမျှ မရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်-၄ ပါအချက်အလက်များကို Software နည်းပညာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှုနှင့် လက်ရှိလူဦးရေစာရင်း တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှု၊ Software နည်းပညာဖြင့် တိုက်ဆိုင်ကာအတည်ပြုဆောင်ရွက်မှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် ဌာနအချင်းချင်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း‌ရေးမှူးနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိတို့က ပူးပေါင်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း ဖြည့်စွက်ဆွေးနွေးကြသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများက မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းမှရရှိလာသည့် အချက်အလက်များကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ ပြန်လည်ပေးပို့ဆောင်ရွက်နေမှု၊ ရုံးချုပ် Server ရှိ အချက်အလက်များနှင့် တိုက်ဆိုင်၍ နိုင်ငံသားကတ်နံပါတ် ဖြည့်သွင်းခြင်းနှင့် နံပါတ်ထပ်နေမှုကို ဖြေရှင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ သင်္ကန်းကျွန်းမြို့နယ် ဦးစီးမှူးရုံးသို့လည်းကောင်း၊ မရမ်းကုန်းခရိုင်ဦးစီးမှူးရုံးသို့လည်းကောင်း သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မေးမြန်းပြီး စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။  

ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ် Time City ရှိ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ တရုတ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအားတွေ့ဆုံကာ မြန်မာနိုင်ငံသို့ ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာ၊ နေခွင့်သက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment