Monday, October 31, 2022

တရားမဝင်သစ်မျိုးစုံ၊ စားသုံးဆီ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 


နေပြည်တော် အောက်တိုဘာ ၃၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော လျှပ်စစ်ထမင်းပေါင်းအိုးအလုံး ၁၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၅၀၀၀)နှင့် Door Lock ၆၅ ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၇၅၀၀) ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄၀၈၂၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က သင်္ဃန်းညီနောင်ကျေးရွာ၊ ချစ်ကြည်ရေး ဆီဆိုင်အနီးတွင် ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီလီတာ ၉၆၀ အပါအဝင် ကုန်စည်လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၄၈၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၄၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့ (တောင်ကြီးအထွက်)၊ နမ့်အောရွာအနီးတွင် ပိုင်ရှင်မဲ့ စုပုံထားသော ပဒုမ္မာတံဆိပ် ဆပ်ပြာမှုန့် ၃၈၂ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈၄၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်တိုဘာ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အင်းတော်မြို့၌ တရားမဝင်လိုင်စင်မဲ့ TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၂ ဒသမ ၉၉၀၂ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂၇၄၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၈၄၁၉၂၀ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment