၁၂-၁၀-၂၀၂၂ ရက်နေ့ (၁၀:၄၀)အချိန်ခန့် ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF (၁၂)ဦးခန့် 4 Wheel ယာဉ်တစ်စီးဖြင့် ရောက်ရှိကာ မိုးမိုးကတွတ်ယိုဆိုင်အနီးမှ သေနတ်များဖြင့် စတင်လာရောက်ပစ်ခတ်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားပြီး သောင်းကျန်းသူ အကြမ်းဖက် PDF အဖွဲ့သည် မော်တော်ယာဉ်ဖြင့် ဆောင်နိုင်ကြီး ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်။
ဖြစ်စဉ်တွင် သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF ၏ ပစ်ခတ်မှုကြောင့် ကျား(၁)၊ မ(၃) ဦးသေဆုံး၊ ရဲတပ်သား (၁)၊ ကျား(၇)၊ မ(၁၀) ဒဏ်ရာရခဲ့ ၊ ကင်မွန်းချောင်း(နမစ) (ပ) ၂၆/၂၂ ၊ အကြမ်းဖက်ပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့ပါသည်။
အခင်းဖြစ်ရပ်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်နှင့် တာဝန်ရှိသူများ၊ မှုခင်းရဲတပ်ဖွဲ့မှ ကျွမ်းကျင်ပညာရှင် များဖြင့် သွားရောက်စိစစ် စုံစမ်းဖော်ထုတ်ခဲ့ရာ မျက်မြင်သက်သေ (၂၅)ဦး ထွက်ဆိုချက်များ၊ သေဆုံးဒဏ်ရာ ရသူများနှင့်ပတ်သက်သည့် ဆေးစာပြန်ကြားချက်များ၊ ခိုင်မာသောလုံခြုံရေးအထောက်အကူပြု မှတ်တမ်းများ၊ ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝန်းအတွင်းမှ သက်သေခံအထောက်အထားများ တွေ့ရှိခဲ့ရပါသည်။ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF အဖွဲ့သည် ဘုရားဖူးတောင်တက်မော်တော်ယာဉ်ဝန်း အနောက်ဘက် ကျိုက်ထီးရိုး - ကင်မွန်းချောင် သွားလမ်းဘေး ဈေးဆိုင်များဖြစ်ကြသည့် ရွှေနဂါးဈေးဆိုင်၊ ဌေးမြင့်အောင် ကတွတ်ယိုဆိုင်၊ မိုးမိုးကတွတ်ယိုဆိုင်တို့နှင့် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝန်း အနောက်မြောက်ဘက် ထွက်ပေါက်နေရာတို့မှ နေရာယူကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်၊ ဘုရားဖူးတောင်တက်မော်တော်ယာဉ်ဝန်းအတွင်းရှိ ဘုရားဖူးလှေကား တက်စင်သို့လည်းကောင်း၊ ဘုရားဖူးတောင်တက်မော်တော်ယာဉ်ဝန်းအတွင်း မြောက်ဘက်အစွန်ဆုံးရှိ လုံခြုံရေးအဖွဲ့နေရာသို့လည်းကောင်း ပစ်ခတ်ခဲ့ကြောင်းတွေ့ရှိရပြီး အထောက်အထားများအနေဖြင့် သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ နေရာယူပစ်ခတ်ခဲ့သည့် ရွှေနဂါးဈေးဆိုင် ရှေ့ လမ်းမပေါ်မှ M 16 ကျည်ခွံများ၊ AK 47 ကျည်ခွံများ၊ မိုးမိုးကတွတ်ယို (မစိုးမြတ်မြတ်မွန်)ဆိုင်ရှေ့မှ M 16 ကျည်ခွံများ၊ ၄၀ မမ ကျည်ခွံများ၊ မိုးမိုးကတွတ်ယို (ဦးစိုးမိုးသူ)ဆိုင် အပြင်ဘက် အနောက်ဘက်ထောင့်နေရာမှ M 16 ကျည်ခွံများနှင့် ဆိုင်ရှေ့ဝဲဘက်ထောင့်မှ M 16 ကျည်ခွံများ၊ ဘုရားဖူးတောင်တက်မော်တော်ယာဉ်ဝန်း အနောက် မြောက်ထောင့် ဝင်ထွက်ပေါက် ဘယ်ဘက်ခြမ်းမှ M 16 ကျည်ခွံများနှင့် မြေထိန်းနံရံအနီးမှ AK 47 ကျည်ခွံများ တွေ့ရှိရသည့်အပြင် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝန်းအတွင်း ဘုရားဖူးယာဉ်ပေါ်သို့တက်သည့် လှေကားတက်စင်တွင် ရပ်ထားသည့် 3K-6534 Fuso ယာဉ်၏ အနောက်ဘက် ကွန်ကရစ်တိုင်အား ထိမှန်ထားသည့် ၄၀ မမ ဗုံးသီး အပိုင်းအစများ၊ ပုံစံပျက်နေသည့် ကျည်ထိပ်ဖူးများ၊ ဘုရားဖူးတောင်တက်မော်တော်ယာဉ် ဝန်းအတွင်း မြောက်ဘက်ရှိ လုံခြုံရေးတပ်ဖွဲ့များ အခြေပြုဘန်ကာအား ထိမှန်ထားသည့်နေရာများမှ AK 47 ကျည်ထိပ်ဖူးများအား သက်သေများနှင့်အတူ ရှာဖွေသိမ်းဆည်းရမိခဲ့ပါ သည်။
သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF များ၏ ပစ်ခတ်မှုကြောင့် ဘုရားဖူးတောင်တက် မော်တော်ယာဉ်ဝန်းအတွင်း ဘုရားဖူးယာဉ်ပေါ်သို့တက်သည့် လှေကားတက်စင်တွင် ဒေါ်သန်းသန်းနွယ် (၄၂)နှစ်၊ ရန်ကုန်မြို့နေသူသည် သောင်းကျန်းသူ/အကြမ်းဖက်အုပ်စု PDF များ၏ လက်နက်ငယ်ထိမှန်မှုကြောင့် ဦးခေါင်းယာဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ (၁)ချက် ဖြင့် သေဆုံးခြင်း၊ ကျော့ကေခိုင်(၂၁)နှစ်၊ ရန်ကုန်မြို့နေသူသည်လည်း ဦးခေါင်းနောက်စေ့မှ ကျည်ဖောက်ဝင်ဖြတ်ထွက်ဒဏ်ရာ(၁)ချက်၊ ယာခြေဖမိုး လက်နက်ကြီးကျည်အစထိမှန်ဒဏ်ရာ (၁)ချက်တို့ဖြင့်သေဆုံးခြင်း၊ ဘုရားဖူးလှေကားတက်စင်တွင် ရပ်ထားသော 3K-6534 Fuso ယာဉ်ပေါ် ဝဲဘက်ထိုင်ခုံနောက်ဆုံးတွင်ထိုင်နေသူ ဒေါ်အေးအေးကြည် (၅၀)နှစ်၊ ရန်ကုန်မြို့ နေသူသည် လက်နက်ငယ်ထိမှန်မှုကြောင့် ယာပါးမှ ဖောက်ဝင်၊ ဝဲပါးပေါက်ပြဲထွက်သည့် ဒဏ်ရာဖြင့်သေဆုံးခြင်း၊ ထိုကားပေါ်တွင် ထိုင်နေသူ ထွန်းဝင်းအေး (၃၂)နှစ်၊ ရန်ကုန်မြို့နေသူသည် လက်နက်ကြီးကျည်စ၊ လက်နက်ငယ်ကျည်တို့ ထိမှန်သောကြောင့် နောက်ကျောဝဲဘက်မှ ဝမ်းဗိုက်ယာဘက်သို့ ကျည်ထိမှန်ဖောက်ထွက် ဒဏ်ရာများဖြင့် သေဆုံးခြင်း၊ ဘုရားဖူး လှေကားတက်စင်အနီးအနားရှိ လုံခြုံရေး ဆောင်ရွက်ပေးနေသော ရဲတပ်သား အောင်ပြည့်ဖြိုးပါ ဘုရားဖူးခရီးသည် ကျား(၇)၊ မ(၁၀)ဦးတို့၏ ကိုယ်ခန္ဓာအသီးသီးတွင် ဒဏ်ရာများရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
ဖော်ပြပါ ပစ်ခတ်မှုဖြစ်စဉ်၌ စိစစ်တွေ့ရှိရသော မျက်မြင်သက်သေများ၊ သေဆုံးဒဏ်ရာရသူများ၏ ဆေးစာ အထောက်အထားများ၊ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်း အထောက်အထားများ၊ အခြားခိုင်မာသည့် မှတ်တမ်းအထောက်အထားများအရ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF အဖွဲ့သည် ဘုရားဖူးတောင်တက်ကားဝန်း အနောက်ဘက်မှ နေရာယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘုရားဖူးတောင်တက်ကားဝန်းအတွင်းရှိ ဘုရားဖူးလှေကား တက်စင်သို့လည်းကောင်း၊ လုံခြုံရေးအဖွဲ့အခြေပြုအဆောင်သို့လည်းကောင်း ဦးတည်ပစ်ခတ် ခဲ့ကြောင်း အထောက်အထားခိုင်မာစွာ စိစစ်တွေ့ရှိရပါသည်။
ဘုရားဖူးတောင်တက်ကားဝန်း အတွင်းမြောက်ဘက် ဘန်ကာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များအား ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူ/ အကြမ်းဖက်အုပ်စု PDF များ နေရာယူထားသည့် မိုးမိုးကတွတ်ယိုဆိုင်ဘက်သို့ ထိမှန်ခဲ့ပြီး အဆိုပါ မိုးမိုးကတွတ်ယိုဆိုင်အတွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် ကျည်ထိပ်ဖူးပုံပျက်အပိုင်းအစများ စိစစ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်ခဲ့သည့် လားရာအရပ်သည် ဘုရားဖူးပြည်သူများရှိနေသည့် အရပ်မျက်နှာနှင့် ဆက်စပ်မှုမရှိကြောင်း မြေပြင်အထောက် အထားအရ စိစစ်တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မှားယွင်းပစ်ခတ်ခဲ့ခြင်း တစ်စုံတစ်ရာ မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
မျက်မြင်သက်သေများ၊ ယခင်ဖြစ်စဉ်အထောက်အထားများ စိစစ်တွေ့ရှိချက်အရ ဘုရားဖူးပြည်သူများအား ပစ်ခတ်ခဲ့သည့် အဖွဲ့တွင် KNU တပ်မဟာ(၁)သို့ခိုလှုံပြီး KRF အကြမ်းဖက်အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ အေးမင်းထွန်း (ရဲပြေး/ ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ လူယုံတော်)ဆိုသူ ဦးဆောင်ခဲ့ကြောင်း၊ ၎င်းနှင့်အတူ ရဲသွေးနီ (ယခင်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်၏ ယာဉ်မောင်း)၊ NUG ကျားဖြူတပ်ခွဲ(၄)၊ သထုံခရိုင်အဖွဲ့၊ KNU တပ်မဟာ(၁)၊ တပ်ရင်း(၃)တပ်ရင်းမှူး ဒါးနယ်ထူးတို့အဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
အေးမင်းထွန်း(ရဲပြေး)သည် KNU တပ်မဟာ(၁)တွင် ခိုလှုံခဲ့ပြီးနောက် မွန်ပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာခင်ဆောင်(တရားခံပြေး)၊ ဦးလှမြင့်သန်း (တရားခံပြေး)၊ ဒေါ်သီရိရတနာ (တရားခံပြေး)၊ လုပ်ငန်းရှင်များ ဖြစ်ကြသည့် ကျော်မျိုးမင်း (တရားခံပြေး)၊ အောင်ကျော်သူ (တရားခံပြေး)၊ ဦးခင်တိုး(တရားခံပြေး)တို့နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲသွေးနီး ၊ KNU တပ်မဟာ (၁) ၊ ရင်း(၃)မှူး ဒါးနယ်ထူးတို့နှင့် ပူးပေါင်းကာ ၁၅-၉-၂၀၂၂ နေ့ကလည်း ဘီးလင်းရဲစခန်းနယ်မြေတွင် DENKO ဆီဆိုင်မှ ဆီဘောက်စာယာဉ်(၁)စီးအား ပြန်ပေးဆွဲခဲ့သဖြင့် ဘီးလင်းမြို့မ ရဲစခန်း (ပ)၁၂၇/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၆၅ အရ ဖမ်းဆီးရန်အလိုရှိနေသော တရားခံများဖြစ်ကြောင်း။
အေးမင်းထွန်းသည် မျိုးလင်းထွဋ်(ခ)မှုံကြီး (ဖမ်းမိ)၊ စောထွန်းဝင်း(ဖမ်းမိ)တို့နှင့် ပူးပေါင်းကာ KRF (ကျိုက်ထိုတော်လှန်ရေးအဖွဲ့)အဖြစ်ဖွဲ့စည်းခဲ့ပြီး ကျိုက်ထိုမြို့တွင်း ဖောက်ခွဲရေးလုပ်ငန်းစီစဉ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့လှုပ်ရှားမှုများ၊ အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်များ သတင်းရယူလုပ်ကြံတိုက်ခိုက်ရေး စီမံခဲ့ခြင်းများကြောင့် ကျိုက်ထိုရဲစခန်း (ပ)၂၁၂/၂၀၂၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(က)(ဈ)/၅၂ (ဃ) တို့အရ အလိုရှိနေသော တရားခံဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းတရားခံများ အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
No comments:
Post a Comment