အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့်ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ၁၉၆၇ ခုနှစ်တွင် အာဆီယံကြေညာချက် (ဗန်ကောက်ကြေညာစာတမ်း) ကို လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲ့ပြီး အာဆီယံမိသားစု (၁၀)နိုင်ငံဖြစ်လာခဲ့သည်။
အာဆီယံဖွဲ့စည်းခြင်း၏ အဓိကရည်မှန်းချက်မှာ ငြိမ်းချမ်း၍ ကြွယ်ဝသော အသိုက်အဝန်းတစ်ခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်ရေးတည်ဆောက်ရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်သော စိတ်ဓာတ်များမှတစ်ဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေးတိုးတက်မှုနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန်ဖြစ်သည်။ အာဆီယံသည် နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေးလက္ခဏာများကို အပြန်အလှန် လေးစားရေး၊ နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်ခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက် စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်းများ ခြိမ်းခြောက်ခြင်းတို့မှ ကင်းလွတ်စေရန်၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်၊ အာဏာသုံး၍ ခြိမ်းခြောက်မှု များ မပြုလုပ်ရန်၊ နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက် ရန် အခြေခံစည်းမျဉ်း(၆)ရပ် ချမှတ်ထားသည်။
အာဆီယံပဋိညာဉ်စာတမ်းအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး တန်းတူညီတူ ကိုယ်စားပြုရေး “မူ” နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး “မူ” တို့ကို မြန်မာနိုင်ငံအနေဖြင့် ခိုင်မာစွာ လိုက်နာဆောင်ရွက်လျက်ရှိသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း အစောပိုင်းကာလများက အာဆီယံအခြေခံစည်းမျဉ်း၊ မူများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သော်လည်း ယခုအခါ အင်အားကြီးနိုင်ငံကြီး အချို့၏ ဖိအားပေးမှုကြောင့် အာဆီယံအခြေခံစည်းမျဉ်းများ၊ အာဆီယံမူများအား သွေဖည်ဆောင်ရွက် လာသည်ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့သည်။
ထိုသို့ဖိတ်ကြားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်း အပုဒ်(၅)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ အကြား အဆင့်တူတန်းတူကိုယ်စားပြုရေးမူနှင့် သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်ခဲ့ခြင်း မရှိပေ။ အာဆီယံပဋိညာဉ် စာတမ်းအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး တန်းတူညီတူကိုယ်စားပြုရေး “မူ” နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး “မူ”တို့ကို အဖွဲ့ဝင်နိုင်ငံ များက အလေးဂရုမပြုဘဲ ယခုကဲ့သို့ ခွဲခြားဆက်ဆံသည့်လုပ်ရပ်များကို မြန်မာနိုင်ငံအနေဖြင့် လက်ခံနိုင်မည်မဟုတ်ပေ။ အစည်းအဝေး တွင် မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေးသဘောတူညီခဲ့ခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီသောဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက် မည်မဟုတ်ပေ။
မြန်မာနိုင်ငံသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိနေသည်။ ထို့အပြင် အာဆီယံတူညီဆန္ဒ (၅)ချက်တွင် ပါဝင်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးကိစ္စ ပထမအဆင့်ကိုလည်း AHA စင်တာကို ပူးပေါင်းပံ့ပိုးလျက်ရှိပြီး အကူအညီလိုအပ်နေသူများထံသို့ ခွဲခြားမှုမရှိဘဲ မျှတစွာရရှိရေးနှင့် အကူအညီပေးအပ်သည့် စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အလေးထား၍ ဆောင်ရွက်နေသည့်အပြင် အာဆီယံအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာကိစ္စများ အားပြိုင်မှုများ အရှိန်မြင့်တက်နေသည့် မျက်မှောက်ကာလတွင် အာဆီယံအနေဖြင့် ခိုင်မာသောအဖွဲ့အစည်းအဖြစ်တည်ရှိရန် အာဆီယံစည်းလုံးညီညွတ်မှုနှင့် အချက်အချာကျမှု တို့ကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်ပါသည်။ အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်၍ အာဆီယံပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များကို တိတိကျကျလေးစားလိုက်နာပြီး အဖွဲ့ဝင်နိုင်ငံများ၏ ဂုဏ်သိက္ခာနှင့်စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ။
No comments:
Post a Comment