Saturday, October 29, 2022

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံတွင် အခမဲ့ခွဲစိတ်ကုသမှုဆောင်ရွက်ပေး

နေပြည်တော် အောက်တိုဘာ ၂၉

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံ၊ ခွဲစိတ်ကုသဆောင်တွင် Japan Heart အဖွဲ့မှ မျက်နှာ၊ ‌မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန် Dr. Naoko KISHI နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာခင်မောင် ခေါင်းဆောင်သော သွားနှင့်ခံတွင်း ဆရာဝန် (၁၄) ဦးသည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၄) ဦးကို အောက်တိုဘာ (၂၆) ရက်မှ (၂၇) ရက်အထိ အခမဲ့ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးခဲ့ရာ လူနာရှင်များအနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေး ထိုးထားသော Japan Heart အဖွဲ့သည် ၂၀၀၄ ခုနှစ်မှစတင်၍ ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ပါမောက္ခ Dr. Mikihik KOGO ဦးဆောင်သော ဂျပန်နိုင်ငံမှ မျက်နှာ၊ ‌မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ သွားနှင့်ခံတွင်း ဆရာဝန်များပူးပေါင်း၍ ယခုအချိန်အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ (၃၀၀) ခန့်အား အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံတွင် သွားနှင့်ခံတွင်း ဆရာဝန်များက မွေးရာပါနှုတ်ခမ်းကွဲ၊ အာ‌ခေါင်ကွဲလူနာများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာရှင်များ အနေဖြင့် ခွဲစိတ်ကုသမှုခံယူလိုပါက အဆိုပါ ဆေးရုံသို့ လာရောက်ပြသ၍ အခမဲ့ကုသမှုခံယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment