Wednesday, October 26, 2022

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် ပြန်လည်ဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ ၂၅

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၆၉) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်မျိုးဆက်သစ်များကို ပုံသွင်းပေးရသော အခြေခံပညာ ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ပြန်လည်ဖွင့်လှစ် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း။

သင်တန်းကို အခြေခံပညာဦးစီးဌာနရှိ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြအဆင့် အခြေခံပညာ ဆရာ ဆရာမများကို နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများအား သိရှိစေရန်၊ ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လေ့လာနိုင်စေရန်၊ ဆရာ့သိက္ခာနှင့် ဆရာ့ကျင့်ဝတ်များကို သဘောပေါက် တန်ဖိုးထားတတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်၊ အခြေခံ စစ်ပညာကို နားလည်သဘောပေါက်စေရန်နှင့် မိမိနိုင်ငံတော် အစဉ်တည်တံ့ခိုင်မြဲဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသားတစ်ဦး၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ရှိမှု၊ တာဝန်သိမှုများ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်က ထုတ်ပြန်ထားသည့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ တည်မြဲအမိန့်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ တည်မြဲအမိန့် တွင်ပါသော စည်းကမ်းများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုပါ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် မှာကြားသည်။

အဆိုပါ သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၃၇၆ ဦး စုစုပေါင်း ၄၆၉ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ၂၅ ရက်အထိ ရက်သတ္တ ငါးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment