Wednesday, October 26, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း)သင်တန်း ဖွင့်လှစ်

 


နေပြည်တော် အောက်တိုဘာ ၂၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း)သင်တန်း အမှတ်စဉ် (၁/၂၀၂၂)အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 



ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အရာထမ်းသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင် ပေးရေးတို့အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှခေါ်ယူသည့် သင်တန်းများကိုလည်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် စေလွှတ်ပေးလျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်၏ အခြေခံသည် ပညာရေးနှင့်ကျန်းမာရေးတို့ဖြစ်ပြီး အခြေခံဗဟုသုတနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့သည် ဆက်စပ်မှုရှိသောကြောင့် အသိပညာဗဟုသုတကို စဉ်ဆက်မပြတ်ရှာဖွေပြီး အပတ်တကုတ် လေ့ကျင့်သွားမည်ဆိုလျှင် ကျွမ်းကျင်မှုရှိလာမည်ဖြစ်သဖြင့် အမှားအယွင်းနည်းစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။ ဝန်ထမ်းများအနေဖြင့်ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများ၊ ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို သိရှိရန်လိုအပ်သကဲ့သို့ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စဉ်ဆက်မပြတ်လေ့လာပြီး စနစ်တကျအသုံးချတတ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားလေ့ကျင့်ပေးမှုများသည် အခြေခံမျှသာဖြစ်ပြီး “Never too late to learn” ဆိုသည့်စကားအတိုင်း စဉ်ဆက်မပြတ် သင်ကြားလေ့လာ ကြိုးစားကြစေလိုပါကြောင်း၊ သို့မှသာ လက်တွေ့လုပ်ငန်း ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ အောင်မြင်မှုကို  အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် သင်ခန်းစာများ၊ အထွေထွေဗဟုသုတများကိုအခြေခံ၍ တစ်ဦးချင်းစီ၏ ကိုယ်ပိုင်အရည်အချင်းများကိုအသုံးပြုကာ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး မိမိဘဝတိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုသင်တန်းသည် ဆရာကို ဗဟိုပြုသော သင်ကြားမှုစနစ်ကို မကျင့်သုံးဘဲသင်ယူသူဗဟိုပြုသော သင်ကြားမှုစနစ်ဖြင့် ဆရာနှင့်သင်တန်းသားများ အပြန်အလှန်ဆွေးနွေး သင်ကြားသွားမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြေယာဥပဒေ၊ မိမိတို့ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းပဒေများ စသည်တို့ကို နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၂၉) ဦး တက်ရောက်ကြပြီး သင်တန်းကာလကို (၁)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment