Wednesday, October 26, 2022

(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၂၆

(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် Virtual Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြသည်။

(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေး၌ အာဆီယံ ထိပ်သီးအစည်းအဝေးများမှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များ၊ အာဆီယံဒေသတွင်း၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍနှင့်စပ်လျဉ်းသည့် မူဝါဒဆိုင်ရာမူဘောင်များအား အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး (၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၏ အစီရင်ခံစာတွင်ပါရှိသော အာဆီယံလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စားနပ်ရိက္ခာကဏ္ဍ၊ သီးနှံကဏ္ဍ၊ ငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးကဏ္ဍနှင့် ၂၀၂၃ခုနှစ်တွင် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် အဓိကလုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုကြသည်။

(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကိုအခြေခံထားသည် နှင့်အညီ  မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း၊  ပြည်ပပို့ကုန်မှရရှိငွေ ၃၅ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသရှိလူဦးရေ ၇၀ရာခိုင်နှုန်းတို့သည် လယ်ယာလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ခြင်းမရှိဘဲ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း ၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ၆ သန်း၊ နှမ်းတန်ချိန်  ၀ ဒသမ ၃ သန်းနှင့် ရေထွက်ပစ္စည်းတန်ချိန် ၀ ဒသမ ၆ သန်းတို့ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ထိုသို့စားနပ်ရိက္ခာဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်မှုကြောင့် ဒေသတွင်းစားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံရေးကို ဝိုင်းဝန်း ဖြည့်ဆည်းပေး နိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်နိုင်မှုသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ(၂)ခု၏ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီပေးမှုကြောင့် ဖြစ်ပါကြောင်း ပြောကြားသည်။

အလားတူ (၂၂) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေးကို မွန်းလွဲ(၁)နာရီတွင်ကျင်းပရာ အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးမှ ချမှတ်ခဲ့သော လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များ၊ အာဆီယံအပေါင်းသုံးနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေ၊ အာဆီယံ အပေါင်းသုံး ဆန်အရန်ရိက္ခာထားရှိရေး သဘောတူညီချက်နှင့် အာဆီယံစားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်တို့၏ အကောင်အထည်ဖေါ်ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းအစီအစဉ်များကို ချမှတ်ပေးခဲ့ကြပြီး အစည်းအဝေးဆိုင်ရာ ပူးတွဲကြေညာချက်တို့ကို သဘောတူခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က အာဆီယံနိုင်ငံများရှိ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အတွက်နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိသည့် အပေါင်းသုံးနိုင်ငံများဖြစ်ကြသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အာဆီယံ အပေါင်းသုံးဆန်အရန် ရိက္ခာထားရှိရေး သဘောတူညီချက် ၏ Tier 3  ၂၀၂၂ ခုနှစ် အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန် (၆၀၀)အား မြန်မာနိုင်ငံတွင် သိုလှောင်ရန် ကမ်းလှမ်းလာမှု အပေါ် ကြိုဆိုပါကြောင်းနှင့် ထိုသို့ ကမ်းလှမ်းလာမှုအတွက် ကိုရီးယား သမ္မတနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိ ပါကြောင်းဆွေးနွေးပြောကြားခဲ့သည်။

(၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ညနေ(၄)နာရီတွင် ကျင်းပရာ အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေး၊ အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးနှင့် အာဆီယံ-အိန္ဒိယစီးပွားရေးဝန်ကြီးများ အစည်းအဝေးများမှထွက်ပေါ်လာသော လယ်ယာကဏ္ဍဆိုင်ရာအချက်များနှင့် အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အကောင်အထည်ဖေါ် ဆောင်ရွက်မှု အခြေအနေတို့ကိုအခြေခံ၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အစည်းအဝေးတက်ရောက် လာကြသော ဝန်ကြီးများက အကြံပြုဆွေးနွေးကြသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရေရှည်တည်တံ့ပြီး သဘာဝနှင့်လိုက်လျောညီထွေရှိရုံ သာမကရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သာ စိုက်ပျိုးရေးဖြစ်ထွန်းလာစေရေးနှင့် မြေဆီလွှာ ရေရှည်တည်တံ့ စေရေးအတွက် စီမံခန့်ခွဲရေးလုပ်ငန်းများအား အဆင့်မြင့်အရာရှိကြီးများနှင့် လုပ်ငန်းအဖွဲ့အနေဖြင့် ပိုမိုအားထုတ်ကြိုးပမ်းရန် တိုက်တွန်းလိုပါကြောင်း၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုသည် ပိုမိုထိရောက်ပြီး အကျိုးရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် (၇)ကြိမ်မြောက်အာဆီယံ-အိန္ဒိယလယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို အတည်ပြုခဲ့ကြကာ အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment