Monday, October 24, 2022

သုံးဖြာသောသာသနာ နှစ်ပေါင်းရှည်ကြာတည်တံ့စေရေး

 

ဆရာတော်- သာသနာဆိုသည် အဘယ်နည်း။ ဆုံးမတတ်သလော၊ ဆုံးမအပ်သလော။ ဆုံးမကြောင်းဖြစ်သလော သိသာအောင်အမိန့်ရှိတော်မူပါဟူသော အလောင်းမင်းတရား၏ အမေးပုစ္ဆာကို သဒ္ဒါအလိုအားဖြင့် ဆုံးမတတ်သည်လည်းသာသနာမည်၏။ ဆုံးမအပ်သည်လည်း သာသနာမည်၏။ ဆုံးမကြောင်းသည်လည်း သာသနာမည်၏ဟူ၍ အတုလဆရာတော်က ဖြေကြားခဲ့သည်။

ဗုဒ္ဓမြတ်စွာသာသနာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟူ၍ သာသနာသုံးရပ်ရှိရာ ပရိယတ္တိသာသနာသည် ဘုရားရှင်၏စကားတော်ဖြစ်သော ပိဋကတ်သုံးပုံဖြင့် သတ္တဝါတို့ကိုဆုံးမသည်။ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့သည် စာရိတ္တ၊ ဝါရိတ္တသီလအဖြစ်ဖြင့် မိမိကိုယ်၌ထင်ရှားဖြစ်ကုန်သော လောဘအစရှိသည့် ကိလေသာတို့ကိုဆုံးမသည်။ သာသနာတော်သုံးပါးသည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် နှစ်ငါးထောင်တိုင်အောင်တည်ရမည်ဖြစ်ပြီး နှစ်ပေါင်းငါးထောင်မကုန်မီကာလသည် သာသနာတော်တွင်းဖြစ်သည်။ သာသနာတော်၏တည်ရာသည် ရေမြေကိုအစိုးရသော ဧကရာဇ်မင်းမြတ်တို့၏ အာဏာတော်၊ တရားကိုငဲ့၍ကျင့်ကုန်သော ရဟန်းရှင်လူတို့၏ စေတနာ၊ သည်နှစ်ပါးသောအကြောင်းကြောင့် ပင်သာသနာတော်တည် သည်ဟု မှတ်တော်မူရမည်။ သာသနာငါးထောင်တည်ရန် နှစ်လကို ဥယျာဉ်မြေခင်းကဲ့သို့လည်း ကောင်း၊ သာသနာတော်သုံးပါးကို ဥယျာဉ်မျိုးစေ့ကဲ့သို့လည်းကောင်း၊ သာသနာတော်ကိုဆောင်သော ရဟန်းရှင်လူတို့ကို ဥယျာဉ်လုပ်သောသူကဲ့သို့လည်းကောင်း၊ သာသနာတော်ကိုစောင့် သော မင်းဧကရာဇ်အာဏာတော်ကို ဥယျာဉ်ကိုလုံခြုံအောင် စည်းစောင်ရန်းလုပ်၍ ရံသောသူကဲ့ သို့မှတ်တော်မူရမည်။ ဤလေးပါးညီမှ သာသနာတော်စည်ပင်ပြန့်ပွားများပြားရာသည်ဟု အတုလဆရာတော်က ဖြေဆိုတော်မူခဲ့သည်။

မြတ်ဗုဒ္ဓ၏သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့ခဲ့ပြီဖြစ်ပြီး မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားဓမ္မကို လူသားတို့အနေဖြင့် ကောင်းစွာနားလည်ပြီး လိုက်နာကျင့်ကြံနေထိုင်ကြမည်ဆိုပါက ကမ္ဘာနှင့်အဝန်းဖြစ်ပေါ်ရင်ဆိုင်နေကြရသည့် ဘေးဒုက္ခ တို့မှလွတ်မြောက်ကာ ငြိမ်းချမ်းသာယာ၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ လူသားတို့၏ကမ္ဘာတွင် တစ်ဦးအပေါ်တစ်ဦး အနိုင်အထက်ပြုခြင်း၊ သူတစ်ပါး၏ဥစ္စာကို အဓမ္မနည်းဖြင့်ရယူခြင်း၊ မနာလိုဝန်တိုခြင်း၊ မုန်းတီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်းတို့ကြောင့် ရင်ဆိုင်နေကြရသည့်ကပ်ဘေးဆိုက်မှုများမှာ အရင်းခံအားဖြင့် လောဘ၊ ဒေါသ၊ မောဟဟူသော ကိလေသာ မီးသုံးပါးမှ စတင်ခြင်းဖြစ်သည်။

ရုပ်နာမ်ခန္ဓာ၏အတွင်းမီးဖြစ်သော ကိလေသာကို ငြှိမ်းသတ်နိုင်သည်နှင့်အမျှ ပြင်ပကမ္ဘာမှ ဘေးဒုက္ခများမှာလည်း ငြိမ်းအေးမည်သာဖြစ်ရာ ဘုရား၏တရားတော်ကသာ ငြှိမ်းသတ်နိုင်သည့် ရေအေးပင်ဖြစ်သည်။ သာသနာတော်နှစ်ပေါင်းငါးထောင်တည်တံ့နိုင်ရန်မှာ သာသနာသုံးဖြာကို ကောင်းစွာဆောင်ရန်လိုအပ်သကဲ့သို့ ကောင်းစွာစောင့်ရှောက်ရန်လည်း လိုအပ်သည်ဟူ၍ သာသနာ့နွယ်ဝင်သူတော်စင်အပေါင်းတို့အား နှိုးဆော်လိုက်ရပါကြောင်း။    

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

No comments:

Post a Comment