Friday, October 28, 2022

ပကတိအခြေအနေမှန်ကိုရှုမြင် အားမာန်အပြည့်ဖြင့်တက်လှမ်း

 



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်ရာ၌ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဖြင့် ဖော်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်ကာလတွင် အကျပ်အတည်းများ ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားပြီး ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသဖြင့် အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်ခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေးကို ပြည်ပနိုင်ငံများမှ အမြန်ဆုံးရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တာဝန်သိပြည်သူများ၏ ဝိုင်းဝန်းကူညီမှု၊ စည်းကမ်း လိုက်နာမှုများဖြင့် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး စားရေရိက္ခာပေါများသော နိုင်ငံဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်သောကြောင့် စားရေရိက္ခာများ လုံလောက်အောင်ရှိခဲ့သည်။ ယခုအခါတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တိုးတက် ကောင်းမွန်လာသည့် အရွေ့ဘက်သို့ ရောက်ရှိလာပြီဖြစ်၍ တိုင်းပြည်တည်ငြိမ် အေးချမ်း၊ သာယာဝပြောရေးကို ဆက်လက် ဆောင်ရွက်နေသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာတွင် နိုင်ငံရေးကို အကြောင်းပြု၍ ပေါ်ပေါက်လာသော အကြမ်းဖက်အဖျက်သမားများ၏ နှောင့်ယှက် ဖျက်ဆီးမှုများနှင့် ကြုံတွေ့ရသည်။ ထို့အပြင် အစွန်းရောက်နိုင်ငံရေးသမား၊ အကြမ်း ဖက်သမားများနှင့် အပေါင်းပါနိုင်ငံအချို့နှင့်အဖွဲ့အစည်းများက မြန်မာနိုင်ငံ၏ ပကတိဖြစ်ရပ်မှန်အခြေအနေများကို မျက်ကွက်ပြု၍ ဖြစ်ရပ်အမှန်ကို ပြောင်းပြန်လုပ်ကာ အကြမ်းဖက်အဖွဲ့များဘက်မှ ရပ်တည် ဆောင်ရွက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေမှန်များကို မသိရှိစေရန်အတွက် ဆောင်ရွက်နေမှုများတွင် ပြည်ပ လက်ဝေခံမီဒီယာများက အဓိကဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအား အဆိပ် အတောက် သတင်းမှိုင်းမိစေပြီး စိတ်မသက်မသာဖြစ်စေရန်အတွက် တစိုက် မတ်မတ်ဆောင်ရွက်နေသည်။

နိုင်ငံရေးနှင့်စီးပွားရေးသည် ဆက်စပ်လျက်ရှိပြီး ကုလသမဂ္ဂတွင်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်းကောင်း၊ အာဆီယံမျက်နှာစာတွင် လည်းကောင်း မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားအမျိုးမျိုးပေးလျက် ရှိသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားသည်နှင့်အညီ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း၊ ပြည်ပ ပို့ကုန်မှရငွေ ၃၅ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းခွင်များတွင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှုကျဆင်းခြင်းမရှိဘဲ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၆ သန်း၊ နှမ်းတန်ချိန် သုည ဒသမ ၃ သန်းနှင့် ရေထွက်ပစ္စည်းတန်ချိန် သုည ဒသမ ၆ သန်းတို့ကိုတင်ပို့ နိုင်ခဲ့သည်။ အဆိုပါဆောင်ရွက်နိုင်မှုများသည် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ခု ဆောင်ရွက်နိုင်မှု ပကတိအခြေအနေမှန်များဖြစ်သည်။

အာဆီယံအသိုင်းအဝိုင်းတွင် နိုင်ငံရေးအရ ဖိအားပေးမှုများ၊ စွက်ဖက်မှုများ ရှိနေသော်လည်းမိတ်ဆွေနိုင်ငံများနှင့်ဆက်ဆံပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ အာဆီယံ + ၃ ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အာဆီယံ နိုင်ငံများရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် + ၃ နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့က နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိသည်။ အာဆီယံ + ၃ ဆန်အရန်ရိက္ခာထားရှိရေး သဘောတူညီချက်အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၆၀၀ အား မြန်မာနိုင်ငံတွင်သိုလှောင်ရန် ကမ်းလှမ်းလာမှုကို ကြိုဆိုရမည်ဖြစ်သည်။ အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးများတွင်လည်း စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍပူးပေါင် းဆောင်ရွက်ရေးကို အကောင်အထည်ဖော်လျက် ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နိုင်ငံတော်အစိုးရနှင့်ပြည်သူများ ပူးပေါင်း လက်တွဲကြိုးပမ်း ဆောင်ရွက်မှုကြောင့် အောင်မြင်တိုးတက်မှုများရရှိနေပြီး ပကတိ အခြေအနေမှန်များကို ဖုံးကွယ်၍ နိုင်ငံတကာမှ အထင်အမြင်လွဲမှားအောင် မသမာသူ အဖျက်သမားများက ကြံစည်လုပ်ဆောင်နေကြသော်လည်း မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့်မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းကူညီမှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားမာန်အပြည့်ဖြင့် ဆက်လက်တက်လှမ်းနေမည် ဖြစ်ပါကြောင်း။         ။

No comments:

Post a Comment