Saturday, October 29, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၄) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၂၈


တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၄)ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ ဗိုလ်ချုပ်အောင်မျိုးသန့်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းသို့တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) အားအလေးပြုကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။

ထူးချွန်ဆုများပေးအပ်

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈၄)မှ စံပြလေသူရဲဆုရ ဗိုလ်ထက်နိုင်ဝင်း၊ လေယာဉ်မောင်းထူးချွန်ဆုရ ဗိုလ်ထက်မြက်ကျော်၊ စာပေထူးချွန်ဆုရ ဗိုလ်ဒေါ်အင်ကြင်းခက်တို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် တပ်မတော်(လေ)ကို ကျစ်လျစ်ပြီးစွမ်းရည်ထက်မြက်သည့် ခေတ်မီလေတပ်အဖြစ် တည်ဆောက်ရာတွင် ကျွမ်းကျင်ပြီး အရည်အချင်း/အရည် အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စနစ်တကျ လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ လေ့ကျင့်ပေးရာတွင် အရေးအကြီးဆုံးဖြစ်သည့် လေသူရဲလေ့ကျင့်မှုအတွက် လေယာဉ်မောင်းသင်ကျောင်းတွင် နိုင်ငံတကာအဆင့်မီလေ့ကျင့်ရေး လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုပြီးလေ့ကျင့်သင်ကြားမှုများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လေယာဉ်မောင်းသင်ကျောင်း၏ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အရည်အချင်း/ အရည်အသွေးပြည့်ဝပြီး တိုက်ပွဲဝင် အသင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်မည့် လေသူရဲများမွေးထုတ်ပေးနိုင်ရေးအတွက် ပျံသန်းရေးနှင့် စာပေသင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာလေတပ်များနှင့် ရင်ပေါင်တန်းနိုင် အောင် ပြင်ဆင်/ဖြည့်စွက်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

သင်တန်းဆင်းပြီးသည်နှင့် သက်ဆိုင်ရာ ပျံသန်းရေးအုပ်အသီးသီး၌ တန်ဖိုးကြီးမားသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို တာဝန်ယူပျံသန်းမောင်းနှင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စတင်ထမ်းဆောင်ခွင့်ရတော့မည်ဖြစ်ကြောင်း၊ လေသူရဲတစ်ဦးချင်းစီ၏ ပျံသန်းမှုအရည်အချင်း၊ အရည်အသွေးမြင့်မားနေမှသာ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေယာဉ်မောင်းသင်ကျောင်းက သင်ကြားပေးလိုက် သည့် ပညာရပ်များကိုအခြေခံပြီး စဉ်ဆက်မပြတ် ဆင့်ပွားလေ့လာသင်ယူမှတ်သားနေရမည်ဖြစ် သကဲ့သို့ တောင်ပံအပ်နှင်းခံရပြီး လေသူရဲတစ်ဦးဖြစ်လာသည့်အတွက် လေသူရဲတစ်ဦး၏ ဂုဏ်အင်္ဂါရပ်များဖြစ်သည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားခြင်း၊ ထိုးထွင်းဉာဏ်ထက်မြက်ခြင်း၊ သစ္စာရှိခြင်း၊ အမိန့်နာခံတတ်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းဟူသည့် အချက်များပြည့်စုံအောင် ဆက်လက်ကြိုးစားကြရမည်ဖြစ်ကြောင်း၊ လေသူရဲတောင်ပံအပ်နှင်းသည်ဆိုရာတွင် ဝေဟင်ထက်တွင် လေယာဉ်ကိုကျွမ်းကျင်စွာပျံသန်းရင်း နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်ကိုပင်ငဲ့ကွက်ခြင်းမရှိဘဲ စွန့်လွှတ်စွန့်စားထမ်းဆောင်ရမည့်တာဝန်များကို အပ်နှင်းခံရခြင်းဖြစ်သည်ဟု နှလုံးသွင်းခံယူထားကြရန်မှာကြား လိုကြောင်း။

လေသူရဲကောင်းတစ်ဦးဆိုသည်မှာ လေယာဉ်/ရဟတ်ယာဉ်တစ်စင်းကို မောင်းနှင်ပျံသန်း တတ်ရုံနှင့်မလုံလောက်ဘဲ ပျံသန်းရေးစည်းကမ်းများကို တိကျစွာလိုက်နာတတ်မှု၊ မိမိလေယာဉ်/ရဟတ်ယာဉ်များ၏ စွမ်းပကားများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်မှု၊ ဘေးအန္တရာယ်ကင်းရှင်းစွာပျံသန်းနိုင်မှု၊ ပျံသန်းရေးစိတ်ဓာတ်မြင့်မားကောင်းမွန်မှု၊ ပျံသန်းရေးပညာနှင့် လေကြောင်းဆိုင်ရာဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု စသည့်အချက်များကို အမြဲလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လေသူရဲများအဖြစ် သက်ဆိုင်ရာပျံသန်းရေးအုပ်အသီးသီးတွင် တာဝန်ထမ်းဆောင်ကြတော့မည့် ရဲဘော်တို့သည် တပ်မတော်အရာရှိတစ်ဦးအဖြစ်သာမက ပျံသန်းရေးပိုင်းတွင် စိတ်ချယုံကြည်အားကိုးရသည့် လေသူရဲကောင်းတစ်ဦးဖြစ်ရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် မြေပြင်စည်းကမ်းပိုင်း များအပြင် ပျံသန်းရေးစည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် အန္တရာယ်ကင်းသည့်ပျံသန်းမှုနှင့် စစ်ဆင်ရေးအသင့်ဖြစ်မှုတို့ကို ရရှိလာစေပြီး တပ်မတော်အတွက်အားထားရသည့် လေသူရဲကောင်းများဖြစ်လာမည်ဆိုသည်ကို အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြား သည်။

ဂုဏ်ပြုအမှာစကားပြောကြား

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)သည် ဝေဟင်မှအုပ်ဖွဲ့ ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများကို ဂုဏ်ပြုနှုတ်ဆက်ကာ ကျောင်းဆင်းအရာရှိများနှင့်အတူမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)သည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်း ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိ သည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာ လေယာဉ်/ရဟတ်ယာဉ်အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment