Sunday, October 23, 2022

အစဉ်အလာကြီးမားသည့် စွမ်းရည်ရှိသောတပ်မတော်

 



မြန်မာနိုင်ငံသည် ပထဝီအနေအထားနှင့် သမိုင်းကြောင်းအစဉ်အလာအရ အင်အား တောင့်တင်းခိုင်မာသော၊ စွမ်းရည်ရှိသော ကာကွယ်ရေးစွမ်းအား ခိုင်မာစွာ တည်ဆောက်ထားရန် လိုအပ်သောနိုင်ငံဖြစ်သည်။ နိုင်ငံ၏ပကတိလိုအပ်ချက်အရ အစဉ်အဆက်တိုင်း ပြည်ခေါင်းဆောင်များသည် တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာအောင် ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် တိုင်းပြည်စည်းလုံးညီညွတ်ပြီး အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်ရှိသောအခါ၌ မြန်မာအင်ပါယာဟူ၍ ဒေသပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ တည်ဆောက်နိုင်သည်အထိ အင်အားကောင်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

တိုင်းပြည်စည်းလုံးညီညွတ်မှုလျော့နည်းပြီး အင်အားတောင့်တင်းခိုင်မာသည့် ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်နိုင်ခြင်းမရှိသောအခါ တိုင်းတစ်ပါးမှ ဝင်ရောက်စွက်ဖက်ပြီး အင်အားသာလွန်သောလက်နက်အားကိုးဖြင့် တိုင်းပြည် ကျွန်ဘဝသို့ အလွယ်တကူကျရောက်ခဲ့ရသည်။ အင်အားတောင့်တင်းသော ကာကွယ်ရေးစွမ်းအားဖြင့် ပြည်ထောင်စုကြီးကို နှစ်ပေါင်းထောင်ချီ အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သော်လည်း ကာကွယ်ရေးနှင့် စည်းလုံးညီညွတ်မှု လျော့နည်းသောအခါ နိုင်ငံ့လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်မှာ သင်ခန်းစာယူစရာဖြစ်သည်။ လွတ်လပ်ရေးကို တစ်ရက်တည်းနှင့်အပြီးဆုံးရှုံးခဲ့ရသော်လည်း လွတ်လပ်ရေးကို ပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းတစ်ရာကျော် ကြိုးပမ်းခဲ့ရသည်မှာလည်း သင်ခန်းစာယူစရာဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုသည် အသက်တမျှအရေးကြီးပြီးစည်းလုံး ညီညွတ်မှုချည့်နဲ့ပါက အရာရာတွင် ဆုံးရှုံးမှုများနှင့်ကြုံတွေ့ရသည်မှာလည်း သင်ခန်းစာယူစရာ ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်တစ်ပြည်အတွက် စည်းလုံးညီညွတ်မှုသည် ပထမဖြစ်သလို ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာရေးသည်လည်း ပထမဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့တို့၏ နည်းဗျူဟာသည် စစ်ရေး၊ စည်းရုံးရေး(ဝါ) သွေးခွဲရေး၊ ကုန်သွယ်ရေးဖြစ်သည်ကို အစဉ်အဆက်တွေ့ရ မည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောအခါ နှစ်ပေါင်းတစ်ရာကျော် သွေးခွဲအုပ်ချုပ်မှု၊ ပရိယာယ်အမျိုးမျိုးနှင့် ပြည်တွင်းနိုင်ငံရေး ပယောဂအမျိုးမျိုးတို့ကြောင့် တိုင်းပြည်စည်းလုံးညီညွတ်ရေး လျော့နည်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

အကျိုးရလဒ်မှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ လွတ်လပ်ရေးနှင့်အတူ ယနေ့ထက်တိုင် ရင်ဆိုင်ကြုံတွေ့ရပြီး တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက် ကြရသည်။ လက်နက်ကိုင် ပဋိပက္ခများတွင် လူမျိုးရေး၊ နိုင်ငံရေး၊ ဒေသအရေး အကြောင်းများရှိသလို လက်နက်ကိုင်ဆောင်ပြီး ဒီမိုကရေစီအရေး၊ တော်လှန်ရေးဟု အမည်တပ်ကာ လုပ်စားနေကြသူများလည်းရှိသည်။ မည်သည့်အကြောင်းပြချက်နှင့်မဆို နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိပါးလာသမျှ ပြည်တွင်း/ပြည်ပ အဖျက်ရန်စွယ် အန္တရာယ်ဟူသမျှကို တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသော၊ မျိုးချစ်စိတ်ဓာတ်ရှိသော၊ စည်းလုံးညီညွတ်မှုရှိသော မြန်မာ့တပ်မတော်က ရွပ်ရွပ်ချွံချွံ တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်ကို မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် တွေ့ရမည်ဖြစ်သည်။

မျက်မှောက်ကာလ တပ်မတော်နှင့်ပတ်သက်၍ “စွမ်းရည်ရှိသည့် တပ်မတော် ဖြစ်စေရေးအတွက် တပ်များနှင့် တပ်မတော်သားများ၏ စွမ်းရည်သုံးရပ်မြင့်မား အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်မူ ခေတ်မီလက်နက်များကို တပ်ဆင်ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့ခေတ်မီလက်နက်များကို တပ်ဆင်ပေးရန်အတွက် နိုင်ငံကိုဦးဆောင်သည့် အကြီးအကဲများအနေဖြင့်လည်း နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားမြှင့်တင်မှုအပေါ် စိတ်ပါဝင်စားမှုရှိရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးသည် တပ်မတော်နှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်မူ နိုင်ငံတော်က ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အောက်တိုဘာလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်၏ စွမ်းရည်နှင့်စွမ်းအားအခြေအနေကို ယနေ့မြင်တွေ့နိုင်ပေသည်။ တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာသည့် ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်နေခြင်းသည် တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်ရန် အတွက် တည်ဆောက်နေခြင်းဖြစ်သည်။ တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ သမိုင်းအစဉ်အလာကြီးမားခဲ့သော မြန်မာ့တပ်မတော်သည် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်လျက်ရှိသလို အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ရှိသော ခေတ်မီတပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအား အစဉ်ထာဝရ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း။ ။

No comments:

Post a Comment