သစ္စာ (MNA)
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ပထဝီသဘာဝအလှတို့ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏မြောက်ဖျားတွင် ရေခဲဖုံးလွှမ်းရာဒေသ၊ တောင်ပေါ်/မြေပြန်တို့တွင် နွေ၊ မိုး၊ ဆောင်း ဥတုသုံးမျိုးကို ပိုင်ဆိုင်ထားသောဒေသများနှင့် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကြီးကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံတကာခရီးသွားများ အထူးစိတ်ဝင်စားရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် နိုင်ငံ၏နယ်နိမိတ်ကို တော၊ တောင်များက ဝန်းရံထားပြီး နိုင်ငံအနောက်ပိုင်းနှင့် တောင်ပိုင်းတို့ကို ပင်လယ်ပြင်ကြီးနှင့် ကမ်းရိုးတန်းကြီးများက သဘာဝအကာအရံကြီးပမာ တားဆီးထားသည်။ သဘာဝအရင်းအမြစ်များနှင့် ရေသယံဇာတများစွာ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်နှင့်အညီ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ မြူခိုများဝေသီလျက်ရှိသည့် တောင်စဉ်တောင်တန်းများနှင့် ရှုမငြီးဖွယ်ပင်လယ်ပြင်သဘာဝအလှတို့က ပြည်တွင်းပြည်ပ ခရီးသွားတို့ကို ရာသီအလိုက်လာရောက်အပန်းဖြေနိုင်ရန် ဆွဲဆောင်လျက်ရှိသည်။
ပင်လယ်ပြင်ကိုပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့်
ရခိုင်ပြည်နယ်ကမ်းရိုးတန်းမှသည် တနင်္သာရီကမ်းရိုးတန်းအထိ သဘာဝအလှတို့ဖြင့် နိုင်ငံ၏အလှကို
ဝန်းရံတင့်တယ်စေလျက်ရှိသည်။ အထူးသဖြင့် ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသော ကျွန်းများသည်
ဖန်တီးထားသောကျွန်းမျောများမဟုတ်ဘဲ သဘာဝအတိုင်းတည်ရှိနေသော ကျွန်းများလည်းဖြစ်သည်။
ခရီးသွားရာသီတို့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင်ရှိသည့် ဆလုံတိုင်းရင်းသားများနေထိုင်ရာ
ကျွန်းများသို့ ပြည်တွင်းပြည်ပခရီးသွားများ အပန်းဖြေလာရောက်ကြလေ့ရှိသည်။
သဘာဝအတိုင်းလှပနေဆဲကျွန်း
ရခိုင်ပြည်နယ်တွင်လည်း ဆိပ်ကမ်းများနှင့်
ကျွန်းများစွာရှိကြရာ ထိုကျွန်းတို့တွင် မာန်အောင် ကျွန်းသည် အပျိုစင်ကဲ့သို့လှသွေးကြွယ်လျက်
သဘာဝအတိုင်းလှပနေဆဲကျွန်းအဖြစ် သန့်ရှင်း လတ်ဆတ်စွာ မူလအတိုင်းတည်ရှိနေမှုကြောင့် ပြည်တွင်းပြည်ပခရီးသွားများကြားတွင်
ထင်ရှား လာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့်ထိစပ်လျက်ရှိပြီး
နိုင်ငံ၏အသည်းနှလုံးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် တစ်ဆက်တည်းဖြစ်သောကြောင့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်သည် ခရီးလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အတွက်
ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများသို့ မြန်မာပြည်အနှံ့ ခရီးသွားများနှင့် နိုင်ငံတကာခရီးသွားများက
ပွင့်လင်းရာသီတွင် တစ်ဖွဲဖွဲလာရောက်အပန်းဖြေ လည်ပတ်ကြခြင်းဖြစ်သည်။
မာန်အောင်ကျွန်း၏ရင်သပ်ရှုမောဖွယ်
သဘာဝအလှများ
ရခိုင်ပြည်နယ်တွင်ရှိသော မာန်အောင်ကျွန်းသည်
စတုရန်းမိုင် ၂၀၂ ဒသမ ၀၅မိုင် ကျယ်ဝန်းပြီး မြို့အကျယ်အဝန်းသည် ၀ ဒသမ ၇၅ စတုရန်းမိုင်
ကျယ်ဝန်း၍ ရခိုင်၊ ဗမာနှင့် ချင်းလူမျိုးတို့ နေထိုင်လျက်ရှိသည်။ လူဦးရေ ၆၈၀၀၀ ကျော်ရှိပြီး
ရပ်ကွက်ပေါင်းငါးခုနှင့် ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စုတွင် ကျေးရွာပေါင်း ၁၃၆ ရွာတည်ရှိသော
ကျွန်းမြို့ငယ်လေးဖြစ်သည်။ ရန်ကုန်မြို့နှင့် စာလျှင် ရပ်ကွက်တစ်ခု၏ လူဦးရေထက်နည်းသော
ကျွန်းတစ်ကျွန်းလည်းဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပပြီး ဆန်စပါးနှင့်ပင်လယ်စာပေါကြွယ်ဝသော
ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။ တောတောင်တို့တွင် သားငှက်တောရိုင်းတိရစ္ဆာန်များစွာရှိပြီး
ကျွန်းပတ်လည်တွင် စိမ်းညို့ညို့တောအုပ်နှင့် တောင်ကုန်းများ၊ သဲမွမွသောင်ခုံများ၊ သန္တာကျောက်တန်းများ၊
အုန်းပင်တန်းများ၊ ရာသီအလိုက်စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများနှင့် ကမ်းနီးသန္တာကျောက်တန်းများ၊
နံနက်ခင်းပင်လယ်ပြင်မှထွက်ပေါ်လာသော ရွှေရောင်ဝင်းလက်နေသည့် နေခြည်နုနုအလှနှင့် အပြာရောင်ပင်လယ်ပြင်ကြီးတွင်
ငုပ်လျှိုးရန် အားယူနေသော ပုစွန်ဆီရောင်သမ်းနေသည့် ဆည်းဆာအလှတို့သည် မြို့ပြမွန်းကျပ်မှုတို့ကို
ပြေပျောက်စေလျက် ရင်သပ်ရှုမောဖွယ် သဘာဝအလှတို့ကို ပေးစွမ်းလျက်ရှိသည်။ ပင်လယ်ပြင် အလှကိုကြည့်ရှု၍
စိတ်အပန်းဖြေမှုသည် ရုပ်ခန္ဓာ၏ပင်ပန်းနွမ်းနယ်မှုတို့ကို လျော့ကျစေလျက် သန့်ရှင်းသောလေက
စိတ်နှလုံးအေးချမ်းမှုကိုရရှိစေသည်။ မာန်အောင်ကျွန်းသည် ပင်လယ်ပြင်သဘာဝအလှ၏ဆွဲဆောင်မှုဖြင့်
ဘဝအမောများကို ပြေပျောက်စေလျက်ရှိသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်း
မာန်အောင်ကျွန်းတွင် အပန်းဖြေဟိုတယ်များရှိပြီး
အုပ်ဆိုင်းနေသောတောအုပ်၊ တောင်ကုန်းများနှင့် ပွင့်လင်းရာသီတွင် ရွှေဝါရောင်စပါးခင်းများ၊
သန္တာကျောက်တန်းများနှင့် ပင်လယ်ပြင်တွင် ကျွန်းအချို့ကို တွေ့မြင်ရမည်ဖြစ်သည်။ ၂၀၂၁
ခုနှစ် သင်္ကြန်ကာလတွင် ငပလီနည်းတူ မာန်အောင်ကျွန်းသို့ အပန်းဖြေခရီးသွားများ မထင်မှတ်ဘဲဝင်ရောက်လာ
မှုကြောင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိခဲ့ပြီး သဘာဝအခြေခံခရီးသွား
လုပ်ငန်းမှ ဝင်ငွေများစွာရရှိခဲ့ကြသည်။ မာန်အောင်ကျွန်းသို့ အပန်းဖြေခရီးစဉ်လာရောက်ရာတွင် ရန်ကုန်မှခရီးသွားများ လမ်းနှစ်သွယ်ဖြင့် လာရောက်ကြလေ့ရှိသည်။
ပထမလမ်းခရီးမှာ လေကြောင်းဖြင့် ရန်ကုန်မှကျောက်ဖြူသို့စီးနင်းပြီး
ကျောက်ဖြူမှ လေးထောင်ဆိပ်ကမ်းသို့ ဟိုတယ်မှကြို/ပို့ကားဖြင့်လိုက်ပါကာ ဆိပ်ကမ်းမှရှပ်ပြေးယာဉ်ဖြင့်
မာန်အောင်ကျွန်းသို့ လာရောက်ခြင်းဖြစ်သည်။
ဒုတိယလမ်းခရီးမှာ ရန်ကုန်မှတောင်ကုတ်သို့
မှန်လုံယာဉ်ဖြစ်စေ၊ ကိုယ်ပိုင်ယာဉ်ဖြင့်ဖြစ်စေ လာရောက်၍ တောင်ကုတ်ဆိပ်ကမ်းတွင်ညအိပ်ကာ
နံနက်ခင်းတွင် ရှပ်ပြေးယာဉ်ဖြင့် မာန်အောင်ကျွန်းသို့ လာရောက်ခြင်းဖြစ်သည်။
One
Stop Services ဝန်ဆောင်မှုသစ်
ယခုလာမည့်နိုဝင်ဘာလ ပွင့်လင်းခရီးသွားရာသီတွင်
မာန်အောင်ကျွန်းသို့ အပန်းဖြေခရီးသွား များလာရောက်ရာ၌ အဆင်ပြေချောမွေ့စွာဖြင့် အပန်းဖြေနိုင်ရန်
မိမိတို့ဒေသမှ မာန်အောင်ကျွန်းသို့ ခရီးစဉ်အတွင်း ဝန်ဆောင်မှုကဏ္ဍသစ်တစ်ခုအနေဖြင့်
One stop services ဝန်ဆောင်မှုကိုဟိုတယ်များက စီမံဆောင်ရွက်ထားလျက်ရှိသည်။ လေကြောင်းခရီးစဉ်ဖြစ်စေ၊
ကုန်းလမ်းခရီးစဉ်ဖြစ်စေ မာန်အောင်ကျွန်းအပန်းဖြေခရီးစဉ်အတွက် Online နှင့် ဟိုတယ် ရုံးခွဲများက
ကြိုတင်ဝန်ဆောင်မှုများကို ပေးလျက်ရှိသည်။ အထူးသဖြင့် သွားလာမှုအဆင်ပြေ ချောမွေ့စေရန်
ယမန်နှစ်ထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုတို့ကို ဆောင်ရွက်ထားရှိခြင်းဖြစ်သည်။
ဟိုတယ်များ၏ဝန်ဆောင်မှုများ
မာန်အောင်ကျွန်းအလှကို ကျွန်းပတ်၍ကြည့်ရှုနိုင်ပြီး
ပြင်ကောက်ရွာကမ်းခြေရှိ သန္တာကျောက်တန်းများ၊ ရေအောက်တွင်ရှိသော ငါး/ပုစွန်များ၊ လက်ဖက်ကျွန်းမီးပြတိုက်နှင့်
မာန်အောင်ကျွန်းအနီးရှိ သိုက်ကျွန်းနှင့်ရဲကျွန်းသို့ အပန်းဖြေခရီးသွားများ သွားရောက်လည်ပတ်ကြလေ့ရှိသည်။
မာန်အောင်ကျွန်းရှိ မာန်အောင်ကမ်းခြေဟိုတယ်မှ အထွေထွေမန်နေဂျာ ဦးထွန်းလင်းအောင်က မာန်အောင်ကျွန်းသည်
အပျိုစင်ကျွန်းဟု အမည်ရရှိထားသည်နှင့်အညီ ခရီးသွားလုပ်ငန်းနှင့်ထိတွေ့မှုမှာ ယခုခရီးသွားရာသီနှစ်တွင်
နှစ်နှစ်မြောက်ကာလသာရှိသေးကြောင်း၊ နေထွက်ချိန်မှစ၍ နေဝင်ချိန်အထိ ပင်လယ်ပြင် သဘာဝအလှနှင့်
ဒေသခံရခိုင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကိုလည်း နီးနီးကပ်ကပ် တွေ့မြင်ရသော
နေရာတစ်ခုဖြစ်ကြောင်း၊ ပြီးခဲ့သောသင်္ကြန်ကာလတွင် ရေပက်ခံမဏ္ဍပ်များ ထိုး၍ ရေသဘင်ပွဲတော်ကိုကျင်းပခဲ့ရာ
ခရီးသွားများဖြင့် အထူးစည်ကားခဲ့ကြောင်း၊ လတ်ဆတ်သောပင်လယ်စာများကို ဝါရင့်စားဖိုမှူးများကိုယ်တိုင်
ချက်ပြုတ်ခြင်းဖြစ်ပြီး ဒေသအစားအစာများကိုလည်း ဒေသခံရခိုင်တိုင်းရင်းသားစားဖိုမှူးများကိုယ်တိုင်
ဝန်ဆောင်မှုပေးထားကာ ခရီးသွားများကို လှိုက်လှဲပျူငှာနွေးထွေးစွာဖြင့် ကြိုဆိုလျက်ရှိနေပါ
ကြောင်း၊ ကိုလိုနီလက်ထက်တွင် နိုင်ငံခြားသားများ လာရောက်အပန်းဖြေရာနေရာ တစ်ခုဖြစ်ခဲ့ပြီး
ထူးခြားသောလက္ခဏာများစွာရှိနေသော တောင်နီတောင်နှင့် နဂါးပွက်တောင်ကိုလည်း လူသိများကြကြောင်း၊
နှစ်ယောက်ခန်းတစ်ခန်းလျှင် ကျပ်ခြောက် သောင်းဖြင့် နံနက်စာဝန်ဆောင်မှုပေး၍ ပင်လယ်ကမ်းခြေတွင်
ရေမကူးရဲသူတို့အတွက် ဟိုတယ်တွင်ရေကူးကန်နှင့်ဘားများထားရှိကြောင်း၊ ပင်လယ်ပြင်သဘာဝအလှတို့စုဝေးရာ၊
လတ်ဆတ်သောပင်လယ်လေကို ကမ်းခြေသောင်ပြင်တွင် အားပါးတရရှူရှိုက်၍ လွတ်လပ်ပေါ့ပါးစွာဖြင့်
အပန်းဖြေအနားယူနိုင်ရန် မာန်အောင်ကျွန်းမှ ဖိတ်ခေါ်လျက်ရှိနေပါ
ကြောင်း ပြောကြားပါသည်။
နွေးထွေးပျူငှာစွာကြိုဆိုနေ
အောက်တိုဘာလ တတိယပတ်တွင် ဆောင်းရာသီကို
ပွေ့ဖက်သယ်ဆောင်လာသော မြောက်ပြန်လေတို့သည် စတင်တိုက်ခတ်လျက်ရှိသည်။ နိုဝင်ဘာလခရီးသွားရာသီတွင်
ဟေမာန်ဆောင်းနှင်းတို့အပြိုင် ဝင်ရောက်လာမည့် အေးချမ်းသောလက္ခဏာပင်ဖြစ်သည်။ နိုင်ငံတော်မှ
ပြည်တွင်းပြည်ပခရီးသွားများ စိတ်အေးချမ်းစွာသွားလာအပန်းဖြေနိုင်ရန် ခရီးသွား လုပ်ငန်းများကို
အားပေးကူညီခဲ့ပြီဖြစ်သည်။ မိမိတို့စိတ်အားထက်သန်ရာ အပန်းဖြေခရီးတို့တွင် ပြည်တွင်းပြည်ပခရီးသွားပြည်သူအပေါင်းအနေဖြင့် စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ကြပါစေကြောင်းနှင့်
အပန်းဖြေခရီးစဉ်တို့တွင် ပင်လယ်ကမ်းခြေ အပန်းဖြေမှုသည် ဘဝ၏အမောများကို အပြည့်အဝပြေလျော့စေ
သော အပန်းဖြေခြင်းတစ်ခုဖြစ်ရာ
သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပနေသော ရခိုင် ပြည်နယ်မှ အပျိုစင်မာန်အောင်ကျွန်းက အပန်းဖြေခရီးသွားတို့အား နွေးထွေးပျူငှာလှိုက်လှဲစွာ
လက်ကမ်းကြိုဆိုနေပါကြောင်း ရေးသားလိုက်ရပါသည်။
No comments:
Post a Comment