Thursday, October 27, 2022

(၁၀)ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၇

၂၀၂၂ ခုနှစ် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် လာအိုနိုင်ငံမှ ကြီးမှူး၍ (၁၀) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာဝန်ကြီးများ အစည်းအဝေး (ASEAN Ministers Responsible for Culture and Arts - AMCA) နှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံအပေါင်းသုံးဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ကြသည်။

အာဆီယံ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီး H.E. Mdm. Suanesavanh VIGNAKET က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါအလွန်တွင် လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ယဉ်ကျေးမှုနှင့်အနုပညာသည် အရေးပါသောကဏ္ဍဖြစ်ပါကြောင်း၊ အာဆီယံ အပေါင်းသုံး ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့နှင့် ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်နှင့် ခိုင်မာအားကောင်းလာစေရန် အာဆီယံ ယဉ်ကျေးမှုနှင့်အနုပညာ မဟာဗျူဟာစီမံကိန်း ၂၀၁၆- ၂၀၂၅၊ အာဆီယံ လူမှုရေး - ယဉ်ကျေးမှု အခြေပြမြေပုံ ၂၀၂၅ နှင့် ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး(AMCA)မှ ထုတ်ပြန်ချက်များနှင့် အာဆီယံကြေညာချက်များ အပါအဝင် ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်တို့အား ပိုမိုအားကောင်းစေရန် ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။

(၁၀) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (ASEAN Ministers Responsible for Culture and Arts - AMCA) ထုတ်ပြန်ချက်၌ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ကဏ္ဍများစွာတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှု အရှိန်အဟုန်ဖြင့် တိုးမြင့်လာမှုကြောင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မှုများ မြင့်တက်လာခဲ့ပါကြောင်း၊ ကပ်ရောဂါအလွန် ပြန်လည်ထူတောင်ရေးတွင် ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာအသစ်များကို အသုံးချခြင်းသည် ကောင်းမွန်သောနည်းလမ်းများပင် ဖြစ်ပါကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက် ခဲ့ရသော လူမှုရေးနှင့် စီးပွားရေးကဏ္ဍတို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက် ရာတွင် ယဉ်ကျေးမှုနှင့်အနုပညာကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍ ဖြစ်ပါကြောင်း၊ ကပ် ရောဂါဖြစ်ပွားမှုအတွင်း အာဆီယံယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ မတူကွဲပြားမှု၊ အာဆီယံ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည် မြှင့်တင်ရေး စသည့်လုပ်ငန်းများစွာတွင် ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မျိုးဆက်သစ်လူငယ်များအား အသိအမှတ်ပြုပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှု အကောင်အထည်ဖော်မှုဆိုင်ရာ ဆီရမ်ရိကြေညာစာတမ်းအား အကောင်အထည်ဖော်ဆောင်နိုင်မှုနှင့်စပ်လျဉ်း၍ ကြိုဆိုပါကြောင်း၊ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ချမှတ်ထားသည့် မဟာဗျူဟာများ၌ အာဆီယံဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး မူဝါဒများပါဝင်မှုကို အားပေးပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘော ဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပခဲ့သည့် “ယဉ်ကျေးမှုပစ္စည်း ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာ ညီလာခံ- ယဉ်ကျေးမှုပစ္စည်း တရားမ၀င်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေး- အာဆီယံရှုထောင့်” အပြည်ပြည်ဆိုင်ရာ ညီလာခံအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုထား သည့် ယဉ်ကျေးမှုပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ အာဆီယံယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (AMCA)၏ ထုတ်ပြန်ချက်အား မြန်မာနိုင်ငံက ကြိုဆိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် (၁၈) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၅ ရက်က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီး (SOMCA Leader) သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment