နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စား လှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှ အဆက်)
ဆက်လက်၍ ပြည်ဖျက်မီဒီယာများ၏ သတင်းမှားထုတ်လွှင့်မှု၊
သတင်းမှန်များကို ဖုံးကွယ်မှုကြောင့် မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေနှင့် အဖြစ်မှန်ကိုမသိဘဲ
ဖြစ်နေကြသည့် နိုင်ငံတကာ၏ လက်တွေ့အခြေအနေများကို ပြောလိုကြောင်း၊ မကြာသေးမီက နိုင်ငံတော်အဆင့်
ဧည့်သည်တော်တစ်ယောက် မြန်မာနိုင်ငံကိုရောက်လာကြောင်း၊ ၎င်းတို့နိုင်ငံ၏ မီဒီယာများက
ဖော်ပြချက်၊ အခြားပြည်ဖျက်မီဒီယာများ၏ ဖော်ပြချက်အရမြန်မာ နိုင်ငံတွင် အခြေအနေတော်တော်ဆိုးနေပြီ၊
ရန်ကုန်၊ နေပြည်တော်ကဲ့သို့သောဒေသများတွင်ပင် လူများမသွားရဲ၊ မလာရဲဖြစ်နေပြီ၊ ပစ်ခတ်တိုက်ခိုက်မှုများ
အချိန်ပြည့်ဖြစ်နေပြီ၊ မည်သည့်နေရာမှမလုံခြုံတော့ဟူ၍ ထင်မိသည်ဟုပြောကြောင်း၊ ယခုရောက်လာသည့်အခါတွင်
တခြားစီဖြစ်နေကြောင်း၊ ရန်ကုန်လေဆိပ်မှ မြို့ထဲသွားသည့် အခါတွင်လည်း ပုံမှန်ဖြစ်ပြီးရန်ကုန်မှ
နေပြည်တော်လာသည့် အခါတွင်လည်း ပုံမှန်အတိုင်းဖြစ်သည်ကို လက်တွေ့တွေ့ခဲ့ရကြောင်း၊ ၎င်းတို့အကြား၊
၎င်းတို့အထင်များ တလွဲဖြစ်နေသည်ကို နိုင်ငံတော်အကြီးအကဲကို ပြောခဲ့ပါကြောင်း။
မီဒီယာများ၏လှည့်စားမှု
မိမိတို့နိုင်ငံတွင်စာတတ်မြောက်မှုနှုန်း
၉၀ ရာခိုင်နှုန်းကျော်ရှိပြီး အလယ်အလတ်အဆင့် ဖြစ်ကြောင်း၊ မိမိရည်ညွှန်းပြောဆိုသွားသည့်
ဂျပန်နိုင်ငံသည် စာတတ်မြောက်မှုနှုန်းရာနှုန်း ပြည့်ဖြစ်ကြောင်း၊ မိမိတို့လေ့လာထားချက်အရ
ပညာရေးစစ်တမ်းများအရ အထက်တန်းပညာ ပြီးမြောက်၍ တက္ကသိုလ်အဆင့်တက်ရောက်နိုင်သူ ၅၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊
ယင်းကဲ့သို့သော နိုင်ငံပင်လျှင် မီဒီယာများ၏ လှည့်စားမှုကိုခံနေရသည်ကို တွေ့ရကြောင်း၊
မိမိတို့နိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံသည် အလယ်တန်းပညာ မရှိ/ မပြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊
မိမိတို့ကဲ့သို့ အလယ်တန်းပညာရေးအဆင့်နှင့် အောက်သာရှိသူ သုံးပုံတစ်ပုံရှိသည့် နိုင်ငံဆိုလျှင်ဆိုဖွယ်မရှိပါကြောင်း၊
မိမိတို့သွားနေသည်မှာ ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်ပါကြောင်း၊ ယင်းစနစ်တွင် လူတစ်ဦးချင်းစီ၏
ပညာရည်ပြည့်ဝမှုကအရေးကြီးကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူတိုင်းပညာသင်ကြားနိုင်ရေး၊
ပညာရည်မြင့်မားရေးအားသွန်ခွန် စိုက်ဆောင်ရွက်နေကြောင်း၊ ယင်းကိုမည်သူတို့က နှောင့်ယှက်နေပါသလဲ၊
ပြည်သူလူထု ပညာရည်မြင့်မားလာမည်ကို မည်သူတို့က ကြောက်နေကြပါသလဲ၊ ယင်းကဲ့သို့ ဒီမိုကရေစီအမည်ခံ
အာဏာရှင်စနစ်ထူထောင်လိုသူများ၊ ငါနှင့်မတူငါ့ရန်သူဆိုသူများက ကြောက်နေကြခြင်းဖြစ်ကြောင်း၊
ထို့ကြောင့် လူငယ်လူရွယ်များ၏ ပညာရေးအနာဂတ်ကို နည်းလမ်းပေါင်းစုံဖြင့်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း။
ဆက်လက်ပြီး စတုတ္ထအချက်အနေဖြင့် ခရိုင်
၅၀ တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်း များကို အခြေခံပညာအထက်တန်းကျောင်းတစ်ခုစီတွင်
တွဲဖက်ဖွင့်လှစ်နိုင်မည့်ကိစ္စများကို ပြောမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏အခြေခံကျသည့်
လူမှုနယ်ပယ်သည် ကျေးလက်ဒေသဖြစ် ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည်လည်း ကျေးလက်နေပြည်သူများသာဖြစ်ကြောင်း၊
ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်း များကို
လုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပြီး
အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး
အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်
ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံ တိုးချဲ့ဖွဲ့စည်းပေးခဲ့သကဲ့သို့
ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ
တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့်
စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊ ၎င်းတို့အထဲမှ
ထူးချွန်သူများ အနေနှင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများနှင့် တက္ကသိုလ်များကိုဆက်လက်
တက်ရောက်ရန်၊ ယင်းနောက် အခြား ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ သင်ကြားသည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း
ပုံမှန်အတိုင်း ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင်
ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုတွဲဖက်သည့်အထက်တန်းကျောင်းပေါင်း
၅၀ ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းဖွင့်လှစ်မည့်မြို့များ
ရွေးချယ်ရာတွင် ဒေသအတွင်းရှိ စိုက်ပျိုးနေသည့် မြေဧရိယာနှင့် မွေးမြူနေသည့်တိရစ္ဆာန်ယူနစ်များဖြင့်
ချိန်ထိုးဆောင်ရွက်မည်ဖြစ်ကြောင်း၊ Grade9 တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများအနေဖြင့်
ဒေသအခြေအနေ ဦးစားပေးအလိုက် ပထမဦးစားပေးခရိုင် ၅၀၊ ဒုတိယဦးစားပေးခရိုင် ၃၀ နှင့် တတိယဦးစားပေး
ခရိုင် ၂၀၊ စုစုပေါင်း ခရိုင် ၁၀၀ တွင် ဖွင့်လှစ်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊
ကျောင်းများဖွင့်လှစ်ရာတွင် ဦးစားပေး အလိုက်ရွေးချယ်ထားသည့် ခရိုင်များတွင် တစ်ဆက်တစ်စပ်တည်း
အသုံးပြုနိုင်မည့် ကျောင်းမြေနေရာ အကျယ်အဝန်းလုံလောက်မှု၊ခရိုင်မြို့ သို့မဟုတ် သက်ဆိုင်ရာခရိုင်တွင်းရှိ
မြို့နယ်တစ်ခုခုကျောင်းများတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့်
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးကိစ္စ၊ နိုင်ငံတော်တည်ဆောက်ရေးတွင်အရေးကြီးသည့်
စက်မှု၊ လက်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ တိုးတက်လာရန်အတွက် အားစိုက်ဆောင်ရွက်နေခြင်းဖြစ်
ကြောင်း၊အနာဂတ်မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ခြင်း၊
ကြီးပွားချမ်းသာခြင်းကိုလိုလား၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပညာရေးနှင့်အတူ လူမှုစီးပွားဘဝတိုးတက်ရေးကို
ယှဉ်တွဲသိရှိစေရန်၊ ယင်းကျောင်းသားများမှတစ်ဆင့် တောင်သူလယ်သမားများကို နည်းပညာမျှဝေပြီး
ပိုမိုတိုးတက်စေရန်၊ Pilot Project အဆင့်မှ အဆင့် လိုက်တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်ရန်
စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ် ကြောင်း ပြောကြားသည်။
NUG
နှင့် PDF အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများ
ဆက်လက်ပြီး နောက်ဆုံးအချက်ဖြစ်သည့် အကြမ်းဖက်
NUG နှင့် PDF အဖွဲ့အစည်းများ၏ ဒေသအချို့တွင် ဖြစ်ပွားနေသည့် လုပ်ဆောင်မှုများကို ပြောလိုကြောင်း၊
ပထမဦးဆုံး ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအဖွဲ့ဆိုသည့် ထုတ်ပြန်ချက်ကို ပြောကြားလိုကြောင်း၊
NUG အဖွဲ့ကစစ်ရေးအရ ကူညီပံ့ပိုးပေးမည်၊ဩဂုတ်၇ရက်မှစ၍လှိုင်း သုံးလှိုင်းနှင့်လုပ်မည်
စသဖြင့် ပြောကြကြောင်း၊ တရားဥပဒေစိုးမိုးရေးကို တစ်ဖက်တစ်လမ်းက တာဝန်ထမ်းဆောင်နေသည့်
တရားရုံးမှ ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ခေတ်စကားနှင့်ပြောရလျှင်
“ဘာဖြစ်ချင်နေတာလဲ” ဟု မေးရမည်ဖြစ်ကြောင်း၊ လက်နက် မကိုင်ထားသည့် အရပ်သားပစ်မှတ်များကို
ဒလန်ဟုစွပ်စွဲပြီး သတ်၊ သတင်းပေးဟုစွပ်စွဲပြီး သတ်၊ ၎င်းတို့ကို မထောက်ခံလည်းသတ်၊ ကြားနေလည်းသတ်၊
ဝန်ထမ်းလည်းသတ်၊ ကိုးကွယ်ရာ ရဟန်း၊ သံဃာပါမချန် သတ်နေသည်မှာတော်လှန်ရေး ဆိုသည်လားဟု
မေးလိုကြောင်း၊ ယခုလည်း သတိထားမိအောင် ပြောလိုကြောင်း၊ ဘာလုပ်မည်၊ ညာလုပ်မည်၊ မနက်ဖြန်ချမည်၊
သန်ဘက်ခါလုပ်မည်ဟု လွှင့်ပါကြောင်း၊ လွှင့်ပြီးပါက နောက်ကကပ်ပါ လာသည်မှာ အလှူခံခြင်းဖြစ်ကြောင်း၊
အလှူခံ၍ ငွေရသွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းခြင်းခံလိုက်ရသည်ဟုဆိုကာ မြို့ပြကိုစွန့်ခွာသွားပြီဖြစ်ကြောင်းကို
ဝမ်းနည်းစွာ အသိပေးပါသည်ဆိုသည်ဟု ပြောလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ နာမည်ကြီး
အစီအစဉ်တစ်ခုထဲက ကဲ့သို့‘‘မီးလေးခဏမှိတ်ထားပါပြန်လာပါမယ်”၊ ယခုလည်း မီးလေးခဏမှိတ်ထားပါ၊
နောက်ထပ်ခေါင်းစဉ်တစ်ခုဖြင့် ဖလားအသစ်တစ်လုံးကိုင်ပြီး ပြန်လာပါမည်ဆိုသည့် သဘောသာဖြစ်ကြောင်း။
ဆက်လက်ပြီး NUG အဖွဲ့အကြောင်းကို ပြောလိုကြောင်း၊
၎င်းတို့ အသုံးအနှုန်းအရ သမ္မတဆိုသူများ၊ ဝန်ကြီးဆိုသူများပြောနေသည့် ပြည်သူတင်သည့်
အစိုးရမှာ ကိုယ်စားပြုမှု မည်မျှရှိသည်၊NUG ကို ဖွဲ့စည်းပေးလိုက်သည့် CRPH တွင် ပါတီမည်မျှပါသည်၊
ကိုယ်စားလှယ်ဆိုသူ ဘယ်နှယောက်ပါသည် စသဖြင့် ပြောကြကြောင်း၊ ပါသည့်ကိုယ်စားလှယ် များသည်
မည်သည့်အချိန်က ကိုယ်စားလှယ်ဖြစ်ခဲ့သည်၊ မည်သည့်ဒေသကိုကိုယ်စားပြုသည်ကို တွေးကြည့်စေလိုကြောင်း၊
ပြည်သူတစ်ရပ်လုံးက ထောက်ခံသည်ဆိုပါက တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့မည်မျှက ထောက်ခံနေသည်၊
ပေါင်းနေသည်၊ အကယ်၍ ပေါင်းနေသည်ဆိုပါက ၎င်းတို့ အမိန့်ပေးသည်ကို ပေါင်းနေသည်ဆိုသည့်
တိုင်းရင်းသားလက်နက်ကိုင်များက လက်ခံပါသလားဆိုသည်ကို သတိပြုစဉ်းစားစေလိုပါကြောင်း၊
သက်တမ်းရှည်နေပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO အဖွဲ့များ မဆိုထားနှင့်မကြာမီကမှ
ပေါ်လာသည့် PDF အမည်ခံအကြမ်းဖက်ခေါင်းဆောင်တစ်ဦး မီဒီယာများနှင့် တွေ့ဆုံပြောဆိုထားသည်ကို
မီဒီယာများသိပြီးဖြစ်မည်ဖြစ်ကြောင်း ပြောကြား၍ ၎င်း၏ပြောစကား Video File ကို ဖွင့်လှစ်ပြသသည်။
အကြမ်းဖက်မှုများကို
ဦးဆောင်လုပ်နေ
ယင်းခေါင်းဆောင်ဆိုသူသည် စစ်ကိုင်းတိုင်းအတွင်းတွင်
အကြမ်းဖက်မှုများကို ဦးဆောင်လုပ်နေ သူဖြစ်ကြောင်း၊ ခရီးသည်တင်ကားများကိုပစ်မှတ်ထားပြီး
ဆောင်ရွက်နေသူများ၏ ခေါင်းဆောင်ဖြစ်ပါ ကြောင်း၊စစ်ကိုင်းတိုင်းဒေသတွင် ခိုအောင်း လှုပ်ရှားနေသည့်
PDF များသည် ၎င်းတို့ကိုယ်၎င်းတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု သုံးနှုန်းပါကြောင်း၊
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟု သုံးနေသူများသည် လမ်းပိတ်ဆို့မှုများကို ပြုလုပ်ပါကြောင်း
ပြောကြား၍ ၎င်းတို့ လမ်းပိတ်ဆို့နေသည့်ပုံများကို ပြသသည်။ လမ်းများသုံးလျှင် တာဝန်မယူဟုခြိမ်းခြောက်ထား
ကြောင်း၊ ဒေသခံပြည်သူလူထုအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် မည်မျှအထိ ထိခိုက်နစ်နာသည်ကို
သိရှိနိုင်မည်ဖြစ်ကြောင်း။
ဆက်လက်၍ ကယားပြည်နယ်အတွင်းက ကြေညာချက်ထုတ်ပြန်ထားသည်ကို
ပြောကြားလို ကြောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဩဂုတ် ၉ ရက် တွင် KNDF အမည်ခံပြီး ဒီမော့ဆိုမြို့နယ်က
ရွာသူ၊ ရွာသားများ ရွာများထဲမှထွက်ရန်၊ တောထဲရောက်နေသည့် ရွာသူ၊ ရွာသားများကို ရွာထဲပြန်မဝင်ရန်၊
ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးများကို ရွာထဲတွင် မနေစေလိုသူ၊ တောထဲနေစေလိုသူကမည်သူ
ဆိုသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အဖြေသည် အလှူခံရန်အတွက်သာဖြစ်ကြောင်း၊တိုင်းရင်းသားများ
ဒုက္ခရောက်နေအောင် စီစဉ်ပြီး လျှင်တယောသံလေးနှင့်Documentaryရိုက်၊ ဓာတ်ပုံရိုက်ပြီး
အလှူခံမည်၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြီး အလှူခံမည်၊ ပြည်သူကိုပြပြီး ကျည်ဖိုးတောင်းခြင်းမျိုးလာမည်ဖြစ်ကြောင်း၊
မိမိပြောခဲ့သည့် ပုံစံအတိုင်း Documentary ရိုက်သည်ဖြစ်စေ၊ ဓာတ်ပုံရိုက်သည်ဖြစ်စေ၊
နောက်ဆုံး မြန်မာတိုင်းရင်းသားနှင့် ရုပ်ရည်ဆင်တူသည့် ပြည်ပနိုင်ငံက ဒုက္ခသည်ပုံပဲရရ
၎င်းတို့ဝမ်းသာကြကြောင်း၊ မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ဒုက္ခရောက်နေသည်ဟုပြောပြီး နိုင်ငံခြား
တိုင်းပြည်တွင် မျက်ရည်ကျပြ၊ သနားပြပြီး အလှူခံသည်ကို တွေ့ရကြောင်း၊ ၎င်းကို ခွက်ခေါက်နည်း
အဆင့်(၁)ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊
ခွက်ခေါက်နည်းပေါင်းများစွာထဲမှ အဆင့်လွန်ခွက်ခေါက်နည်းမှာ
အချင်းချင်းခွက်စောင်းခုတ် ခြင်းဖြစ်ကြောင်း၊ အလှူငွေမည်မျှရသည်၊ မည်မျှလှူသည်၊ မည်သည်ကိုလှူသည်ဟု
ပြောရန်မလိုသည့်အတွက် အချင်းချင်းထချနေသည်ကိုတွေ့ရကြောင်း၊ အားလုံးက သတိထားဆင်ခြင်ကြရန်
ပြောကြားသည်။
သင်္ဃန်းကျွန်းလဝကရုံးဖြစ်စဉ်
ထပ်မံဖြည့်စွက်ပြောကြားလိုသည်မှာ သင်္ဃန်းကျွန်းဖြစ်စဉ်ဖြစ်ပါကြောင်း၊
ဩဂုတ် ၁၂ ရက်
မွန်းလွဲ ၂ နာရီတွင် သင်္ဃန်းကျွန်းလဝကရုံး၌ အကြမ်းဖက်နှစ်ဦးက လဝကဦးစီးမှူးနှင့် ရုံးအဖွဲ့မှတ်ပုံတင်
ကိစ္စများဆောင်ရွက်နေသည့် ပြည်သူလူထုထဲကို ဝင်ရောက်ပစ်ခတ်ခဲ့ပါ ကြောင်း၊ ဦးစီးမှူး
သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယဦးစီးမှူးက ရွပ်ရွပ်ချွံချွံခုခံခဲ့သည်ကို အားလုံးသိပြီးဖြစ်မည်ဖြစ်ကြောင်း၊
၎င်းမှာ ကျဆုံးခဲ့ပါကြောင်း၊ ဒုတိယဦးစီးမှူး ဦးကျော်မိုး နှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့်
အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနအနေဖြင့်
ဆက်လက်ပြီး လိုအပ်သည့် စောင့်ရှောက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ဦးခင်မောင်ဦးက ရှင်းလင်းတင်ပြရာ (က)၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊
မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူများကို
အရေးယူဆောင်ရွက်မှု အခြေအနေ၊ (ခ) မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်
တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်သွား မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ လုပ်ငန်းစဉ်(၁)အရ
ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်
အသုံးပြုခဲ့သည့် မဲစာရင်းများစစ်ဆေးခြင်းအပါ အဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို
လုပ်ဆောင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အဖွဲ့ဝင်များသည် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာ
တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့်အတူ ရွေးကောက်ပွဲကျင်းပခဲ့
သည့် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၏ မဲစာရင်းများစစ်ဆေးခြင်းနှင့် မဲလက်မှတ်များ မြေပြင်စစ်ဆေးခြင်း၊
ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ အပါအဝင် သက်ဆိုင်သူအားလုံးကို
တွေ့ဆုံမေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း။
ယင်းကဲ့သို့ဆောင်ရွက်ခဲ့ရာ စိစစ်ခဲ့သည့်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်အသုံးပြု ခဲ့သည့် မဲဆန္ဒရှင်စာရင်းများအနက်နိုင်ငံသား၊
ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရလက်မှတ်မရှိသူ များ၊ မဲစာရင်းမှာ နှစ်ကြိမ်၊ သုံးကြိမ်အထက်ပါဝင်ပြီး
မဲစာရင်းထပ်နေသူများ၊ အသက် ၁၀၀နှစ် အထက်နှင့် အသက်၁၈ နှစ်မပြည့်ဘဲပါသူ အစရှိသည့် မဲမသမာမှုပြုနိုင်သည့်မဲဆန္ဒရှင်ပေါင်း
၁၁ ဒသမ ၃ သန်းကျော်၊မဲဆန္ဒရှင်စုစုပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းကိုစစ်ဆေးတွေ့ရှိရကြောင်း၊
အလားတူ ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သည့် မဲလက်မှတ်များကို စစ်ဆေးရာတွင်လည်း လျော့နည်းပျောက်ဆုံးသည့်
မဲလက်မှတ် ၁ ဒသမ ၄ သန်းကျော်နှင့်အပိုတွေ့ရသည့် မဲလက်မှတ် ၄ ဒသမ ၃ သိန်းကျော် တွေ့ရှိခဲ့ရကြောင်း။
ထို့အတူ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့်
ရွေးကောက်ပွဲအလွန် ကာလဖြစ်စဉ်တစ်ရပ်လုံးအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၀
ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ကြောင်း၊
NLD ပါတီအစိုးရအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် အဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာနှင့်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ
ကန့်သတ်ချက်များကို အလွဲသုံးပြီးနိုင်ငံတော် အာဏာကို မတရားရယူရန် ကြံစည်လုပ်ဆောင်ခဲ့ကြောင်းနှင့်
ယခင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့်လည်း အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုအလွဲသုံးကာ
ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည့်အတွက် ၂၀၂၀
ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ရလဒ်ကို ဥပဒေနှင့်အညီပယ်ဖျက်ခဲ့ရပြီး ထိုဖြစ်စဉ်တွင်
ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူများကိုလည်း အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါ
ကြောင်း။
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊
မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူများကို
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အရေးယူဆောင်ရွက်ထားရှိသည့်အခြေအနေကို ဆက်လက်တင်ပြမည်
ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလ တွင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး
ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၀၇၇ မှုရှိခဲ့ပြီး ၎င်းတို့အနက် ရွေးကောက်ပွဲဥပဒေနှင့်
အရေးယူဆောင်ရွက်ခဲ့သည့် အမှု ၅၄၆ မှု ရှိပါကြောင်း၊ ယင်းအမှုများနှင့်စပ်လျဉ်းပြီး
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိသည့် စာရင်းဇယားများအရတရားစွဲတင်ပြီး
၃၄၅ မှု၊ ပိတ်သိမ်း ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲတစ်မှုတို့ ဖြစ်ပါကြောင်း။
ထို့အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊
မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့် မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသည့်
သမ္မတဟောင်းနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းနှင့်အဖွဲ့ဝင်များ၊
ဝန်ကြီးဟောင်းဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊
ပါတီအောင်နိုင်ရေး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအပါအဝင် ကျူးလွန်သူ
၅၀၅ ဦးကို ဥပဒေနှင့်အညီအရေးယူနိုင်ရန် အမှုတွဲ ၃၅၀ မှုဖြင့် တရားစွဲဆိုရေးဆောင်ရွက်လျက်ရှိပါ
ကြောင်း၊ ပြီးစီးမှုအနေဖြင့်
ကျူးလွန်သူ၂၃၉ ဦးကို အမှုတွဲအရေအတွက် ၁၉၅ မှုနှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး
၁၂၁ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန် ကျန် ၇၄ မှု ဖြစ်ကြောင်း။
အလားတူ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ
လုပ်ငန်းတာဝန် များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ကြီးကြပ်ကွပ်ကဲရန်ပျက်ကွက်ခဲ့သည့်
ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ပေါင်း ၂၄၄၉ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ
ကျူးလွန်သူ ၂၁၉၁ ဦးကိုအမှုတွဲအရေအတွက် ၃၇၅ မှုနှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး
၃၇၄ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန်တစ်မှုတို့ ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးတည်းက
မဲနှစ်ကြိမ်ပေးခဲ့ခြင်းများကိုလည်း စိစစ်ဖော်ထုတ် အရေးယူလျက်ရှိ ပါကြောင်း။
မိမိအလေးထားပြီး တင်ပြလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)
နိုင်ငံတော်အခြေခံမူများ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်၏အခြေခံသည် ရွေးကောက်ပွဲများဖြစ်ပါကြောင်း၊
ယင်းရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ဥပဒေနှင့်အညီဆောင်ရွက်သည့်
သန့်ရှင်းသည့်ရွေးကောက်ပွဲများ ဖြစ်ရန်လိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
အနာဂတ်တွင်လွတ်လပ်ပြီး တရား မျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကျင်းပနိုင်ရန်
ရည်ရွယ်ပြီး ယခင်ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှု ကျူးလွန်ခဲ့သူများကို
အရေးယူခြင်းများနှင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ်များ၊ အားနည်းချက်များကို သုံးသပ်ပြီး
ရွေးကောက်ပွဲစနစ်အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကိုပြင်ဆင်ခြင်းများ
ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
မဲဆန္ဒရှင်ပြည်သူများအပါအဝင် သက်ဆိုင်သူအားလုံးသည် ဒီမိုကရေစီအခွင့်အရေး နှင့်မိမိတို့၏
တာဝန်များကိုလည်းကောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း သိရှိနားလည်ပြီး
လေးစားလိုက်နာရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက်
မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို
တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲတွင်အသုံးပြုမည့်မဲစာရင်း
များ ပြည့်စုံမှန်ကန်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့် “ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်
အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်
နိုင်ငံသားပြုခွင့်ရသူများ” စာရင်းကို ပြုစုနိုင်ရေး၊ မဲပေးခွင့်မရှိသူများ မပါစေရေးနှင့်မဲစာရင်းများ
မထပ်ရေးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ စိစစ်ဆောင်ရွက်ရာ သက်ဆိုင်ရာ
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည်
အထက်ပါမဲပေးပိုင်ခွင့်ရှိသူများကို ကိုင်ဆောင်သည့် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ်
နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာမဲစာရင်းတွင်
ထည့်သွင်းပြုစုမည် ဖြစ်ပါကြောင်း။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရေးနှင့်အခြေခံ
မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း
ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project)ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၂
ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာ ကနဦးတွေ့ရှိချက်များနှင့်ပတ်သက်ပြီး
သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပေါင်းစပ်ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ပါကြောင်း၊ ထို့နောက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးမှရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊
သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်
တိုင်းဒေသကြီး/ပြည်နယ်အလိုက် တာဝန်ခံ ကော်မရှင်အဖွဲ့ဝင်များက အနီးကပ်စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း။
အထက်ပါ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို
တိုင်းဒေသကြီး/ ပြည်နယ် များရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ ယခုအခါ
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စစ်ဆေးပြီးစီးမှုစာရင်းချုပ်များရရှိပြီးဖြစ်ပါကြောင်း၊
မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် နယ်မြေလုံခြုံရေးအခြေအနေအရ တိုက်ဆိုင်စစ်ဆေးမှုများကို
မြို့နယ်တစ်ခုလုံးနှင့် တစ်ခုလုံးနီးပါး ဆောင်ရွက်နိုင်ခြင်းမပြုနိုင်သည့် မြို့နယ်များသည်
ကချင် ပြည်နယ်တစ်မြို့နယ်၊ ကယားပြည်နယ် နှစ်မြို့နယ်၊ ကရင်ပြည်နယ်တစ်မြို့နယ်၊ ချင်းပြည်နယ်
ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်း ခုနစ်မြို့နယ်၊ မကွေးတိုင်း ခြောက်မြို့နယ်နှင့် ရှမ်းပြည်နယ်
သုံးမြို့နယ်ဖြစ်သဖြင့် စုစုပေါင်း ၂၈ မြို့နယ် ဖြစ်ပါကြောင်း၊ တိုက်ဆိုင်စစ်ဆေးမှုများ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
တစ်ချိန်တည်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စစ်ဆေးပြီးဖြစ်သည့် အခြေခံလူဦးရေ စာရင်းချုပ်များကို
ရယူပြီး ကနဦးမဲဆန္ဒရှင်များစိစစ်ခြင်း(Initial Voter List Scrutinizer – IVLS
Software ) အသုံးပြုစိစစ်ခြင်းနှင့်တွေ့ရှိချက် မြေပြင်အခြေအနေများကို သက်ဆိုင်ရာပြည်ထဲရေး
ဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/
ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို
ပေးပို့လျက်ရှိပါကြောင်း၊ မြေပြင်စိစစ်တွေ့ရှိချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများက
စစ်ဆေးပြင်ဆင်အတည်ပြုပြီး ပြန်လည်ပေးပို့သည့် စာရင်းများကိုရယူပြီး လစဉ် Update လုပ်ခြင်းကို
လာမည့် စက်တင်ဘာလမှစတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုချိန်အထိ တိုင်းဒေသကြီး/ပြည်နယ်
၁၂ ခုနှင့် ပြည်ထောင်စုနယ်မြေ၏ အခြေခံလူဦးရေစာရင်းချုပ်များကို (Initial Voter
List Scrutinizer – IVLS Software) ဖြင့် စစ်ဆေး ခြင်းများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသ
ကြီးနှင့် ပြည်နယ်နှစ်ခုတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စဉ်ဆက်မပြတ် Update
လုပ်ခြင်းဖြင့် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ပြည့်စုံမှန်ကန်သည့်မဲဆန္ဒရှင်စာရင်းများရရှိမည်ဖြစ်
ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များကိုတင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်
အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ခြင်း၊ ပြောင်းလဲကျင့်သုံးမည့်
ရွေးကောက်ပွဲစနစ်နှင့်အညီ ဥပဒေ၊ နည်းဥပဒေများပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊
မဲဆန္ဒရှင်အသိပညာပေးဆိုင်ရာများ ဆောင်ရွက်ခြင်း၊ လူသားအရင်းအမြစ်များ ဖြည့်တင်းလေ့ကျင့်ခြင်းနှင့်
အခြေခံအဆောက်အအုံဖြစ်သည့် ရုံးဌာနများတည်ဆောက်ခြင်းတို့ လုပ်ဆောင်လျက်ရှိပါကြောင်း၊
တစ်ချိန်တည်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ကော်မရှင်အဖွဲ့ဝင်များသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ
ဝန်ထမ်းများကို ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်ဖြစ်သည့် အချိုးကျကိုယ်စားပြုစနစ်
(PR) နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို အသေးစိတ်ရှင်းလင်းဆွေးနွေး
ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်
(၅) ရပ်အနက် လုပ်ငန်းစဉ်(၁) ပါ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ
ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက
လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး
ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment