Tuesday, July 12, 2022

SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၁၁-၇-၂၀၂၂)ရက်နေ့

၁။        ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း”များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)နှင့် ကယ်ဆယ် ရေးလေယာဉ် (Relief Flight) များဖြင့် လည်းကောင်း၊ နယ်စပ်ဝင်ထွက် ဂိတ်များမှတစ်ဆင့်လည်းကောင်း ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာ ရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိပြီး Omicron(အိုမီခရွန်)အပါအဝင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေး လျက်ရှိပါသည်။

၂။         ထိုသို့ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၆)ခု အား ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာန (Department of Medical Research) တွင် (၃၀-၆-၂၀၂၂)ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4 ကို ဓာတ်ခွဲနမူနာ (၁)ခုတွင်လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ (၅)ခုတွင်လည်းကောင်း တွေ့ရှိရပါသည်။

၃။        Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိသူများအားလုံးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများဖြစ်ပါသည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၄။        နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှု တို့ လျော့နည်းကြောင်း တွေ့ရှိရပါသည်။

၅။   သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာ အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

No comments:

Post a Comment