နေပြည်တော် ဇူလိုင် ၁၀
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြေးဆွဲဆောင်ရွက်ပေးလျက် ရှိသည်။
ရထား ၅၄ စင်း ပြေးဆွဲပေးလျက်ရှိ
ကိုဗစ်-၁၉ တတိယလှိုင်းအပြီးတွင် ရုံးဌာနများ၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ခရီးသွားလာကြမည့် ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေး အတွက် မြန်မာ့မီးရထားက ခရီးစဉ်များ ပြေးဆွဲပေးခဲ့ရာ ဇွန် ၃၀ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ လူစီး ကုန်တင်ရထား နှစ်စင်း၊ ရန်ကုန်- မော်လမြိုင် လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား လေးစင်း၊ နေပြည်တော်-တောင်တွင်းကြီးလမ်းပိုင်း တွင် လူစီးကုန်တင်ရထား နှစ်စင်း၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ မန္တလေး-မတ္တရာ - သူရဲဈေး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင်လမ်းပိုင်းတွင် စာပို့ရထား လေးစင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် RBE ရထား ၂၆ စင်း စုစုပေါင်း ၅၄ စင်း ပြေးဆွဲပေးလျက်ရှိသည်။
ခရီးသွားလာမှု အဆင်ပြေစေရေး
လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ရထားစီးနင်း၍ ခရီးသွားလာမှု များပြားလာခြင်းကြောင့် ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ဇူလိုင် ၁၀ ရက်မှစ၍ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန် အမြန်ရထား နှစ်စင်းအား အစုန်/အဆန် နေ့စဉ်ပြေးဆွဲပေးသွားမည် ဖြစ်သည်။ ဆက်လက်၍ ဇူလိုင်၂၅ ရက်၌ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် ရန်ကုန်မှ မော်လမြိုင်၊ မော်လမြိုင်မှ ရန်ကုန် အမြန်ရထား နှစ်စင်းအား နေ့စဉ် အစုန်/အဆန်ပြေးဆွဲခြင်း၊ ဩဂုတ် ၂၀ ရက်၌ ရန်ကုန်-ပြည် လမ်းပိုင်းတွင် ရန်ကုန်မှ ပြည်၊ ပြည်မှ ရန်ကုန် အမြန်ရထား နှစ်စင်းအား နေ့စဉ်ခေါက်ပြန် ပြေးဆွဲခြင်း များကို ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားရှိ ကြောင်း သိရသည်။
ရထားများပြေးဆွဲရာတွင် ရန်ကုန်-မန္တလေး လမ်းပိုင်း၌ အမှတ်(၅)အဆန်သည် ရန်ကုန်မှ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင်ထွက်ခွာ၍ မန္တလေးသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်ရောက်ရှိပြီး အမှတ်(၆)အစုန် အမြန်ရထားသည် မန္တလေးမှ မွန်းလွဲ ၂ နာရီတွင်ထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် ရောက်ရှိမည်ဖြစ်သည်။
ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ အမှတ်(၈၁)အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ မော်လမြိုင်သို့ နံနက် ၆ နာရီတွင် ရောက်ရှိပြီး အမှတ်(၈၂)အစုန် အမြန်ရထားသည် မော်လမြိုင်မှ ည ၈ နာရီတွင် ထွက်ခွာ၍ ရန်ကုန် သို့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ် သည်။
ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၁)အဆန် အမြန်ရထားသည် ရန်ကုန်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ပြည်သို့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး အမှတ်(၆၂) အစုန်အမြန်ရထားသည် ပြည်မှ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီခွဲတွင် ရောက်ရှိမည် ဖြစ်သည်။
ထပ်မံတိုးချဲ့ ပြေးဆွဲ
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ရထားဖြင့် အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်များကို လိုရာခရီးသို့ တင်ပို့နိုင်ရေးအတွက် စီစဉ်ပေးလျက်ရှိရာ စီးနင်းမှုနှင့် ကုန်စည်တင်ပို့မှု များပြား လာသည့် အခြေအနေအပေါ်မူတည်၍ ရထားခရီးစဉ် များကို ထပ်မံတိုးချဲ့ ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment