နေပြည်တော် ဇူလိုင် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၇ရက်က ရန်ကုန် သာကေတမြို့နယ်ရှိ ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးဓာတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ဆွေးနွေးမှာကြား
ကြည့်ရှုစစ်ဆေးစဉ် ဓာတ်ခွဲခန်းတာဝန်ခံက နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုဓာတ်ခွဲခန်း ထောက်ခံချက် (ISO/IEC 17025:2017) လက်မှတ်ကို ပဉ္စမအကြိမ်ရရှိထားပြီး ပဋိဇီဝဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပို့ကုန်များတွင် ကူးစက်ရောဂါနှင့် ဓာတ်ကြွင်းများ ပါဝင်မှုမရှိစေရေးလုပ်ငန်းများကို မြန်မာ့မွေးမြူရေး ရေထွက်ကုန်များအတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့်စစ်ဆေးမှုအမျိုးသားအဆင့် စီမံချက် (National Residue Monitoring Plan-NRMP) နှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ငါးရောဂါရှာဖွေရေးဌာနစု တာဝန်ခံက ငါး၊ ပုစွန်ရောဂါများကို ခေတ်မီနည်းစနစ်များဖြင့် ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ရေလုပ်ငန်း လုပ်ကိုင်နေကြသည့် ကျေးလက်ဒေသများရှိ ငါး၊ ပုစွန်မွေးမြူသူလုပ်ငန်းရှင်များ အသိပညာပေးခြင်း၊ ရေနေသတ္တဝါများ ကျန်းမာရေး ထိန်းချုပ်မှု အထောက်အကူပြုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာန သာကေတ မိကျောင်းမွေးမြူရေးစခန်း၏ မိကျောင်းမျိုးစိတ်များ ထိန်းသိမ်းထားရှိမှုနှင့် သုတေသနပြုလေ့လာနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မိကျောင်းများ၏ ကျန်းမာရေးနှင့် မိကျောင်းမွေးကန်များအား သန့်ရှင်းသပ်ရပ်စွာ အစဉ်တစိုက် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ တရားမဝင် မိကျောင်းဖမ်းဆီးသတ်ဖြတ်ခြင်း၊ မိကျောင်းအသိုက်များ ဖျက်ဆီးခံရခြင်း၊ မိကျောင်းများ၏ ကျက်စားရာ ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်းတို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မည့် ရေငန်မိကျောင်းများ၊ မျိုးထိန်းသိမ်းခြင်းလုပ်ငန်းများကို အများပြည်သူများ စိတ်ဝင်တစား ပူးပေါင်းဆောင်ရွက် လာစေရေး အသိပညာဖြန့်ဝေပေးရန် လိုအပ်ချက်များ၊ အပန်းဖြေ လာရောက်သူများအတွက် ဗဟုသုတရစေရန် စာအုပ်စာတမ်းများ၊ မိကျောင်းနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်၊ မိကျောင်းဥပေါက်ပုံအဆင့်ဆင့်၏ သိမှတ်ဖွယ်ရာများကို ပညာပေးဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ ဝန်ထမ်းများနှင့် ဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး မိကျောင်းပြုစုကန် အမှတ်(၁)တွင် မိကျောင်းသားပေါက်ငယ်များ မွေးမြူပြုစုထားရှိမှု အခြေအနေနှင့် မိကျောင်းများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ငါးလုပ်ငန်းဦးစီးဌာနမွေးမြူရေးဌာနခွဲ ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစုက ဆောင်ရွက်လျက်ရှိသောကန်ရေ၏ ရူပနှင့်ဓာတုဆိုင်ရာ ဓာတ်ခွဲခြင်းလုပ်ငန်းများ၊ မွေးမြူရေး ကန်ရေ၏ အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ကန်မြေသား၏ တိုင်းတာဓာတ်ခွဲခြင်းဖြင့် ငါး၊ ပုစွန် မွေးမြူကန်တူးဖော်ရန် သင့်လျော်သော မြေနေရာ ရွေးချယ်နိုင်ရေး၊ ပြင်ပအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အခြားဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ လိုအပ်သည့် ရေ၊ မြေ အရည်အသွေး ဓာတ်ခွဲတိုင်းတာပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment