နေပြည်တော် ဇူလိုင် ၆
ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံ၏လူဦးရေ အများဆုံးနေထိုင်မှုမှာ ကျေးလက်ဒေသ များဖြစ်သော်လည်း ကျေးလက်လူငယ်အများစုမှာ အခြားဒေသရှိ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသဖြင့် လယ်ယာကဏ္ဍ၏ လုပ်သားရှားပါးမှုအခက်အခဲကို ကျော်လွှားပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အသားတင်စိုက်ဧရိယာအပေါ် သီးထပ်စွမ်းအား တိုးတက်လာစေရေး၊ ပြောင်းလဲနေသော ရာသီဥတုနှင့်အညီ အချိန်ကိုက် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကချင်း လူတစ်ဦးချင်း၏ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန် လိုအပ်နေကြောင်း၊ ဌာနအနေဖြင့် နည်းပညာဖြန့်ဝေပေးရေးလုပ်ငန်းများနှင့် စက်မှုလယ်ယာ ကဏ္ဍတွင် လုပ်ကိုင်နေကြသော ပုဂ္ဂလိကအပိုင်းက လုပ်သာကိုင်သာရှိစေရန် အားပေးကူညီခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင်
စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး
ညွှန်ကြားရေးမှူး ဦးကျော်စိုးက မြန်မာ့လယ်ယာ ကဏ္ဍတွင် စက်မှုလယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်မှု၊
သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ် အလိုက် စက်ကိရိယာသုံးစွဲရာတွင် အားနည်းချက်များ၊
စက်မှုလယ်ယာစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သင့်သည့် အခြေအနေများကို လည်းကောင်း၊
ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု၊ ပြည်ပမှ တင်သွင်းမှုနှင့်
တောင်သူများဝယ်ယူသုံးစွဲနိုင်မှု အခြေအနေများ၊ ပြည်တွင်းလယ်ယာသုံး စက်ကိရိယာများ တိုးတက်ထုတ်လုပ်နိုင်ရေး၊
စက်မှုလယ်ယာ ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးသင့်သည့်
အချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးကျော်သူကလယ်ယာ
ကဏ္ဍတွင် သီးနှံအမျိုးအစားအလိုက် လယ်ယာသုံး စက်ကိရိယာများ သုံးစွဲနေမှုအခြေအနေများကို
လည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ လက်ထောက်ကထိက ဒေါ်ခင်ဇာဇာထွန်းက တောင်သူများ၏
လယ်ယာသုံးစက်ကိရိယာများ သုံးစွဲမှု အခြေအနေကို သုတေသနဆောင်ရွက်မှု
ရှုထောင့်မှလည်းကောင်း ပါဝင်ဆွေးနွေးကြသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ လေ့လာသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment