Friday, July 8, 2022

မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ


ရန်ကုန် ဇူလိုင် ၈

မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့  အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။

အစည်းအဝေးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  မြန်မာ့အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနသာမက အဖွဲ့ချုပ်များအနေဖြင့် အားကစားနည်း တိုးတက်အောင်မြင်အောင် ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ စည်းလုံးခြင်းသည် အင်အားတစ်ခုဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုမြင့်မြင့်မားမား မရရှိခဲ့သော်လည်း အားကစားသမားများသည် နိုင်ငံနှင့်လူမျိုးအတွက် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည့်အတွက် ထိုက်သင့်သောရလဒ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့် မကျအောင်ကြိုးစားရန်၊ ရရှိခဲ့ပြီးသည့် ရွှေ၊ ငွေနှင့် ကြေး ဆုတံဆိပ်ရလဒ်များထက် (၂)ဆ ပိုမိုရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း။

နေပြည်တော် Youth Camp တွင် အားကစားသမား (၁၅၀) စတင်စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက် အားကစားသမားကောင်းရရှိရန် မဖြစ်မနေ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် နည်းပြများသည် (၄)ဦး(၄)ဖက် ဒေါက်တိုင်သဖွယ် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှုတိုင်းတွင် ရူပဗေဒသဘောအရ ''အရွေ့'' ရှိဖို့ လိုအပ်ကြောင်း၊ ''အရွေ့'' ရှိရေးလုပ်ဆောင်ရာတွင် အခက်အခဲရှိပါက ရင်းနှီးပွင့်လင်းစွာတင်ပြပြီး ပြောင်းလဲရန်လိုအပ်ပါက ပြောင်းလဲဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း၊ အချို့အဖွဲ့ချုပ်များ၌ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ်များ၏ ပံ့ပိုးမှုများရရှိသည့်အတွက် ရရှိသော ရန်ပုံငွေများကို စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း၊ အားကစားကိုနိုင်ငံနှင့်လူမျိုးအတွက်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ဦးတည်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)




No comments:

Post a Comment