Monday, July 11, 2022

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ ကျောင်းများနှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 



လွိုင်ကော်        ဇူလိုင်   ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ ကျောင်းများနှင့် ဂုဏ်ထူးရထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာပညာရေးနှင့် ရင်ဘောင်တန်းနိုင်သည့် အခြေခံပညာရေးစနစ်မှသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ကျောင်းသား၊ ဆရာ၊ မိဘ၊ ကျောင်းအကျိုးတော်ဆောင်၊  ရပ်မိရပ်ဖတို့က သက်ဆိုင်ရာဌာနများနှင့် အချိတ်အဆက်မိမိ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များဖြစ်သည့် လွိုင်ကော်မြို့နယ်၊ ဘောလခဲမြို့နယ်နှင့် မယ်စဲ့မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးများအားလည်းကောင်း၊ အောင်ချက်အကောင်းဆုံး ကျောင်းများဖြစ်သည့် လွိုင်ကော်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းနှင့် မယ်စဲ့မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများအားလည်းကောင်း၊ ပြည်နယ်အတွင်းထူးချွန် (၃)ဘာသာဂုဏ်ထူးရှင်(၅) ဦးအားလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ဒေသကွပ်ကဲရေးမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ထူးချွန်(၂)ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ပညာရေးမှူးတို့က ထူးချွန်(၁)ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အခမ်းအနား အဖွင့်သီချင်းနှင့် အပိတ်သီချင်းတွင် ပါဝင်သီဆိုဖျော်ဖြေကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ပညာရေးမှူး၊ ဒေါက်တာကျော်လွင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေပိတ်သိမ်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment