Thursday, July 7, 2022

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် ဇူလိုင် ၇

တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာမီက နိုင်ငံတော်နှင့်တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘဘိုးဘွားများ လက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ပါကြောင်း၊ အဆိုပါပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ အလားတူပင် ၁၉၉၀ ပြည့်နှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နိုင်ငံတော်သို့ ၄၉၆ ကာရက်ရှိပတ္တမြားလှူဒါန်းမှုအား လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းမှုလက်ခံရရှိခဲ့ကြောင်း၊ ယခုလှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားပကြောင်း၊ ယခု ပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစကပတ္တမြား)အဖြစ် ဂုဏ်ပြုသတ်မှတ် ခေါ်ဝေါ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး အပြစ်အနာအဆာကင်းစင်ကာ မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးသော ပတ္တမြားဖြစ်ကြောင်း၊ ထို့ကြောင့် လှူဒါန်းသည့် လူငယ်ကိုလည်း ထိုက်တန်သည့် ချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပတ္တမြားကြီးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပတ္တမြားကြီးအား ကြည့်ရှုကြသည်။

ယခု တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကြောင်း၊ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင်(Red with Purplish tint)ဖြစ်ပြီး မိုးကုတ် ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment