Monday, July 11, 2022

ငါးတို့၏အဆန်လမ်း သို့မဟုတ် မျိုးဆက်၏တာဝန် ထမ်းကြသူများ

 

ဆန်းဝင်း(ငါးဦးစီး)

ငါးတို့သည် တစ်နေရာတည်းတွင် နေထိုင်လေ့မရှိဘဲ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာလျက် ရှိပေသည်။ အဓိကအားဖြင့် မိတ်လိုက် ဥချသားပေါက်ရန် ရွှေ့ပြောင်း သွားလာခြင်း (Spawning Migration)၊ အစားအစာ ရှာဖွေစားသောက်ရန် ရွှေ့ပြောင်းခြင်း (Feeding Migration)၊ ၎င်းတို့အတွက်လုံခြုံသည့်နေရာ ရှာဖွေရန် ရွှေ့ပြောင်းသွားလာခြင်း (Overwintering Migration) စသည့် အကြောင်းရင်းများကြောင့် ရာသီအလိုက် တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားလာကြပေသည်။






ရွှေ့ပြောင်းသွားလာကြ

ယခုလို မိုးဦးကာလရောက်လျှင် ၎င်းတို့၏ မျိုးဆက်တာဝန် ထမ်းဆောင် ကြရန်အတွက် မိတ်လိုက် ဥချသားပေါက် ရန် ရွှေ့ပြောင်းသွားလာကြပြီဖြစ်သည်။ ငါးတို့တွင် ငါးရံ့၊ ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးဘတ်၊ ငါးကြင်းစသည့် ရေချို မှာ တစ်သက်လုံးနေထိုင်ကြသည့် Potamodromous ငါးမျိုးများ၊ ငါးလင်ပန်းကဲ့သို့သော ရေချိုတွင်နေထိုင်ပြီး မျိုးပွားရန်အတွက် ရေငန်ကိုပြန်ကြ သည့် Catadromous ငါးမျိုးများ၊ ဆယ်လ်မွန်ငါးများကဲ့သို့ ပင်လယ်တွင် နေထိုင်ပြီး မျိုးပွားရန်အတွက် ရေချိုကို ပြန်လာကြသည့် Anadromous ငါးမျိုးများ စသည်ဖြင့် မတူကွဲပြားသော ရေပြင်များကို သွားလာကြပြီး လောက ဓမ္မတာအရ ၎င်းတို့၏မျိုးဆက်ပြန့်ပွား ရန် တာဝန်ထမ်းဆောင်ကြသည်။

ကျွန်တော်ရေးခဲ့သည့် ငါးတို့၏ အပြန်လမ်း (သို့) ရေချိုငါးလုပ်ငန်းတွင် ဖော်ပြသကဲ့သို့ ယခင်နှစ် မိုးနှောင်းရာသီ က လူတို့ဖမ်းယူစားသောက်ခြင်းမှ လွတ်မြောက်ပြီး မြစ်များ၊ ချောင်းမကြီး သို့ ပြန်လည်ရောက်ရှိသည့်ငါးများသည် ယခုလိုမိုးဖြိုင်ဖြိုင်ရွာချိန်တွင် ငါးအထီး အမကြီးများ (Breeders)အဖြစ် ရောက်ရှိ နေကြပြီဖြစ်သည်။ ၎င်းတို့မျိုးဆက် တာဝန်ထမ်းဆောင်ရန် အဆင်သင့် ဖြစ်နေပေသည်။

ရေချိုငါးများ သားပေါက်ရာတွင် ဧရာဝတီလင်းပိုင်ကဲ့သို့ ရေနေနို့တိုက် သတ္တဝါမှလွဲ၍ ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်ကြသည်။ အရွယ်ရောက် ငါးအမကြီး၏ ဗိုက်ထဲရှိဥများမှာ မိုးဦး ရာသီရောက်ကြလျှင် ဥများ ကြီးထွား ရင့်မှည့်လာသော်လည်း ငါးအထီးနှင့် တွေ့ဆုံမိတ်လိုက်မှသာ ဥချလေ့ရှိသည်။ မိတ်လိုက်ဥချရာတွင် ငါးအမကဥကို ညှစ်ထုတ်ပြီး ငါးအထီးက သုတ်ရည်ဖျန်း ပေးကာ ပြင်ပတွင် သန္ဓေအောင်စေပါသည်။

ရှင်သန်နှုန်းမြင့်မား

ငါးများသားပေါက်ရာတွင် မိဘစောင့်ရှောက်သောငါးများ (Parental Care)နှင့် မိဘစောင့်ရှောက်မှုမရသော ငါးများ(Non Parental Care)ဟူ၍ ရှိပါသည်။ ငါးရံ့ကဲ့သို့ငါးမျိုးတွင် ငါးငယ် ကလေးများကို ငါးအထီးမှ လိုက်လံ စောင့်ရှောက်သဖြင့် အခြားအသားစား သတ္တဝါများရန်မှ ကင်းဝေး၍ ရှင်သန် နှုန်း(Survival) မြင့်မားပါသည်။ သို့သော် ရေချိုငါးအများစုမှာ မိဘစောင့်ရှောက် လေ့မရှိဘဲ သင့်တော်သည့်နေရာတွင် မိတ်လိုက်ဥချပြီး ထွက်ခွာသွားလေ့ရှိ ကြသည်။

သို့ရာတွင် မျိုးဆက်ရှင်သန်ဖို့ အတွက် သဘာဝကပေးသော အသိရှိပါသည်။ ဥမှပေါက်ခါစ ငါးငယ်ကလေးများ သည် ရေတစ်တောင်ထက်ကျော်၍ နက်လျှင် ရေနစ်သေကြပါသည်။ ငါးတို့မှာ နို့တိုက်သတ္တဝါကဲ့သို့ သားသမီးကို ကျွေးမွေးရန်မရှိကြသဖြင့် အစာရှိသည့်နေရာ ရေတိမ်သည့်နေရာများကို ရှာဖွေ ကြသည်။

ယခုလို မိုးဖြိုင်ဖြိုင်ရွာချိန် ကွင်းရေ အနည်းငယ်တက်ပြီဆိုလျှင် ရိုးချောင်း ငယ်လေးများ၊ လယ်ကွင်း၊ ကိုင်းကွင်း များ၊ မြက်တောကြီးများသည် ရေလျှံကွင်း ဖြစ်လာပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးခဲ့ သော ဓာတ်မြေသြဇာများ၊ ရိုးပြတ်များ၊ အပင်သေများ၊ နွားချေး၊ ကြက်ချေးများ ရေတွင်ပျော်ဝင်ကာ ငါးတို့၏သဘာဝ အစာဖြစ်သော အပင်မျှောလှေး (Phytoplankton)၊ အကောင်မျှောလှေး (Zooplankton)များ ပေါက်ဖွားလာကာ အစာများဖြင့်ပြည့်ဝနေသော မိတ်လိုက် ဥချသားပေါက်ရန်နေရာ (Spawning Ground)နှင့် အစာရှာဖွေကွင်း (Feeding Ground) စသည့် ငါးတို့အတွက် နတ်ဘုံ နတ်နန်းသဖွယ် ပေါ်ပေါက်လာပါတော့ သည်။

အနှောင့်အယှက်များစွာရှိ

ငါးတို့သည် မြစ်မချောင်းမကြီးမှ၎င်းတို့ ဥချသားပေါက်မည့် ရေလျှံကွင်း များသို့ လာရာလမ်းကြောင်းသည် အနှောင့်အယှက် များစွာရှိပါသည်။ထိုအချိန်တွင် လူတို့၏ဖမ်းယူ စားသောက်ခြင်းကိုခံရသဖြင့် မိတ်လိုက် ဥချခွင့်မရတော့ဘဲ သေဆုံးကြရသည်။ ယခုအချိန်တွင် မိတ်လိုက်ဥချသားပေါက် ကြမည့်ငါးများကိုမဖမ်းကြဘဲ ခေတ္တစောင့်ဆိုင်းခြင်းဖြင့် သန်းပေါင်းများစွာ သော ငါးများ ပေါက်ပွားလာမည်ဖြစ် သည်။ ထိုငါးများသည် မည်သူကမျှ အစာကျွေးစရာမလိုဘဲ ငါးကန်တူးဖော်စရာ မလိုဘဲ သဘာဝရေ သဘာဝအစာ ဖြင့် အခမဲ့ ငါးရိက္ခာရရှိကြမည်ဖြစ်သည်။

ငါးစားသုံးသူအားလုံးတွင် တာဝန်ရှိ

သဘာဝတိုင်းရင်းငါးများသည် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် လိုအပ်သောအခွန်အခ ငါးရိက္ခာငါးအာဟာရ အလုပ်အကိုင် အခွင့်အလမ်းများ နှစ်စဉ်ရရှိနေမည်ဖြစ်၍ ငါးရစ်ငါးသန်ရာသီချိန် မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင် ငါးဖမ်းဆီးခြင်းကို တားဆီးရန်မှာ ဌာနဆိုင်ရာများသာမက ငါးစားသုံး သူများအားလုံးတွင် တာဝန်ရှိပါသည်။ တိုင်းရင်းငါးများသည် သက်ရှိသတ္တဝါများဖြစ်၍ ၎င်းတို့ဘဝတစ်လျှောက် တစ်ကြိမ်လောက် ဥချသားပေါက်ခွင့် ရရှိရေး ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

No comments:

Post a Comment