အောင်ထက်လင်း (ကြိမ်ချောင်း)
ရှေးယခင်အစဉ်အဆက်ကတည်းက ဇွန်၊ ဇူလိုင်လ မိုးဦးကျကာလတွင် နှစ်ရှည်သီးနှံသစ်ပင်များကို စတင်စိုက်ပျိုးလေ့ရှိကြသည်။ မြေဆီလွှာစိုထိုင်းစ အလုံအလောက်ရရှိပြီး စိုက်ပျိုးသမျှအပင်များ ဖြစ်ထွန်းအောင်မြင်မှု အားကောင်းသည့် အချိန်ဖြစ်သဖြင့် မိုးဦးကာလကို စိုက်ပျိုးရန်အချိန်ကောင်းဟု သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ သစ်ပင်သစ်တောများသည် ရာသီဥတုပြောင်းလဲမှုကို အန်တုနိုင်သကဲ့သို့ လေထုညစ်ညမ်းမှုကိုလည်း သန့်စင်ပေးနိုင်သည်။ တစ်ဧကခန့် အကျယ်အဝန်းရှိ အပင်များသည် လူ ၁၈ ဦးအတွက် လုံလောက်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်။ စိမ်းစိုသော သစ်ပင်သစ်တောများသည် လူအများ၏ စိတ်နှလုံးကို အေးချမ်းစေသကဲ့သို့ မြေလွှာတိုက်စားခံရခြင်းမှ ကာကွယ်ပေးနိုင်သည်။ သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးမှာ အံ့ချီးဖွယ်မကုန်ပင်ဖြစ်သည်။
ဟောကိန်းထုတ်ထား
ကမ္ဘာတစ်ဝန်းတွင် နှစ်ပေါင်းငါးဆယ်ကျော်ကာလအတွင်း မူလသစ်တောထု၏ ထက်ဝက်နီးပါး ပျက်သုဉ်းခဲ့ရပြီး
ဖြစ်သည်။ လူသားများအနေဖြင့် သစ်ပင်၊ သစ်တောများကို စနစ်တကျ အသုံးမပြုခဲ့သဖြင့် တစ်နှစ်လျှင် သစ်တောဟက်တာပေါင်း ၁၂ သန်းမှ ၁၅ သန်းကြား ဆုံးရှုံးနေရသည်။ သိပ္ပံပညာရှင်များက ရေသံသရာလည်ခြင်းဖြစ်စဉ် မပျက်ယွင်းစေရေးနှင့် မြေထု၊ လေထု၊ ရေထု မညစ်နွမ်းစေရေးအတွက် သစ်တောများကို ထိန်းသိမ်းမှုမပြုနိုင်ပါက ကမ္ဘာကြီးသည် လက်ရှိအပူချိန်ထက် ၄ ဒီဂရီစင်တီဂရိတ်အထိ ကျော်လွန်ရောက်ရှိသွားနိုင်ပြီး ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ဆိုးရွားစွာ ခံရနိုင်ကြောင်း ဟောကိန်းထုတ်ထားသည်။
ကမ္ဘာတစ်ဝန်း သစ်ပင်၊ သစ်တောများ ပြုန်းတီးနေမှုများကို အကောင်းဆုံးကာကွယ်ရန်မှာ ခုတ်ထွင်မှုကို ကြပ်မတ်ထိန်းသိမ်းခြင်း၊ စိုက်ကွက်၊ စိုက်ခင်းများ အစားထိုးခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ကို အလေးထား လုပ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း သစ်တောပြုန်းတီးမှုကို အပြင်းအထန် ခံစားနေရသည့်နိုင်ငံ
ဖြစ်သည်။ စီးပွားဖြစ် တရားမဝင်သစ်ခုတ်မှု၊ သယံဇာတတူးဖော်မှု၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု၊ ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းအတွက် ထင်းလောင်စာလိုအပ်မှု၊ အိမ်ရာဆောက်လုပ်ရန် လိုအပ်မှု၊ လမ်းများ ဖောက်လုပ်မှု၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသဖြင့် ခုတ်ထွင်ရှင်းလင်းမှုတို့ကြောင့် သစ်ပင်၊ သစ်တောများ နေ့စဉ်နှင့်အမျှ ပြုန်းတီးနေရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သစ်တောပြုန်းတီးမှု အများဆုံး ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဧပြီလအထိ ငါးနှစ်တာကာလအတွင်း သစ်တောမြေဧက ၈ဝဝဝဝဝ နီးပါး ရှိသော်လည်း ပြန်လည်စိုက်ပျိုးနိုင်သည့်ပမာဏမှာ ၎င်းပမာဏ၏ ထက်ဝက်ခန့်ပင်မရှိပေ။ နိုင်ငံအနှံ့ သစ်ပင်စိုက်ပျိုးခြင်းကို ဂရုတစိုက် မလုပ်ဆောင်နိုင်ပါက ရေရှည်တွင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ၏
ရိုက်ခတ်မှုကို မလွဲမသွေ ရင်ဆိုင်ကြရမည်သာ ဖြစ်သည်။
တစ်ဝက်နီးပါးလျော့ကျသွားခဲ့
မြန်မာနိုင်ငံသည် သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သော မိုးတွင်းကာလ ဇွန်လနှင့် ဇူလိုင်လများ၌ နှစ်စဉ် သစ်ပင်သိန်းပေါင်းများစွာ
စိုက်ပျိုးလျက်ရှိသည်။ သို့ရာတွင် စိုက်ပျိုးခဲ့သောအပင်များ ဆက်လက်ရှင်သန်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစိုက်မှု အားနည်းခြင်း၊ စိုက်ပျိုးစဉ်ကပင် နည်းစနစ်မှန်ကန်စွာ မစိုက်ခဲ့ခြင်းနှင့် ရန်သူမျိုးငါးပါးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် အပင်အရေအတွက် အများစုမှာ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြရသည်။ သစ်တောပြုန်းတီးမှုသည် မြန်မာတစ်နိုင်ငံတည်း ဖြစ်နေခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကြုံတွေ့နေရသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏
မှတ်တမ်းအရ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များက သစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံဟက်တာခန့်ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံဟက်တာခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။ ရာစုနှစ် နှစ်ခုကျော်ကြာသည့်ကာလတွင် ကမ္ဘာ့သစ်တောဖုံးလွှမ်းမှုသည် တစ်ဝက်နီးပါး လျော့ကျသွားခဲ့သည်။ အရှေ့တောင်အာရှတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟက်တာ ၉ ဒသမ ၄ သန်းခန့် ပြုန်းတီးခဲ့သည်ဟု ဆိုထားသည်။
သစ်တောပြုန်းတီးမှုဖြစ်စဉ်များကို လေ့လာကြည့်လျှင် သစ်တောများကို စည်းမဲ့ကမ်းမဲ့ အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်း၊ ထင်းနှင့် မီးသွေးလောင်စာများ အလွန်အကျွံ ထုတ်လုပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြို့ပြနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေများနှင့် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခြင်းများကြောင့် သစ်တောမြေများမှ အခြားမြေအသုံးချမှုကို ပြောင်းလဲခြင်းဖြစ်ပေါ်စေပြီး သဘာဝသစ်တောဂေဟစနစ်များ တစ်နေ့ထက်တစ်နေ့ ပျက်စီးယိုယွင်းလာနေသည်ကို တွေ့ရမည်ဖြစ်သည်။ သစ်တောပြုန်းတီးမှုကြောင့် လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုများဖြစ်သည့် ရာသီဥတုပြောင်းလဲခြင်း၊ မြစ်၊ ချောင်း၊ ကန်များ တိမ်ကောလာပြီး ရေကြီးရေလျှံ ဖြစ်ပေါ်လာခြင်းနှင့် ရေထုညစ်ညမ်းမှု၊ ရေချိုအရင်းအမြစ်များ
ဆုံးရှုံးမှု၊ မြေဆီလွှာပြုန်းတီးလာမှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းမှု စသည့် ဆိုးကျိုးများ
ဖြစ်ပေါ်လာသည်။ သစ်တောသစ်ပင်သည် ရေရှည်ပြုစုပျိုးထောင်ရပြီး ရေရှည်အကျိုးဖြစ်ထွန်းသော သဘာဝရတနာ ဖြစ်သည်။ စိမ်းလန်းသာယာနေသော
ပတ်ဝန်းကျင်သည် ကိုယ်စိတ်နှလုံးကို ချမ်းမြေ့စေသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် မြို့ပြသစ်တော စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၀၆-၂၀၀၇ ခုနှစ်ကာလမှစတင်၍ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ရာ ယခုအခါ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နေပြီး နွေရာသီတွင် အပူချိန်လျော့နည်းလာခြင်း၊ သမမျှတသည့်ရာသီဥတုကို ရရှိခြင်းတို့ကြောင့် စိမ်းလန်းလှပသည့် နိုင်ငံတော်၏ မြို့တော်ကြီး
ဖြစ်လာသည်။ စိမ်းလန်းပြီး သန့်ရှင်းသာယာသည့် မြို့ပြတစ်ရပ်ကို ကြိုးပမ်းတည်ထောင်နိုင်ခဲ့သည့် အကျိုးရလဒ်များကို ခံစားနေကြရပြီဖြစ်သည်။
ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို အထောက်အပံ့ပြု
မြန်မာနိုင်ငံသည် ရှေးကာလက သစ်တောသစ်ပင်များဖြင့် စိမ်းလန်းသာယာလှပသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောသယံဇာတ ပေါများကြွယ်ဝလှသဖြင့် နိုင်ငံတစ်ဝန်းတွင် သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်တွင် သစ်တော ဖုံးလွှမ်းမှု ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသဖြင့် နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု လျော့နည်းလာသည်ကို တွေ့ရမည်။ သစ်တောများသည် လူသားများအတွက် သစ်၊ ထင်း၊ ဝါး၊ ဆေး၊ အဝတ်အထည်၊ အစားအစာ အစရှိသည့် သစ်တောထွက် ပစ္စည်းများသာမက ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေနှင့် လေကောင်းလေသန့်ရရှိစေရန် သန့်စင်ပေးခြင်း၊ ကမ္ဘာ့လေထုအား ပူနွေးစေပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေမည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ စုပ်ယူသိုလှောင်ပေးခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုကို တားဆီးပေးခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အထောက်အပံ့ပြုလျက်ရှိသည်။
သစ်တောများသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ဖြစ်သည်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ် ၃ဝ အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး ဘက်စုံစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁)ခုနှစ်အထိရေးဆွဲပြီး သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြား လောင်စာများ တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ အပူပိုင်းဒေသ တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်ရေးသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများနှင့်
သစ်တောထိန်းသိမ်းရေး အသိပညာပေးရေး၊ တိုးချဲ့ပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
သစ်တောဦးစီးဌာနအနေဖြင့်လည်း နှစ် ၃ဝ အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁ -၂၀၀၂ မှ ၂၀၃၀-၂၀၃၁ခုနှစ်အထိ)၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၅-၂၀၁၆ မှ ၂၀၂၅-၂ဝ၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (၂၀၁၇ -၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) ရေးဆွဲလျက် အပူပိုင်းဒေသအပါအဝင် ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲထိန်းသိမ်းရေး စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တော ရောနှောစိုက်ခင်းများ၊ မြို့ပြသစ်တောများ တည်ထောင်ခြင်း၊ သစ်တောဥယျာဉ်များ
တည်ထောင်ခြင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်ပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝသစ်ပင် သစ်တောဂေဟစနစ်များ
ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် အပူပိုင်းဂေဟစနစ် ပြန်လည်တည်ထောင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား သစ်တောဥပဒေ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျစီမံအုပ်ချုပ်နိုင်ရန် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေး
လုပ်ငန်းများကို ဆောင်ရွက်လျက် သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်း
ကျရောက်သော မြို့နယ်များသည် မိုးရေချိန်လက်မ ၄၀ အောက်သာရရှိပြီး အပူချိန် ၄၇ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်မားပြီး ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည်သည်။ မြေတိုက်စားမှုများပြီး အပေါ်ယံ မြေဆီလွှာကုန်ခန်းကာ အပင်များ သဘာဝမျိုးဆက်ရန် ခက်ခဲသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။
၂ဝ၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်တောသယံဇာတများ
ရေရှည်တည်တံ့စေရန်၊ မြို့ပြနှင့်ကျေးလက်များ စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများအား အပန်းဖြေအနားယူစရာ စိမ်းလန်းမြေများ ဖွံ့ဖြိုးလာစေရန်နှင့် သစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ
ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ကာ နိုင်ငံတစ်ဝန်းကျင်းပလျက်ရှိသည်မှာ ကြည်နူးချမ်းမြေ့ဖွယ်
ကောင်းသည်။ ကမ္ဘာကြီးတွင် သစ်တောပိုင်ဆိုင်မှု တဖြည်းဖြည်း လျော့ပါးလာခြင်းနှင့်အတူ အရှေ့တောင်အာရ ှဒေသနိုင်ငံများတွင်လည်း သစ်တောပိုင်ဆိုင်မှု
လျော့နည်းလာကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း သစ်တောပိုင်ဆိုင်မှု လျော့နည်းလာသည်ကို သတိပြုမိသောကြောင့် သစ်ပင်စိုက်ပျိုးခြင်း
အခမ်းအနားများ ကျင်းပကာ သစ်ပင်ပေါင်း မြောက်မြားစွာ စိုက်ပျိုးပေးလျက်ရှိသည်။ လူပေါင်းများစွာ၏ လုပ်အားစွမ်းရည်ဖြင့် သစ်ပင်ပေါင်းများစွာ ပြန်လည်စိုက်ပျိုးနေခြင်းမှာ အနာဂတ်မျိုးဆက် သစ်တို့အတွက် ကောင်းသော အမွေပေးနေခြင်းလည်း
ဖြစ်သည်။
စိမ်းလန်းစိုပြည်သာယာလှပမှ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဖွယ်၊ နှစ်လိုဖွယ်နိုင်ငံ
ဖြစ်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် သစ်တောသစ်ပင်များ ပြုစုပျိုးထောင်ကာ စိမ်းလန်းသာယာသည့်
နိုင်ငံဖြစ်အောင်
ဖန်တီးရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သစ်ပင်၊ သစ်တောများဆုံးရှုံးမှုနှင့် ပြန်လည်စိုက်ပျိုးနိုင်မှုမှာ ကွာဟချက် များစွာကြီးမားနေဆဲ
ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတစ်ဝန်း၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရမည့်
အချိန်ဖြစ်သည်။ သစ်ပင်တစ်ပင်
ခုတ်လှဲရန် မိနစ်ပိုင်းမျှပင် မကြာမြင့်သော်လည်း အရွယ်ရောက်သည့် သစ်ပင်တစ်ပင် ဖြစ်လာရေးမှာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းကြရသည်။ သစ်ပင်တစ်ပင် ခုတ်လှဲရန်အတွက် အလွယ်တကူ မဆုံးဖြတ်သင့်သကဲ့သို့ ခုတ်လှဲပြီးသစ်ပင်များနေရာတွင် မည်သို့အစားထိုး စိုက်ပျိုးမည်ဆိုသည့်
အချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။ စိုက်ပျိုးပြီး အပင်များကိုလည်း ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်းဟူသည့်
ဆောင်ပုဒ်နှင့်အညီ
အကောင်အထည်ဖော် လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment