နေပြည်တော် မေ ၁၇
ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့် ကွန်ပျူတာ အခြေခံသဘောတရားများကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇) စုပေါင်းခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ယနေ့ ၂၁ ရာစုခေတ်သည် သတင်းအချက်အလက်နှင့် နည်းပညာအခြေပြုပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေရသည်ဖြစ်ရာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် ကွန်ပျူတာပညာရပ်မှာ မဖြစ်မနေ သင်ယူတတ်မြောက်ထားရန် လိုအပ်သည့် ဘာသာရပ်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာဘာသာရပ်များကို အခြေခံအားဖြင့် တတ်မြောက်ပြီးဖြစ်သော်လည်း စနစ်တကျ သင်ယူတတ်မြောက်ခြင်းဖြင့် မိမိတို့ နေ့စဉ်ကြုံတွေ့ရသော နည်းပညာပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ခြင်း၊ ဆက်စပ်တွေးခေါ်နိုင်စွမ်း ရှိလာခြင်း၊ ရုံးလုပ်ငန်းစဉ်များတွင် ထိရောက်စွာ အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ ရုံးလုပ်ငန်းများသည် သတင်းအချက်အလက်နှင့် နည်းပညာအခြေပြု ပြောင်းလဲဆောင်ရွက်လာသည်ဖြစ်ရာ မိမိတို့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် ကွန်ပျူတာကျွမ်းကျင်မှုရှိမှသာ လိုက်ပါတာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ သို့အတွက် သင်တန်းတွင် သင်ကြားပေးသည်များကို စိတ်ပါဝင်စားစွာ သင်ယူသွားရန်၊ အမြဲလေ့လာသင်ယူနေရမည့် ဘာသာရပ်များဖြစ်သည့်အတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ်များ
ဖြစ်ပေါ်လာစေရန်နှင့် နည်းပညာအခြေပြုလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များကိုလည်း ထဲထဲဝင်ဝင် သိရှိနားလည်အောင် လေ့လာသင်ယူသွားရန် မှာကြားသည်။
သင်တန်းကို မေ ၁၇ ရက်မှ ဇူလိုင် ၇ ရက်အထိ ရက်သတ္တရှစ်ပတ်ကြာ သင်တန်းသား သင်တန်းသူ ၁၀ ဦးကို လုပ်ငန်းခွင်မပျက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment