မန္တလေး မေ ၁၄
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ်(၂၅၆၆)ခုနှစ် ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ လေးပြင်လေးရပ်မှသံဃာတော်(၁၀၂၆၄)ပါးအား ပင့်ဖိတ်၍ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် မန္တလေးကျုံးအရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့ရှိ မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပသည်။
ဦးစွာ မန္တလေးမြို့လေးပြင်လေးရပ်တို့မှ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော် (၁၀၂၆၄)ပါးက ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာမဏ္ဍပ်အသီးသီးတို့နှင့် ယာယီ သီတင်းသုံးနေရာများ၌ သီတင်းသုံးတော်မူကြသည်။
ယင်းနောက် နံနက် ၆ နာရီတွင် ဆရာတော်ကြီးများထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အနုမောဒနာ ရေစက်ချတရားနာယူကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့်
နဝကမ္မအလှူငွေများလောင်းလှူပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
တိုင်းဒေသကြီးဝန်ကြီးများနှင့် အလှူရှင်များက မန္တလေးကျုံးတောင်ပြင်ရပ်၌လည်းကောင်း၊
တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံးအရှေ့ပြင်
ရပ်၌လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံးအနောက်ပြင်
ရပ်၌လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးဆောင်သောအဖွဲ့က ကျုံးမြောက်ပြင်ရပ်၌
လည်းကောင်း နေရာယူကြပြီး ကျူံးတစ်ဖက်လျှင်ဆရာတော် သံဃာတော် (၂၅၆၆)ပါးစီအား တစ်ပြိုင်တည်း
လောင်းလှူကြသည်။
ယနေ့ပြုလုပ်သော အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ မိသားစုနှင့် တပ်မတော်သား မိသားစုဝင်များက လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေ တန်ဖိုးစုစုပေါင်း ငွေကျပ်(၂၃၂,၁၅၇,၁၈၀)၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အလှူရှင် လုပ်သားပြည်သူများက လှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေတန်ဖိုး စုစုပေါင်း ငွေကျပ်(၆၁၇,၈၄၅,၃၈၀)၊ စုစုပေါင်းလှူဖွယ်ပစ္စည်းနှင့် လှူဒါန်းငွေတန်ဖိုး ငွေကျပ် (၈၅၀,၀၀၂,၅၆၀) တို့ကိုလှူဒါန်းခဲ့ကြကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၁) မြို့နယ်၌ သံဃာတော်(၁၀၈)ပါးစီဖြင့် အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်ခြင်းနှင့် ဆွမ်း၊ လှူဖွယ်ပစ္စည်း၊ အလှူငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)







No comments:
Post a Comment