Sunday, May 1, 2022

၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ယမန်နေ့မှအဆက်

နံပါတ်ခုနစ်အနေဖြင့် အားကစားကိစ္စဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက “ကျန်းမာရေး ဆိုရာတွင် အားကစား၊ ကြံ့ခိုင်ရေးတို့နှင့် ဆက်စပ်နေပါကြောင်း၊ အားကစားများပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှု ရှိမည် ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်းပင် ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို တက်စေကြောင်း၊ ကာယစွမ်းပကားသာမက စိတ်ဓာတ်စွမ်းပကားပါ မြှင့်တင်ပေးရာဖြစ်ကြောင်း၊ အားကစား မြှင့်တင်မည်ဆိုက လူငယ်များ၏ အင်အားသည် အဓိကကျသည့်အတွက် လူငယ်နှင့် အားကစားကဏ္ဍကို အားပေး ဆောင်ရွက်သွားမည်” ဟုဆိုပြီး လမ်းညွှန်မှာကြားခဲ့တာရှိကြောင်း၊ ထို့ကြောင့် အားကစားကဏ္ဍကို မြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် နိုင်ငံသူနိုင်ငံသားများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် အတွင်းတွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာ အားကစား ပြိုင်ပွဲ ၄ ပွဲ ရှိကြောင်း၊ ပထမပြိုင်ပွဲမှာ အိမ်ရှင်ဗီယက်နမ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ မေ ၁၂ ရက်မှ ၂၃ ရက်အထိ လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဖြစ်ကြောင်း၊ အားကစားနည်း ၄၀ နှင့်ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း၊ ထိုအားကစားပွဲတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး အပါအဝင် အုပ်ချုပ်မှုအဖွဲ့ ၃၆ ဦး၊ အုပ်ချုပ်/နည်းပြ ၉၇ ဦး၊ အားကစားသမား ၂၉၃ ဦး စုစုပေါင်း ၄၂၈ ဦး သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း၊ အားကစားသမားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းတွင် အားကစားနည်း ၁၃ နည်း၊ ရန်ကုန်တွင် အားကစားနည်း ၅ နည်းကို စခန်းသွင်းလေ့ကျင့် လျက်ရှိကြောင်း။

ဒုတိယပြိုင်ပွဲမှာ SEA GAMES ပြိုင်ပွဲအပြီး နှစ်ပတ်အကြာ ဗီယက်နမ် နိုင်ငံတွင် ဆက်လက် လက်ခံကျင်းပ သွားမည့် (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဖြစ်ကြောင်း၊ ပြိုင်ပွဲအားကစားနည်း ၁၁ မျိုးကို မြန်မာနိုင်ငံမှ အားကစားနည်း ၇မျိုး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ တတိယပြိုင်ပွဲမှာ (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲဖြစ်ကြောင်း၊ ထိုပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဟန်ကျုံး မြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ အားကစား နည်း ၄၀ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့နိုင်ငံက ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ စတုတ္ထပြိုင်ပွဲမှာ (၃) ကြိမ်မြောက် အသက် ၁၈ နှစ်အောက် အာရှလူငယ်အားကစား ပြိုင်ပွဲဖြစ်ကြောင်း၊ ထိုပြိုင်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုံမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၈ ရက်အထိ အားကစားနည်း ၁၈ နည်းနှင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် အားကစားနည်း ၉ နည်း ပါဝင်ယှဉ်ပြိုင်သွားရန် ရည်မှန်းထားကြောင်း။

အားကစားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားနည်းစနစ်များ သာမက အားကစားကွင်းများ၊ အားကစားရုံများ အဆင့်မီစွာရှိရေးသည်လည်း အဓိကကျသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၇ခုနှစ် အထိ ဘဏ္ဍာရေး ငါးနှစ်စီမံကိန်းတွင် အားကစားကွင်း ၃၀ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ၊ အားကစားရုံမရှိသေးသည့် မြို့နယ်များ အတွက် နှစ်ထပ်လျှာထိုးကြမ်းခင်းပါ အားကစားရုံ ၂၆ ရုံ တည်ဆောက် ခြင်းလုပ်ငန်းများ၊ ဒိုင်ဗင်ကန်ပါ အဆင့်မီ ရေကူးကန် ၄ ခု တည်ဆောက် ခြင်းလုပ်ငန်းများ၊ မီတာ ၄၀၀ ပြေးလမ်းကို Synthetic Track ပြေးလမ်းခင်းခြင်း နှင့် အသစ်လဲလှယ်ခြင်းလုပ်ငန်း ၇ ခု၊ အားကစား ဥယျာဉ်စီမံကိန်း ၄ ခု တည်ဆောက်ခြင်းလုပ်ငန်းများ၊ အားကစားသိပ္ပံ ကျောင်း ၄ ကျောင်း တည်ဆောက်ခြင်း လုပ်ငန်းများ၊ အားကစား လေ့ကျင့်ရေးစခန်း ၇ ခု တည်ဆောက်ခြင်းလုပ်ငန်းများကို စီမံကိန်း ကာလအတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အားကစားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ကောက်ရိုးမီးကဲ့သို့ ခဏတာဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ စဉ်ဆက်မပြတ် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ပြောကြား လိုကြောင်း။

နံပါတ်ရှစ်အနေဖြင့် ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ပြောကြားလိုကြောင်း၊ ယနေ့အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်း သာယာလာစေရန် လုံခြုံရေးကဏ္ဍများကို တိုးမြှင့်ဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ အကူအညီလိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့နေရာများတွင်လည်း တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူ့လုံခြုံရေးစနစ်သည် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး အထောက်အကူပြု အဖွဲ့အစည်းများ သာမကဘဲ ပြည်သူများ ကိုယ်တိုင်ပါဝင်နိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုစနစ်မျိုးကို လက်ရှိကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၃၉ နိုင်ငံခန့် ကျင့်သုံးဆောင်ရွက်နေကြောင်း၊ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများ ကျင့်သုံးသကဲ့သို့ ဒေသတွင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ များ၌လည်း ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ကျင့်သုံးဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်သူ့လုံခြုံရေး စနစ်ကို အကောင်အထည်ဖော်မှသာ အပြစ်မဲ့ပြည်သူလူထု၊ အပြစ်မဲ့ ကလေးသူငယ်များအား ရန်ရှာ နေသည့် အကြမ်းဖက်လုပ်ရပ်၊ လုပ်ငန်းများ ချုပ်ငြိမ်းသွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံ ရေးစနစ်ကို ပြည်သူပါဝင်သည့် အင်အား၊ လိုအပ်သည့် အထောက်အပံ့ ပစ္စည်းအပြည့်အစုံနှင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် ထိုစနစ်ပုံပေါ်လာသည်နှင့်အမျှ လက်ရှိအကြမ်းဖက်ဖြစ်စဉ်များ လျင်မြန်စွာချုပ်ငြိမ်းနိုင်မည် ဖြစ်ကြောင်းကို အသိပေးပြောကြား လိုကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း မေးမြန်းခဲ့သည့် မေးခွန်းများ အပေါ် သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက သတင်းစာ ရှင်းလင်းပွဲအစတွင် ဗိုလ်ချုပ်မေးမြန်းသွားသည့် မေးခွန်းများကို NUG ၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံရေးသားနေသော မီဒီယာများ အနေဖြင့် ဖြေကြားနိုင်မည်မဟုတ်ကြောင်း၊ မိမိတို့ သူရိယနေဝန်းက ဖြေကြားသွားမည်ဖြစ်ကြောင်း၊ နံပါတ်တစ် မေးခွန်းဖြစ်သည့် မဲမသမာမှု မရှိခဲ့ကြောင်း သက်သေပြပါဟု ဗိုလ်ချုပ် မေးမြန်းခဲ့သည့် မေးခွန်းကို ၎င်းတို့အနေဖြင့် သက်သေပြနိုင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယင်းရွေးကောက်ပွဲမဲစာရင်းများ စတင် ပြုလုပ်စဉ် ယခင်က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများ၌ မဲစာရင်းပြုလုပ်သည့်အချိန်တွင် လဝကအနေဖြင့် ပြုစုရကြောင်း၊ သို့သော် ယခုပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လဝကကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်သို့ သွတ်သွင်းပြီး ၎င်းတို့ NLD ပါတီ၏ အစိုးရအဖွဲ့အောက်တွင် သွတ်သွင်းပြီး မဲမသမာမှု ပြုလုပ်၍ရအောင် ရည်ရွယ်ချက်ရှိရှိ မဲစာရင်းများကို စိစစ်ခဲ့ကြောင်း၊ ထို့အပြင် မဲပေး သည့်ရက် နိုဝင်ဘာလ ၈ ရက် မတိုင်ခင် နိုဝင်ဘာလ ၇ ရက်တွင်လည်း ရွေးကောက်ပွဲကော်မရှင် ရပ်/ကျေး အဆင့်များတွင် မဲပေးသည့် မဲစနစ် များကို ကျေးရွာတစ်ခုတွင်မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ တစ်ထောင်ရှိလျှင် ယင်းရပ်/ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၏ လက်ထဲတွင် မဲစလစ်ပေါင်း ၂၀၀ ကို လက်ဝယ်ကိုင်ထားပြီး မဲပေးရသည့် မနက်ခင်းတွင် ၎င်းတို့ပေးစေချင်သော (NLD)ကို တကယ်ပေးမည့်သူ များကို correction များဖြင့် အမည်များကိုဖျက်ပြီး အဝင်ပေါက်မှာပင် မဲမသမာမှုဖြစ်အောင် ပြုလုပ်ခဲ့သည့်အပြင် အသက် ၁၈ နှစ်မပြည့်သေးသူများကိုလည်း မဲပေးခိုင်းစေခဲ့ကြောင်း။

ထိုသို့ မဲမသမာမှုကျူးလွန်ခဲ့သည်မှာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့်အတွက်ကြောင့် မဲမသမာမှုမရှိခဲ့ကြောင်း သက်သေကို ၎င်းတို့အနေဖြင့် လုံးဝပြနိုင်မည် မဟုတ်ကြောင်းကို ဖြေကြားလိုပါကြောင်း၊ ဒုတိယတစ်ခုက ယင်းမာပင်လူသတ်မှုတွင် NLD ပါတီအပါအဝင် ဗိုလ်နဂါးက ပြန်သတ်ခဲ့သည့် လူများအနက် လူ ၁၀ ‌ယောက်တွင် ခြောက်ယောက်က အနီထောက်ခံအားပေးသူများ ဖြစ်သည်ကို သိရကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်မျိုး အလားတူဖြစ်ရပ် စစ်ကိုင်းတိုင်းတွင် ရှိသည့် ကျေးရွာတစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း၊ သစ်စက်တစ်ခုတွင် လုပ်ကိုင်ခဲ့သော မိသားစုတစ်စုရှိကြောင်း၊ ယင်းသစ်စက်မှ မိသားစုသည် NLD ကို လုံးဝ အမာခံထောက်ခံ ဝန်းရံသူများဖြစ်ကြောင်း၊ သို့သော် ညတစ်ည ၁၀ နာရီဝန်းကျင်တွင် ဗိုလ်နဂါးအဖွဲ့မှ ဓားပြတိုက်ခဲ့ကြောင်း၊ ယင်းမိသားစုမှ သားနှင့်သမီးကို PDF အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန်လာခေါ်သည့် ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း၊ PDF အကြမ်းဖက် အဖွဲ့သို့ ထည့်မပေးသည့်အတွက်ကြောင့် သစ်စက်တွင်ရှိသော ငွေကြေးနှင့် ပစ္စည်းများကို လုယူဓားပြတိုက်သွားကြောင်း၊ မိမိအနေ ဖြင့် ပြောလိုသည်မှာ ၎င်းတို့ကို မထောက်ခံမှ ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို အားမပေးလျှင်လည်း ဒလန်ဆိုသည့်ခေါင်းစဉ်ဖြင့် လူသတ်ဓားပြတိုက်နေသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း။

နောက်တစ်ခုအနေဖြင့် ကိုရင်သုံးပါး မိုင်းထိသည့်အတွက်ကြောင့် နှစ်ပါး ပျံလွန်တော်မူသည့် ဖြစ်စဉ်အပါအဝင် ဗုဒ္ဓဘာသာရဟန်းတော်များကို ဒလန်ဆိုသည့် ခေါင်းစဉ်အောက်တွင် သတ်ဖြတ်နေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောပြလိုကြောင်း၊ ဝမ်းတွင်းမြို့နယ်၌ ဆွမ်းစားနေသည့် ဘုန်းကြီးကို ကျောင်းပေါ်အထိတက်ပြီး သေနတ်ဖြင့် ပစ်ခဲ့သည့် လုပ်ရပ်များအပါအဝင် ဗုဒ္ဓဘာသာရဟန်းတော်များစွာကို ဒလန် ဆိုသည့် ခေါင်းစဉ်အောက်တွင် သတ်ဖြတ်ခံနေရကြောင်း၊ ဘုန်းကြီး ကျောင်းတစ်ခု၌ ကျောင်းထိုင်ဘုန်းကြီး ကျိန်းစက်နေသည့် ညကြီး အချိန်အခါ သန်းခေါင်ကျော်အချိန်တွင် ဘုန်းကြီးကျောင်းကို ဝင်ရောက်ကာ ဘုန်းကြီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျောင်းတွင်ရှိသည့် သာသနာပိုင်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ အပါအဝင် ကားများကိုပါ ယူဆောင်ပြီး ဓားပြတိုက်ထွက်ပြေးသွားခဲ့ကြောင်းကို စုံစမ်းသိရှိရကြောင်း၊ သာမန်ဒလန်များကို သတ်ဖြတ်၍ရရှိသည့် ဆုကြေးငွေ ထက် ဗုဒ္ဓဘာသာရဟန်းတော်များကို သတ်ဖြတ်၍ ရရှိသည့် ဆုကြေး ငွေက နှစ်ဆသုံးဆထက်မက မြင့်မားနေသည်ကို သိရှိရကြောင်း၊ နောက်တစ်ခုက စစ်ကိုင်းတိုင်းအတွင်းရှိ အစိုးရစာသင်ကျောင်းများ တွင် NUG က ဦးဆောင်ပြီး စာသင်ပေးရန် CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပြီး စာသင်ပေးရန် စည်းရုံးလှုံ့ဆော်နေသည်များ ရှိကြောင်း။

အဘယ်ကြောင့် ထိုသို့ စည်းရုံးလုပ်ဆောင်နေလဲဆိုလျှင် ၎င်းတို့ NUG ၊ CRPH တွင် ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခြင်းမဟုတ်ဘဲ လက်ရှိအစိုးရမှ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ် မှုအောက်ကို ၎င်းတို့ကိုယ်တိုင် လက်နက်ချ ဒူးထောက်ပြီး အညံ့ခံ လာသည်ဟုပင် မြင်ပါကြောင်း၊ နောက်တစ်ခုမှာ ဒီမိုကရေစီဆိုသည် မှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိကြောင်း၊ ယင်းသို့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်အပေါ် ယခုကဲ့သို့ NLD ဦးဆောင်သည့် အစွန်းရောက်အကြမ်းဖက်သမားများက အမြင်မတူသည့်သူများကို ဒလန်ဟုဆိုကာ လုပ်ကြံသတ်ဖြတ်နေခြင်းသည် ၎င်းတို့က ဒီမိုကရေစီကို ဖော်ဆောင်နေသူများမဟုတ်ဘဲ ဒီမိုကရေစီ ဆိုသည့်အမည်ကို ခေါင်းစဉ်လှလှတပ်ပြီး လစ်ဘရယ် အစွန်းရောက်နေသူများသာဖြစ် သည်ဟု စွပ်စွဲပြောကြားလိုကြောင်း။

နောက်ဆုံးမေးခွန်းတစ်ခုမှာ မည်သူတွေက ဒီမိုကရေစီကို ဖော်ဆောင်နေသလဲဆိုသည့် မေးခွန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ စစ်မှန်သည့် ဒီမိုကရေစီကို ဖော်ဆောင်နေသည့် အခိုင်အမာဆုံး အင်စတီကျူးရှင်းက တပ်မတော်ဟု မြင်ပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြစ်စဉ်တွင်လည်း တပ်မတော်ကို ထောက်ခံသူများအပြင် ကြားနေ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများသာမက တပ်မတော်ကို မထောက်ခံသည့် သူများကိုပါ တပ်မတော်အနေဖြင့် တစ်ပြေးညီ သဘောထားဆက်ဆံပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အားလုံးအညီအမျှ ထိုးနှံခွင့်ပြုခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အညီအမျှ ဆောင်ရွက်ပေးနေခြင်းများသည် သက်သေများဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ စစ်မှန် သည့် ဒီမိုကရေစီကို ဖော်ဆောင်နေသည့် အခိုင်အမာဆုံး အင်စတီကျူးရှင်းက တပ်မတော်သာဖြစ်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦး ၏ ဖြေကြားချက်များအပေါ် ကျေးဇူးတင်ပါကြောင်း၊ PDF အဖွဲ့မှ ဖမ်းဆီးရမိသူများရှိကြောင်း၊ ထိုအထဲတွင် ရန်ကုန်၊ မန္တလေးမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့များထဲမှ ဖမ်းဆီးရမိသူများရှိကြောင်း၊ ၎င်းတို့ အထဲတွင် သတ်ဖြတ်ခဲ့၊ ဗုံးခွဲခဲ့မှုများ ကျူးလွန်ခဲ့သူများ ရှိကြောင်း၊ အချို့မှာ နှစ်ကြိမ်၊ သုံးကြိမ် လူသတ်မှုကျူးလွန်ခဲ့သူများရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ အချို့မေးမြန်းခန်းများ၊ အင်တာဗျူးများကို ထုတ်လွှင့်ခဲ့သည်များရှိကြောင်း၊ ယခင်က ပြသခဲ့သည်များရှိကြောင်း၊ ၎င်းတို့ ပြောကြားဖြေဆိုခဲ့သည့်အထဲမှ နှစ်ယောက်၊ သုံးယောက်ခန့်မှာ တူညီသည့် အချက်များ တွေ့ရကြောင်း၊ တွေ့ရှိချက်များမှာ ၎င်းတို့ကို အကြွေးတောင်းသကဲ့သို့ တဂျီဂျီ အတောင်းခံနေရကြောင်း၊ အချို့ပြည်ပ၌ နေသူများက ပြည်တွင်းနေသူများကို ပေးထားသည်များ ရှိကြောင်း၊ ၎င်းတို့ကို ပေးထားသည့် နေရာတစ်နေရာ၌ ဖြစ်စဉ်တစ်ခု မဖြစ်မချင်း အကြွေးတောင်းသကဲ့သို့ တဂျီဂျီတောင်းခံပြီး မင်းမလုပ် သေးဘူးလား၊ မင်းဘာလုပ်ထားပြီးပြီလဲ စသည်ဖြင့် မေးမြန်းပြီး သက်သေ အထောက်အထား အချို့ကို ကိုင်ဆောင်ထားသည်များ ရှိသည်ကိုလည်း မိမိတို့သိရှိရကြောင်း။

ယခင်ခိုင်းစေခဲ့သည့် ဗုံးခွဲမှုများရှိခဲ့ပြီး ယခုခိုင်းစေချက်များ မလုပ်ပါက ယခင် ဗုံးခွဲခဲ့သည်များကို လုံခြုံရေးအဖွဲ့အား ပြောမည်စသည်ဖြင့် အကြွေးတောင်းသကဲ့သို့ တဂျီဂျီပြောကြောင်း၊ ခြိမ်းခြောက်ခံရကြောင်း စသည်ဖြင့် ၎င်းတို့၏ ပြောကြားသည့် အချက်အလက်သတင်းများ လည်း စုဆောင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများသည် ယင်းကိစ္စများကြောင့်သာ ပိုမိုဆိုးဝါး နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင်  ရှင်းလင်းတင်ပြမည့် အကြောင်းအရာများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲများ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊  နိုင်ငံရေးပါတီများ  စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း။   

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်းကို လဝကပုံစံ (၆၆/၆) ၊ နိုင်ငံသားစိစစ်ရေးကတ် စသည်တို့နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးမှု မပြုဘဲ ရှိ/ ကောက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် မှားယွင်းပြီး မဲမသမာမှုဖြစ်စေသည့် မဲဆန္ဒရှင်စာရင်းများစွာကို စိစစ်တွေ့ရှိခဲ့ရပါ ကြောင်း၊ ယခုအခါသုံးသပ်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ၊ နည်းဥပဒေများမှ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းအပိုင်းကိုပြင်ဆင် ၊ ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ပြင်ဆင်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒရှင်စာရင်းကို ကော်မရှင်က သတ်မှတ်ထားသည့် လူဦးရေပုံစံ ဇယားနှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းတို့ကို အခြေခံပြုစုရမည်ဖြစ်ကြောင်း၊ ထိုလူဦးရေစာရင်းကို အခြေခံပြီး မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများစာရင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လဝက ဦးစီးဌာနမှူးရုံးနှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲတို့က ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

အလားတူ ပြင်ဆင်ထားသည့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများအရ မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို ၎င်းတို့ကိုင်ဆောင်ထားသည့် နိုင်ငံသား စိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) တို့ဖြင့် တိုက်ဆိုင်စစ်ဆေး ပြီးမှသာ မဲစာရင်းတွင် ထည့်သွင်းပြုစုရမည်ဖြစ်ကြောင်း၊ ထို့အပြင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်း မပြုမီ မြို့နယ် ကော်မရှင် အဖွဲ့ခွဲက မြို့နယ်ထွေအုပ်၊ မြို့နယ်လဝက၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာမြို့နယ်တွင်ရှိသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန် စိစစ်ရမည်ဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်အမှတ်(၅) အရ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ကို အခြေခံပြုစုထားသည့် စာရင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ကို ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိ မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်မှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ရပ်/ကျေးစာရေးများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ဝန်ထမ်းများ နှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး Laptop၊ Computer များ အသုံးပြု ဆောင်ရွက်ခဲ့ပါကြောင်း၊  ထိုသို့ ဆောင်ရွက်ရာ တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် စိစစ်ညှိနှိုင်းပူးပေါင်းဖြေရှင်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စိစစ်တွေ့ရှိချက်များ အရ ရပ်/ကျေး မြေပြင်လူဦးရေစာရင်းများကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ပြုစုရန်နှင့် အချက်အလက်များ ပြည့်စုံအောင်ဖြည့်သွင်းရန် လိုအပ်သည့်အတွက် မြေပြင်လူဦးရေ စာရင်း ကောက်ယူပြုစုမည့် ဇယားပုံစံအသစ်ကို ပေါင်းစပ်ညှိနှိုင်းပြုစုခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် မြေပြင်လူဦးရေစာရင်းကို ဇယားပုံစံသစ်နှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကောက်ယူဆောင်ရွက်လျက်ရှိပါကြောင်း။

အလားတူ ပြည်ထောင်စုနယ်မြေတွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း Pilot Project ဆောင်ရွက်နေချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ခံအရာရှိများ၊ လုပ်ငန်းဆောင်ရွက်မည့်ဝန်ထမ်းများကို ခေါ်ယူ လေ့လာစေခြင်းနှင့် သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် “အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်” ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ၈ မြို့နယ် ပြီးစီးပြီး ၂၀၄ မြို့နယ်တွင် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ထိုလုပ်ငန်းစဉ် တစ်ခုလုံးကို အနီးကပ်ကြပ်မတ်ကွပ်ကဲ စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၂၃ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အကြိုညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ဆက်လက်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါကြောင်း၊ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ခဲ့ကြပါကြောင်း၊ အစည်းအဝေးတွင် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်အတွက် မဲစာရင်းများ တိကျမှန်ကန်ရေး၊ အချိန်မီပြီးစီးရေး သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါကြောင်း။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း တစ်နိုင်ငံလုံး ထုတ်ပေးထားသည့် မှတ်ပုံတင် မှတ်တမ်းများနှင့် လဝကပုံစံ (၆၆/၆) စာရင်းများကို ကွန်ပျူတာစာရင်း ထည့်သွင်းလျက် ရှိပါကြောင်း၊ အဆိုပါ လဝက၏ စာရင်းများနှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ မြေပြင်လူဦးရေစာရင်းများကို အခြေခံပြီး အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်တိုင်းသည် နိုင်ငံသားစိစစ်ရေး ကတ် ၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရ လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားရမည်ဖြစ်ပြီး အမြဲတမ်း နေထိုင်ရာဒေသတွင် ဆန္ဒမဲ ပေးနိုင်ရေးအတွက် နေထိုင်ကြောင်းအထောက် အထားဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ရှိရမည် ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း သိရှိနားလည်အောင် အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဆက်လက်ပြီး နိုင်ငံရေးပါတီများ စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းစဉ်များကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၈၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ နည်းဥပဒေ ၂၃ တို့နှင့်အညီ နိုင်ငံရေးပါတီများ၏ စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ ကိုယ်စားလှယ်များ ပါဝင် သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် နိုင်ငံရေးပါတီများသည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၄) နှင့် နည်းဥပဒေများ အခန်း (၄) ပါ ပါတီရန်ပုံငွေ နှင့်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ အပါအဝင် ပါတီဖွဲ့စည်း ဆောင်ရွက်မှုဆိုင်ရာ စာရင်းဇယားများကို ဥပဒေနှင့်အညီ စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးရာတွင်လည်း သက်ဆိုင်ရာပါတီရုံးချုပ် အခြေစိုက်သည့်နယ်မြေရှိ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် အစိုးရဌာနရုံးများတွင် စစ်ဆေးခြင်းဖြစ်ပြီး ကြိုတင်အသိပေး အကြောင်းကြား ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ၏ စာရင်းများကို ၂၀၂၁ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ နိုင်ငံရေးပါတီ ၈၃ ပါတီ၏စာရင်းများကို စစ်ဆေးပြီး ဖြစ်ပါကြောင်း၊ လက်ရှိတည်ဆဲ နိုင်ငံရေးပါတီ ၉၂ ပါတီ ဖြစ်သော် လည်း စစ်ဆေးပြီး ၈၃ ပါတီအနက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ပယ်ဖျက် ပြီးဖြစ်သည့်အတွက် စစ်ဆေးရန်ကျန် ပါတီ ၁၀ ပါတီဖြစ်ပါကြောင်း၊ စစ်ဆေးရန် ကျန်ပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့သည် သတ်မှတ်ကာလအတွင်း စစ်ဆေးခံရန်ပျက်ကွက် သည့်အတွက် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင်သည့် စုံညီအစည်း အဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း။

စုံညီအစည်းအဝေးမတိုင်မီ သက်ဆိုင်ရာပါတီ၏ ဆက်သွယ်တင်ပြချက်နှင့် အစည်းအဝေးတွင် ဆွေးနွေးချက်များအရ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်းသည် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် ဖြစ်သော်လည်း အဘက်ဘက်မှ ချင့်ချိန်၍ မျှမျှတတဖြင့် အချိန်ပေး ဆောင်ရွက်ရန်လိုအပ်ခြင်းအပါအဝင် အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) အနေဖြင့် ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်မတိုင်မီ လာရောက်အစစ်ဆေးခံရန် နောက်ဆုံးအကြိမ် သတိပေးအကြောင်းကြားခဲ့ပါကြောင်း။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် စစ်ဆေးမှုခံယူမည့် ဗဟိုအလုပ်အမှုဆောင်အချို့ ဖမ်းဆီးခံ၊ အချို့ တိမ်းရှောင်၊ အချို့ ဆက်သွယ်မရခြင်းနှင့် စာရင်းဇယားများ စုစည်း ပြီး စစ်ဆေးမှုခံယူရန် အခက်အခဲရှိကြောင်း သိရှိရသဖြင့် အချိန်ကာလ တစ်ခုပေးပြီး စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း။

အလားတူ စစ်ဆေးရန်ကျန် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်စွဲပါစာဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် မတိုင်မီ စာရင်းများစစ်ဆေးခံရန် ပုဒ်မ ၂၄ (က) နှင့်အညီ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ စစ်ဆေးရန်ကျန် အချို့ပါတီများ၏ တင်ပြချက်အရ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အခက်အခဲ ရှိကြောင်း သိရှိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ယင်းပါတီများနှင့် ဆက်သွယ်ညှိနှိုင်းပြီး စစ်ဆေးရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှ လုပ်ငန်းစဉ် (၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁၁)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက လုပ်ငန်းစဉ် (၅) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။     

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment