Saturday, May 7, 2022

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် မူဝါဒချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

 


နေပြည်တော် မေ ၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် မူဝါဒချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ရုံးအမှတ်(၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ယနေ့နံနက်၁၀ နာရီတွင်ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့မှ ပါမောက္ခချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က Video Conference စနစ် ဖြင့် တက်ရောက်ကြသည်။

ဝန်ကြီးဌာနမှ မူဝါဒချမှတ်ပေး

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အက ဘာသာရပ်များကို ထည့်သွင်း သင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ဝန်ကြီးဌာနမှ မူဝါဒချမှတ် ပေးရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့်(မန္တလေး)တို့တွင် သက်ဆိုင်ရာ တိုင်းရင်းသား နည်းပြများက အနှစ်သာရပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် တိုင်းရင်းသား(၇)မျိုး အနက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသား (၃)မျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး)တွင် ကချင်၊ ကယား၊ ချင်း၊ ရှမ်း တိုင်းရင်းသား(၄)မျိုးတို့၏ ရိုးရာဂီတနှင့် အက ဘာသာရပ်များကို လည်းကောင်း သင်ကြား ပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား များတွင်လည်း တိုင်းရင်းသားမျိုးနွယ်စုခွဲများ များပြားစွာရှိသည့်အတွက် အကအားလုံးကို ထည့်သွင်း သင်ကြားပေးရန် အဆင်မပြေနိုင်ပါကြောင်း၊ ထို့ကြောင့် သင်ကြားပေးရမည့် တိုင်းရင်း သားရိုးရာဂီတနှင့် အကတို့ကို အတည်ပြုသတ်မှတ် နိုင်ရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒချမှတ်ပေးရန် လိုအပ်သည့်အတွက် ယခုအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းနှင့် တက်ရောက်လာကြသူများက အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အက ဘာသာရပ်များကို ထည့်သွင်း သင်ကြားနိုင်ရေး အတွက်သင်ရိုးညွှန်းတမ်းရေးဆွဲရန် ကိစ္စကို ဝိုင်းဝန်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် စကားပြောကြားသည်။

နည်းပြများ ခန့်အပ်ရေး ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး) တို့တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား တို့၏ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသား ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ခန့်ထားရန်အတွက် ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တင်ပြခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်၍ သင်ရိုးညွှန်းတမ်း များ ရေးဆွဲပြဋ္ဌာန်းပြီးပါက တိုင်းရင်းသားရိုးရာဂီတနှင့် အကနည်းပြများ ခန့်အပ်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment