တောင်ကြီး မေ ၁၂
၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် စစ်ရေးပြမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြု ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းမှာ ဘော်လီဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေး၊ အားကစားသမားအချင်းချင်း ချစ်ခင်စည်း လုံးမှုရရှိကာ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်နိုင်ရေး၊ ကျန်းမာပြီးကြံ့ခိုင်သောအမျိုးသား၊ အမျိုးသမီးများအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်မြင့်မားစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးဆိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပတဲ့ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကတဆင့် ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက် သည့် အားကစားသမားများကို ရွေးချယ်ပြီး ၂၀၂၂ခုနှစ်ဇွန်လ(၁၇)ရက်နေ့မှ(၃၀)ရက်နေ့အထိ တောင်ကြီးမြို့ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို ရှမ်းပြည်နယ်အသင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ဘော်လီဘော အားကစားနည်းသည် အစဉ်အလာရှိသည့် အားကစားနည်းဖြစ်ပြီး အမျိုးသားဘော်လီဘော အသင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလားကို အကြိမ်ကြိမ်ရရှိခဲ့သည့် အသင်းဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ရှမ်းပြည်နယ်မှ ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပြိုင်ပွဲတွင် အားနည်းချက်အချို့ကြောင့် အမျိုးသား၊ အမျိုးသမီး(၂)သင်းစလုံး ဒုတိယဆုနဲ့သာ နှစ်သိမ့်ခဲ့ရပါ ကြောင်း၊ ယနေ့ပြိုင်ပွဲကနေထူးချွန်သည့် အားကစားသမားများ မကျန်ခဲ့ရအောင် တာဝန်ရှိသူများမှ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲမထားရှိဘဲ မှန်မှန်ကန်ကန်ရွေးချယ်ပေးကြရန်နှင့် ရှမ်းပြည်နယ်အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အသင်း အောင်မြင်မှုပြန်လည်ရရှိအောင် ကြိုးစားကြရန်၊ အိမ်ရှင်အဖြစ်တတိယအကြိမ် ကျင်းပမည့်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင်ကြိုးပမ်းကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက သစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲပထမနေ့အဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းနှင့် ကျိုင်းတုံခရိုင်အသင်းတို့ ယဉ်ပြိုင် ကစားနေမှုကို ကြည့်ရူအားပေးခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို မေလ(၁၂)ရက်မှ(၁၆)ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုင်း/ဒေသနှင့် ခရိုင်များအသင်း(၁၃)သင်း၊ အမျိုးသား(၁၁)သင်းနှင့် အမျိုးသမီး(၁၂)သင်းပါ ဝင်ယှဉ်ပြိုင်ကြ ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


No comments:
Post a Comment