နေပြည်တော် မေ ၄
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၈ နှစ်နှင့်အထက် လုပ်သားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ အသက်အုပ်စုအလိုက် အဆင့်ဆင့်ထိုးနှံပေးခဲ့သည်။ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၃၄ သန်းကျော်ရှိသော်လည်း ပြည်ပတွင် သွားရောက်နေထိုင် သူများ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့် တာဝန်ထမ်းဆောင်သူဦးရေမှာ ၂ ဒသမ ၄ သန်းကျော် ရှိသည့်အတွက် နိုင်ငံအတွင်း မြေပြင်၌ အမှန်တကယ်နေထိုင်လျက်ရှိသည့် အသက် ၁၈နှစ်နှင့် အထက် လူဦးရေ ၃၁ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဧပြီ ၃၀ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၂၉ သန်းကျော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်ပါ၍ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်သူ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ (၉၁ ဒသမ ၉) ရာခိုင်နှုန်းသည် ကာကွယ်ဆေးလွှမ်းခြုံမှုရရှိပြီး ဖြစ်သည်။
ယခုအခါ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးလျက်ရှိပြီး အသက် ၄၀နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော မိဘပြည်သူ များအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ဆက်လက်၍ ကာကွယ်ဆေးလွှမ်းခြုံမှု ယခုထက် ပိုမိုမြင့်မားစွာရရှိစေရေးအတွက် အခြေခံပညာကျောင်းများ ပြန်ဖွင့်ချိန်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အသက်အုပ်စုများ ထပ်မံတိုးချဲ့၍ ကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ ဦးတည်အုပ်စုများအတွင်း ကာကွယ်ဆေးထိုးနှံမှုကို ကျေးလက်ဒေသအထိ ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော မိဘပြည်သူများကို အသက်အုပ်စုများ ထပ်မံတိုးချဲ့၍ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများကို ဆက်လက်တိုးချဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
No comments:
Post a Comment