Wednesday, May 18, 2022

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များရှိ ပထမနှစ်(၅/၂၀၂၂)သင်တန်းမှ ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၏ ဆေးပညာအခြေခံနှစ်(၅/၂၀၂၂)သင်တန်းနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၏ ပထမနှစ်(၅/၂၀၂၂)သင်တန်းများအား ၂၀၂၂ ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၎င်းသင်တန်းများသို့ တက်ရောက်လာကြသည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို ဆေးတက္ကသိုလ်(၁)ရန်ကုန် ဇီဝကခန်းမ၌၊ (၂၀၂၂)ခုနှစ်၊ မေလ(၁၈)ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် (Semi Virtual)စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။






အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ တင်ထွန်း၊ ဆေးတက္ကသိုလ်(၁)၊ ဂုဏ်ထူးဆောင်ပါမောက္ခဒေါက်တာဖေသက်ခင်၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်အသင်း၊ မြန်မာနိုင်ငံကျန်းမာ ရေးမှူးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တက္ကသိုလ်အသီးသီးသို့ ဝင်ရောက်လာကြသည့် သစ်လွင်ကျောင်း သား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင်-

- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးပညာရပ်ဆိုင်ရာ ကျင့်ဝတ်သိက္ခာများကို တန်ဖိုးထား၍ ပြည်သူလူထုအား အရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို မဆုတ်မနစ် အပြည့်အဝဆောင်ရွက်မည့် ကျန်းမာရေးလူစွမ်းအားစုများကို နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ်ပေးရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊

-ဥပဌာနံ၊ အနုကမ္မာ၊ ဒယာဆိုသည့်အတိုင်း ဆရာဝန်တစ်ဦးဖြစ်သော ကျွန်ုပ်သည် ဝေဒနာရှင် လူနာအား ဥပဌာနံ-စိတ်ရောကိုယ်ပါ ယုယုယယပြုစုကုသ၍ အနုကမ္မာ-ကိုယ်ချင်းစာတရား လက်ကိုင်ထားလျက်၊ ဒယာ-လူလူချင်း ညှာတာထောက်ထားသောအသိဖြင့် ပြုစုကုသပါမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်နှင့်အညီ ဆရာဝန်တစ်ဦးဖြစ်လာသည့်အခါတွင် လိုက်နာကျင့်ကြံအား ထုတ်ပါက ဘဝတစ်လျှောက်လုံးတွင် ကောင်းကျိုးမင်္ဂလာများနှင့် ပြည့်ဝနေမည်ဖြစ်ပါကြောင်း၊

- ယခုပညာသင်နှစ်တွင် (၂၀၂၀)ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၂၉၂၄)ဦးနှင့် တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၁၇၅)ဦး၊ စုစုပေါင်း(၃၀၉၉)ဦးရှိပါကြောင်း၊

- တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး၍ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ် များသို့ ဝင်ခွင့်ရရှိသူများသည် မိမိတို့၏ဘဝတစ်ဆစ်ချိုး တိုးတက်ပြောင်းလဲသွားခြင်းဖြစ်ပါ ကြောင်း၊ မိမိလက်ရှိကျင်လည်နေသော ပတ်ဝန်းကျင်မှ ဆေးပညာရပ်များကို လေ့လာသင်ယူနေ သော ဝါသနာတူ၊ အဆင့်အတန်းတူ တက္ကသိုလ်ပတ်ဝန်းကျင်သို့ ရောက်ရှိသွားပြီဖြစ်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများမှာ ကျောင်းတက် စဉ်အခါက မိဘဆရာများ၏ ရင်အုပ်မကွာထိန်းချုပ်မှုအောက်မှာ ရှိခဲ့ရာမှ တက္ကသိုလ်ရောက်ရှိ လာသည့်အခါတွင် မိမိကိုယ်ကိုထိန်းကျောင်းရမှာဖြစ်ပြီး ဘွဲ့ရရှိပြီးတဲ့အခါမှာ သက်ဆိုင်ရာ ကောင်စီအသီးသီးက ထိန်းကျောင်းသွားမည်ဖြစ်ပါကြောင်း၊

-ကျန်းမာရေးလူစွမ်းအားအရင်းအမြစ် အင်အားစုများတွင်ပါဝင်သည့် ဆရာဝန်များ၊ သွားဘက် ဆိုင်ရာ ဆရာဝန်များ၊ ဆေးဝါးပညာရှင်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာရှင်များ၊ သူနာပြုများ၊ အခြေခံကျန်းမာရေးပညာရှင်များနှင့် တိုင်းရင်းဆေးဆရာများကို ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၏ ဦးဆောင်စီမံခန့်ခွဲမှုဖြင့် လေ့ကျင့်မွေးထုတ်ပေးခဲ့ရာတွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ယနေ့အထိ ဆေးပညာရှင်ဆရာဝန်(၄၇၃၁၃)ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန်(၅၄၂၇)ဦး၊ ဆေးဝါးပညာရှင်(၄၂၀၃)ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာရှင် (၄၅၀၁)ဦး၊ သူနာပြုသိပ္ပံဘွဲ့ရ(၉၄၅၄)ဦး၊ အခြေခံကျန်းမာရေးပညာရှင်(၂၃၅၆)ဦးနှင့် တိုင်းရင်း ဆေးဆရာ(၁၄၆၈)ဦးတို့ကို မွေးထုတ်ပေးပြီးဖြစ်ပါကြောင်း၊

-ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူ/ဆေးလက်တွေ့ ပါရဂူ ဘွဲ့လွန်သင်တန်း (၁၃၉)မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ မိမိတို့တက္ကသိုလ်များမှ Bachelor ဘွဲ့ရရှိပြီး သူများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့လွန်သင်တန်းများဖြစ်ကြတဲ့ Master, Doctorate, Fellowship စသည့် ပြည်တွင်း၊ ပြည်ပသင်တန်းများကို တက်ရောက်ဆည်း ပူးနိုင်အောင် စီစဉ်ပေးမှာဖြစ်တဲ့အတွက် ကျောင်းသား/သူများအနေဖြင့် အထူးကြိုးစားကြစေလိုပါကြောင်း၊

- ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များရှိ ဘွဲ့ကြိုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားလျက်ရှိရာတွင် ကမ္ဘာတစ်ဝန်းကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် (၂၀၂၀)ပြည့်နှစ်၊ မတ်လမှစ၍ သင်တန်းများအားလုံးကို ခေတ္တရပ်နားထားခဲ့ရာမှ ပြည် သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လိုအပ်နေသော လူ့စွမ်းအားအရင်းအမြစ် များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် တက္ကသိုလ်အသီးသီးတွင် (၂၀၂၁)ခုနှစ်၊ စက်တင်ဘာလမှ (၂၀၂၂)ခုနှစ်၊ မေလအတွင်း နောက် ဆုံးနှစ်သင်တန်းများမှစ၍ ပထမနှစ်(၁၂/၂၀၁၉)သင်တန်းများအထိ အတန်းစဉ်အလိုက် သင်တန်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၎င်းသင်တန်းများအနက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များရှိ နောက်ဆုံးနှစ်အမ်ဘီဘီအက်စ်နှင့် နောက်ဆုံးနှစ်ဘီ အက်စ်(နောက်ဆက်တွဲ) သင်တန်းစာမေးပွဲအောင်မြင်သူများကို (၂၀၂၁)ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အလုပ်သင်ဆရာဝန်များအဖြစ် တာဝန်ချထားနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊

-(၂၀၂၀)ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနှယ် တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းအသီးသီးသို့တက်ရောက်ကြမယ့် မောင်တို့မယ်တို့သည် အနာ ဂတ်မှာ မောင်တို့မယ်တို့ရဲ့ မိဘဆွေမျိုးများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာမှာ အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်ပါကြောင်း၊ လူနာ များ၏ ဝေဒနာနှင့်အသက်ကို ကုသပေးရတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်(Professional) ဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင်က စိတ်ဓာတ်ကောင်းများထားရှိရန်နှင့် အခြားသူများအပေါ် စိတ်ကောင်းစေတနာထားရှိရန် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို သင်ယူကြရမှာဖြစ်သည့်အတွက် အချိန် ကာလအားဖြင့် ကြာမြင့်မှာဖြစ်၍ မလျှော့သောဇွဲလုံ့လ၊ ခိုင်မာသောဝီရိယတို့ဖြင့် ဆုံးခန်းတိုင်အောင် သင်ယူလေ့လာသွားကြရမှာဖြစ်ပါကြောင်း၊ ပညာသင်ယူနေစဉ် ကာလအတွင်း ပညာ သင်ယူခြင်းထက် ပိုပြီးအရေးကြီးသောကိစ္စ မရှိသင့်သည့်အတွက် ပညာသင်ယူမှုကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်စေသည့် မည်သို့သောအကြောင်းကိစ္စမျိုးကိုမဆို ဂရုပြုရန်မလိုအပ်ဘဲ ပညာရပ်များကိုသာ အပတ်တကုတ်ဆည်းပူးလေ့လာပြီး ကျွမ်းကျင်တတ်မြောက်အောင် သင်ယူ ကြဖို့ မှာကြားလိုပါကြောင်း၊

-မိမိတို့မြန်မာနိုင်ငံတွင်ရှိသော ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသည့် သင်ရိုးညွှန်းတမ်းများသည် နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများဖြစ်ပြီး အရည်အသွေး ပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံရှိ ဆေးနှင့်ဆေးပညာနှီးနွယ်ပညာတက္ကသိုလ်များမှ လေ့ကျင့်မွေးထုတ်ပေးခဲ့သော ပညာရှင်များကို နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံနေသည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင်တာဝန် ထမ်း ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကနေ သင်ကြားပေးလိုက်တဲ့ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံတော်ကို ပြန်လည်အလုပ်အကျွေးပြုရမှာဖြစ်ပါကြောင်း၊

- ယခုခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် အရာရာဟာ မိမိတို့လက်တစ်ကမ်းမှာ အလွယ် တကူရရှိနိုင်မှာဖြစ်ပြီး ကောင်းတာတွေကိုယူပြီး မကောင်းတာတွေကို ပယ်ရမှာဖြစ်ကြောင်း၊ လူတစ်ဦးဟာ ကောင်းအောင်ကျင့်ကြံဖို့ခက်ခဲပေမယ့် မကောင်းမှုကိုအလွယ်တကူ လုပ်ဆောင်ဖြစ်သည်ကို သတိချပ်စေလိုပါကြောင်း၊

- ယခုအခါ ဆေးနှင့်ဆေးပညာနှီးနွယ်အခြေခံနှစ်သင်တန်းများကို ခေတ်ကာလနှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမှာဖြစ်သည့်အတွက် အတန်းတိုင်း၊ ဘာသာရပ်တိုင်းကို လေးလေးစားစားဖြင့် သင်ယူလေ့လာသွားကြဖို့နှင့် ဆရာဦးဆောင်တဲ့ သင်ကြားမှုနည်းစနစ် (Passive Learning)မှ ကျောင်းသားကိုယ်တိုင် တက်ကြွစွာသင်ယူသည့်စနစ် (Active Learning)သို့ ကူးပြောင်းသင်ယူသွားကြဖို့ မှာကြားလိုပါကြောင်း၊ ပညာရပ်အခြေခံ အုတ်မြစ်ခိုင်မာစေဖို့အတွက် ပထမနှစ်သင်တန်းကစပြီး အထူးလေ့လာကြိုးစားသင်ယူသွားကြ ရန်လိုအပ်ပြီး ပညာသင်ယူရေးနှင့် နေထိုင်ရေးကိစ္စများ အဆင်ပြေစေရေး သက်ဆိုင်ရာ ပါမောက္ခချုပ်များက စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘဝတွင် အယူအဆ၊ အတွေးအခေါ်မှားယွင်းမှု ပေါင်းသင်းဆက်ဆံရေး မှားယွင်းမှု၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေကြောင့် ရည်ရွယ်ချက်ပန်းတိုင်မရောက်ခင် လမ်းလွဲဒုက္ခရောက် နိုင်သည့်အတွက် သင်ခန်းစာယူတတ်ဖို့ အရေးကြီးပါကြောင်း၊

-တက္ကသိုလ်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ စာတွေ့လက်တွေ့ ပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြစေလိုပါကြောင်း၊ ပညာသင်ယူရာတွင် ဆေးနှင့်ဆေးပညာနှီးနွှယ်ပညာရှင်တစ်ယောက်ရဲ့ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာ (Professional Ethics)များကို သိရှိလိုက်နာစောင့်ထိန်းပြီး ဆေးပညာရပ်အပေါ်ထားရှိရမည့် စိတ်နေ သဘောထား (Attitude towards Profession)များကို မှန်ကန်စွာထားရှိရန် လိုအပ်ပါကြောင်း၊ ဝတ်စားဆင်ယင်မှုပြုရာတွင်လည်း တက္ကသိုလ်၏ပုံရိပ်၊ မိမိ၏ဂုဏ်သိက္ခာနှင့်လျော်ညီသော ဝတ် စားဆင်ယင်ပြုမူမှုမျိုး ဖြစ်ရန်လိုအပ်ပါကြောင်း၊

-ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်သူ့နီတိတွင်ပါဝင်သော ပြည်သူ့တာဝန်သိတတ်မှု၊ ပေါင်းသင်းဆက်ဆံမှုနှင့်လူ့အဖွဲ့ အစည်းတွင် လိုက်နာကျင့်ကြံရမည့်အချက်များ၊ မိဘဆရာများ၏ ဆိုဆုံးမစကားများ၊ ကိုယ်တိုင်လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများ၊ နိုင်ငံသားတစ်ဦးအနေဖြင့် လိုက်နာရမည့်အချက်များကို လိုက်နာကျင့်ကြံဆောင်ရွက်နိုင်လျှင် မိမိဘဝအတွက် တိုးတက် အောင်မြင်မှုများကို ရရှိနိုင်မှာဖြစ်ပါကြောင်းကို အလေးထားမှာကြားလိုပါကြောင်း၊

သက်ဆိုင်ရာတက္ကသိုလ်အသီးသီးက ပညာရပ်ဆိုင်ရာဘွဲ့များ ရရှိပြီးတဲ့အခါမှာလည်း နိုင်ငံသူ နိုင်ငံသားများအား ဆင်းရဲချမ်းသာမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် နိုင်ငံ့ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ကြစေလိုပါကြောင်း၊

- တက္ကသိုလ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခချုပ်နှင့်ဆရာမများကလည်း မိမိတို့ ၏တက္ကသိုလ်ကို ဂုဏ်ယူအားထားဖွယ်ရာ တက္ကသိုလ်ကြီးတစ်ခုဖြစ်အောင် ယခုထက်ပိုပြီး ကြိုး ပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊

-နိဂုံးချုပ်အနေဖြင့် ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာ အမိတက္ကသိုလ်များတွင် ပညာရှာ မှီးရင်း ဘဝအတွေ့ အကြုံကောင်း၊ လွတ်လပ်ပျော်ရွှင်မှု၊ တီထွင်ဆန်းသစ်မှုများနှင့်အတူ ကျင့် ဝတ်သိက္ခာကို စောင့်ထိန်းနိုင်သော၊ အနာဂတ်မြန်မာနိုင်ငံတော်ရဲ့ အားကိုးအားထားပြုနိုင်တဲ့ ဆေးပညာရှင်၊ ဆေးပညာနှီးနွယ်ပညာရှင်များ ဖြစ်ကြပါစေကြောင်း၊ မိဘဆရာ၊ အနန္တောအနန္တ ငါးပါးတို့၏ ကျေးဇူးကို စောင့်သိသူများဖြစ်ကြပါစေကြောင်း၊ မိဘဆရာများ၏ ဆုံးမစကားကို အလေးထား လိုက်နာသူများ၊ တပည့်ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်ကို စောင့်ထိန်းသူများ၊ နိုင်ငံ တော်နှင့်ပြည်သူအပေါ် ကျေးဇူးသိတတ်ပြီး ပြန်လည်ကျေးဇူးဆပ်သူများ၊ အဆင့်ဆင့်တိုးတက် သောပညာရပ်များကို ဆည်းပူးလေ့လာနိုင်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်သော ပညာရှင်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြော ကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်းက သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သစ်လွင်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထွေအထွေရောဂါကု ဆေးရုံသစ်ကြီး(ရန်ကုန်)တွင် အုပ်စုငယ်များအလိုက် ဆေးလက်တွေ့ ပညာရပ်သင်ကြားနေကြသော ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယခုပညာသင်နှစ်အနေဖြင့် (၂၀၂၀)ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာ ရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက် ခွင့်ရရှိသူအားလုံး၏ (၇၀%)စာရင်းသွင်း တက်ရောက်လျက်ရှိကြပြီး ကျန်ရှိသူများကိုလည်း သတ် မှတ်ရက်အတွင်း သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ အမြန် ဆုံးဆက်သွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုက်တွန်းထားကြောင်းသတင်းရရှိပါ သည်။

No comments:

Post a Comment