Thursday, May 5, 2022

အသွင်သဏ္ဌာန်နှင့် အနှစ်သာရစွမ်းရည်မြင့်မားလာသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 


မောင်သင်းပျံ့

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံ့ခေါင်းဆောင်များ သည် ခေတ်အဆက်ဆက် အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းမှုနှင့်အတူ မြန်မာနိုင်ငံသည် တစ်ဆင့်ချင်း ပြောင်းလဲတိုးတက်ခဲ့သည်။ ခေတ်မီတိုးတက်မှုနှင့်အညီ မြို့ပြနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးမှုတွင် ခေတ်မီအဆောက် အအုံများနှင့်စက်ရုံများ၏ မီးဘေးအန္တရာယ်ကာကွယ်ရေးသည် အထူးအရေးပါလာ လျက်ရှိသည်။ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့တွင် နိုင်ငံနှင့် ပြည်သူတို့အတွက်ဦးစွာ ရှေ့တန်းမှကာကွယ်ပေးသူတို့မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။

 




မီးသတ်သမိုင်း

မီးသတ်သမိုင်းသည် သုံးရာစုခန့် ဩဂက်စတပ်စ် အုပ်ချုပ်စဉ်ကာလထက် ရှေးကျသောရောမတို့က စတင်ခဲ့သည် ဟုမှတ်သားခဲ့ကြပြီး ယင်းမတိုင်မီ ရှေးအီဂျစ်တို့ကစတင်ခဲ့သည်ဟုလည်း ဆိုကြသည်။ ကမ္ဘာ့ပထမဆုံး ရောမမီးသတ်တပ်ဖွဲ့ကို မားကပ်လီဆီနီယပ်စ် ခရေးဆပ်က ဖွဲ့စည်းခဲ့သည်။ အခကြေး ငွေဖြင့် ယင်း၏ မီးသတ်တပ်ဖွဲ့ဝင်များစေလွှတ်၍ မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။ အေဒီ ၆၀ ခန့်တွင် နီရိုအင်ပါယာ၌ ရေပုံးနှင့်ရေစုပ်ပစ္စည်းများကို အသုံးပြု၍မီးသတ်ရန်ဗီဂိုင်းခ်ဟုခေါ်သော မီးသတ်အဖွဲ့ တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် မီးသတ်နှင့် ရဲတပ်ဖွဲ့ကဲ့သို့သော တာဝန်ကိုဆောင်ရွက်ရန် ရောမလမ်းမများတွင် ကင်းစောင့်လှည့်လည်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ မီးလောင်မှုဖြစ်ပွားပါက အနီးဆုံးရေ ရနိုင်သည့်နေရာမှ ရေပုံးများဖြင့်ရေခပ်၍ တစ်ယောက်တစ်လှည့်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြခြင်း ဖြစ်သည်။ ၁၆၆၆ ခုနှစ်တွင် လန်ဒန်မြို့ ပွတ်ဒင်လမ်းမပေါ်ရှိ သောမတ်ဖာရီနာ၏ မုန့်ဖိုစက်မှ မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ မီးသတ်သမားများနှင့် မီးငြှိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ၏ အရေးပါပုံကို သတိပြုမိခဲ့ကြသည်။

စွမ်းဆောင်ရည်ကိုထိန်းသိမ်းထား

၁၈၂၄ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး မြူနီစီပယ်မီးသတ်ဌာနကို စကော့တလန် အဲ့ဒင်ဘာဂျ်တွင် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ တွင် ဂျိမ်းဘရေ့ဝုဒ်က မီးသတ်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လန်ဒန်သို့ ရောက်ရှိလာကာ ၁၈၃၃ ခုနှစ်တွင်လန်ဒန် မီးသတ်ဌာနကို တည်ထောင်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များကို နိုင်ငံ့ခေါင်းဆောင် များက အသိအမှတ်ပြု မှတ်တမ်းတင်မှုများရှိခဲ့ရာ ဒုတိယကမ္ဘာစစ်အတွင်း၌ ဝင်စတန်ချာချီသည် စေတနာ့ဝန်ထမ်း မီးသတ်သမားများကို ‘ညစ်ပေသော မျက်နှာများဖြင့် နတ်သားများ’ (Angels with Grimy faces) ဟု တင်စားခေါ်ဝေါ်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်တို့သည် ခေတ်အဆက်ဆက်တွင် အများကောင်းကျိုး ကို သယ်ပိုးခဲ့ကြသည့် ကရုဏာနှင့် စွမ်းရည်သတ္တိပြည့်ဝသော လူသားများအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ယနေ့တိုင်ထို စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားလျက်ရှိသည်။

သောသောညံ ပုဂံမီးဆော်မောင်း

မြန်မာနိုင်ငံတွင် မီးဘေးကာကွယ် ရေးလုပ်ငန်းများကို ပုဂံခေတ် AD-1044 မှစတင်၍ ယနေ့တိုင် နှစ်ပေါင်း ၉၇၀ ကျော်ဆောင်ရွက်ခဲ့ကြောင်း သမိုင်းအထောက်အထားများက ပြသလျက်ရှိသည်။ ပုဂံခေတ်မင်းများတွင် မင်းဆက် ၄၃ဆက် မြောက်ဖြစ်သော အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇)သည် တိုင်းသူ ပြည်သားများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ခဲ့သည်။ အနော်ရထာမင်း လက်ထက်တွင် မြန်မာ့မီးသတ်သမိုင်းကို စတင်မှတ်တမ်းတင်နိုင်ခဲ့သည်။ မင်းနေပြည်တော်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးကပ်လုလင် ၆၆၃ ဦးအား ခန့်ထားပြီး နေ့စဉ်မီးကို အချိန်အကန့် အသတ်ဖြင့်အသုံးပြုရန် မောင်းကြေးနင်းခတ်၍ နှိုးဆော်သတိပေးခဲ့သည်။ မင်းနေပြည်တော်၏ မီးဘေးကာကွယ်ရေးတွင်ထားရှိသည့် မီးကပ်လုလင်အရေ အတွက်နှင့် ယင်းတို့၏ လုပ်ငန်းတာဝန် များကို အစွဲပြု၍ “သောသောညံ ပုဂံမီးဆော်မောင်း” အလင်္ကာဖြင့် မှတ်သားထားခဲ့ကြသည်။

ကျောသားရင်သားမခွဲခြား

မြန်မာသက္ကရာဇ် ၇၂၉ ခုနှစ် အင်းဝ ခေတ်တွင် နန်းတက်သော မင်းကြီးစွာစော်ကဲသည် ပထမဝါဆိုလဆန်း ၅ ရက် နေ့တွင် မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ “မြို့ဝန်၊ မြို့စာရေး၊ ထောင်မှူး၊ ထောင်စာ ချီတို့မှာလည်း ရွှေနန်းတော်ပတ်လည် အတွင်းပြင် ခိုးသေး၊ မီးသေး၊ မီးပွား၊ ရာဇဝတ်နှင့် စပ်ဆိုင်သည်များကို အရှေ့ ငါးတိုင်၊ မြောက်ငါးတိုင်အတွင်းတွင် ခိုးသေး၊ မီပွားမပေါ်ပေါက်အောင် ကျပ်ကျပ်တည်းတည်း ဟုတ်မှန်တိုင်း စစ်ကြောစီရင်”ဟူ၍ အမိန့်တော်ထုတ်ပြန်ခဲ့သည်။ မင်းကြီးစွာစော်ကဲသည် မီးဘေးသတိနှင့်ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများလိုက်နာရန်နှင့် ဘုရင့်မိသားစုဝင်များ၊ မင်းညီမင်းသားများကို မီးဘေး ကာကွယ်ရေးလုပ်ငန်းတို့တွင် ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ပါဝင်စေခဲ့သည်။

မီးဘေးကာကွယ်ရေးတင်းကျပ်စွာ ဆောင်ရွက်

ကုန်းဘောင် မင်းဆက်ကိုတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး လက်ထက်တော်တွင် မြန်မာသက္ကရာဇ် ၁၁၁၉ ခုနှစ် တပေါင်းလဆန်း ၁ ရက်နေ့၌ မီးလောင်မှုနှင့်စပ်လျဉ်းသော အမိန့် တော်တစ်ရပ်အဖြစ် “အရပ်တွင် ခိုးသေး မီးပွားမပေါ်ထွက်အောင် ညဉ့်နေ နှိုးဆော်၍ တစ်လိုင်းအိမ်ကို ချွန်း ချိတ်ဝါး ၁၀ စင်းတန်သည်၊ ငါးစင်းတန်သည် စိုက်ထောင်ရှိစေ။ အိမ်မိုးမှာလည်း ရေအိုးရေပြည့်ထားရှိစေ၊ ထမင်းချက်ပြုတ်သည်မှာလည်း ကျင်း ၃၆ ပြည့်တူး၍ ချက်ချိန်ကိုသာချက်စေ။ ချက်ပြုတ်ချိန် မောင်းခတ်သည့်အချိန်အတွင်းက လွန်သည့် အချိန်တွင် တစ်အိမ်မျှ မီးပွား၊ မီးပေါက်မရှိစေနှင့်။ မီးကျင်းတွင် မီးဆော်တို့ အမှိုက်၊ ကြက်မွေးနှင့် ထိုးစမ်းသပ်စေ၊ သေငြိမ်းသည့် ကာလဖြစ်လျက် မသေမငြိမ်း၊ စမ်းသပ်သည့် အမှိုက်၊ ကြက်မွေးကို စွဲလောင်လျှင် မီးရှို့သည့် အိမ်ရှင်ကို ခေါ်၍ မြို့ရုံးမှာအပ်ရမည်။ လမ်းခရီး ကိုလည်း ဆေးအိုး၊ ဆေးတန်သောက်၍ မသွားမလာစေနှင့်။ သွားလာလျှင် ဆေးအိုးဆေးတံကို လုယူသိမ်းထား ရမည်၊ မီးဆော်တို့ တစ်နေ့ငါးကြိမ် လှည့်ပတ်စစ်ကြောစေ”ဟူ၍ အမိန့် တော်ထားရှိခဲ့သည်။ မီးဘေးကြိုတင် ကာကွယ်ရေး အတွက် မုခ်ဦးများ၊ ဂိတ်များနှင့် မြို့ရိုးများတွင် မျှော်စင်ငယ် များ ဆောက်လုပ်ခဲ့ပြီး အိမ်ရှေ့မင်းသားများနှင့် မြို့စောင့်တပ်များကို မီးဘေးလုံခြုံရေးနှင့်ဆိုင်သော ကိစ္စရပ်များအား တင်းကျပ်စွာ ဆောင်ရွက်စေခဲ့သည်။

သမိုင်းမှတ်တမ်းများထားရှိ

မင်းတုန်းမင်းတရားကြီး လက်ထက်တော်မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ် တပေါင်းလဆန်း ၆ ရက်နေ့တွင် နန်းတော်အနောက် စည်ရှင်ဈေးပတ်လည်မီးလောင်မှုဖြစ်ပွားခဲ့ရာ မက္ခရာမင်းသားကြီးကိုယ်တိုင် နောက်လိုက် နောက်ပါများနှင့် ငြှိမ်းသတ်ခဲ့ရသည်။ ဈေးပတ်လည်အိမ်ခြေ ၇၀၀ ကျော် မီးသင့်ခဲ့သည့်အတွက် ကြိုးစားမငြှိမ်းသတ်မှုကြောင့် မင်းတုန်းမင်းတရားကြီးက မြို့ဝန်၊ ပြဝန်တို့အား အပြစ်ဒဏ်စီရင်ခဲ့ပြီး တောင်မြို့ဝန် ဦးပေစိနှင့် မြောက်မြို့ဝန် ဦးသာအိုး တို့ကို သံခြေချင်းနှစ်ဆင့်ခတ်ကာ အကျဉ်းချစေလျက် ကမ်းနီအတွင်းဝန်ကို ရာထူးရာခံရုပ်သိမ်း၍ လွှတ်တော်ကိုပို့စေခဲ့ကြောင်း မီးဘေးနှင့်ပတ်သက်ပါက ပြတ်သားစွာ ဆောင်ရွက်မှုကို သမိုင်းမှတ်တမ်းများထားရှိခဲ့သည်။

ထာဝရကမ္ပည်းတင်ရှိနေ

မြို့ပြကို ပျက်စီးဆုံးရှုံးစေနိုင်သော မီးဘေးအန္တရာယ်ကို ရှေးခေတ်မင်းများ ကိုယ်တိုင်အထူးသတိပြု ထိန်းချုပ် ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး ယနေ့ အိုင်တီနည်းပညာခေတ်တွင် အပူရှိန်မြင့်မားလာသော ကမ္ဘာကြီး၏ သဘာဝဖြစ်စဉ်များ ပြောင်းလဲလာမှုကြောင့် သဘာဝအန္တရာယ်များ နှစ်စဉ်ဖြစ်ပွားလျက် ပျက်စီးဆုံးရှုံးမှုများ ရင်ဆိုင်ရလျက်ရှိသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်၍ မီးဘေးနှင့် သဘာဝ အန္တရာယ်ကာကွယ်ရေး အတွက် နည်းပညာနှင့် စက်ပစ္စည်းလိုအပ်ချက် ရှိသော်လည်း ယခင်ထက်မတူသော တိုးတက် ပြောင်းလဲ လာမှုကြောင့် တပ်ဖွဲ့ဝင်တို့၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရ စွမ်းဆောင်ရည်တိုးမြှင့်နိုင် ခဲ့သည်မှာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ ကာကွယ်ရေးတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် သမိုင်းစာမျက်နှာများစွာ ရေးထိုးနိုင်ခဲ့သောတပ်ဖွဲ့အဖြစ် ဂုဏ်တင့်လျက်ရှိပြီး မီးလောင်မှုနှင့် သဘာဝဖြစ်စဉ်တို့တွင် အသက်ပေးခဲ့ရသည်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်တို့သည် ပြည်သူတို့၏နှလုံးသား၌ ထာဝရ ကမ္ပည်းတင်ရှိနေသော ကြောင့် ဖြစ်သည်။

မြူနီစီပယ်

၁၈၇၄ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေးပုံစံတွင် မြူနီစီပယ်အက်ဥပဒေကို ရေးဆွဲခဲ့ပြီး ထိုအက်ဥပဒေ အရ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် မြူနီစီပယ်ကော်မတီများ ဖွဲ့စည်း၍ မြူနီစီပယ်အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့သည်။ ၁၈၈၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြူနီစီပယ်ကော်မတီမှ မြူနီစီပယ်မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် မြူနီစီပယ်အက်ဥပဒေကို ပြင်ဆင် ရေးဆွဲခဲ့သည်။ မြူနီစီပယ်သည် ရန်ကုန်မြို့ မီးဘေးကာကွယ်ရေးအတွက် ရေရရှိရန်ဆောင်ရွက်ခဲ့ပြီး ရေနွေးငွေ့သုံး မီးသတ်ယာဉ်၊ ရေနွေးငွေ့သုံးမီးသတ်စက်၊ လူအားသုံးမီးသတ်စက် (ဝါ) လက်နှိပ် ပန့်တို့ကိုအသုံးပြုခဲ့ပြီး မီးသတ်သင်တန်းများ လေ့ကျင့်သင်ကြားပေးကာ မီးသတ်စခန်းများကို တည်ဆောက် ဖွင့်လှစ်ခဲ့သည်။ ထိုမီးသတ်စခန်းများ တွင် ၁၉၁၂ ခုနှစ်က ရူပီးငွေ ၄၀၀၀ ကုန်ကျခဲ့သော ရန်ကုန်မြို့တွင် ပထမဆုံးသံဖရိန်ဖြင့် တည်ဆောက်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ပြအမွေအနှစ် အဖြစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး (ရန်ကုန်ဗဟို မီးသတ်အဆောက်အအုံ)လည်း ပါဝင်ခဲ့သည်။ ထိုအဆောက်အအုံသည် အင်္ဂလန်နိုင်ငံ အက်ဒွပ်ဘုရင်ခေတ်၏ ဗိသုကာ လက်ရာကောင်းများစွာ စုဝေးလျက်ရှိပြီး မြန်မာနိုင်ငံတွင် မြင်းနှင့်ဆွဲသော အင်ဂျင်ဖြင့် မီးငြှိမ်း သတ်နိုင်ခဲ့ရာမှ ဓာတ်ဆီ (သို့) ရေနွေး ငွေ့အင်ဂျင်ဖြင့် ပြုလုပ်ထားသော မီးသတ်ယာဉ်အား အစားထိုးပြောင်းလဲအသုံးပြုနိုင်ခဲ့သည့် ပထမဆုံး မီးသတ်စခန်းကြီးလည်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာမီးသတ်အစည်းအရုံး

၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်လေး ဇိနတ်အစ္စလာမ် မိန်းခလေးကျောင်းခန်းမ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စေတနာ့ဝန်ထမ်းများနှင့် မီးသတ်အစည်းအရုံးများ စုစည်း၍ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကိုကျင်းပခဲ့ရာ ခရိုင်ပေါင်း ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့သည်။ နာယကလူကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘချို၊ ဦးဘဂျမ်း၊ သခင်မြ၊ ဦးဘဖေကြီး၊ ဦးစိုးညွန့်၊ ဟင်္သာတဦးမြ၊ ဦးတင်(မြန်မာ့အလင်း)၊ ဦးမြ(ပျော်ဘွယ်)၊ သခင်သန်းထွန်း၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန်တို့ တက်ရောက်ခဲ့ကြသည်။

လမ်းညွှန်မှာကြားခဲ့

ထိုအခမ်းအနားသို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ခဲ့ရာ မီးသတ်လုပ်ငန်းနှင့် ပတ်သက်၍ လမ်းညွှန်ဩဝါဒအဖြစ် “မီးသတ်အဖွဲ့သားများ၏ တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများ ပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းများတွင် သူရဲကောင်းများ ပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းများမှာ သူတစ်ပါး အား တိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့် အထူးမြင့်မြတ် သော သူရဲကောင်းများ ဖြစ်ကြောင်း၊ မီးသတ်အဖွဲ့မှာ ယဉ်ကျေးမှုနှင့် စွန့်စားမှု အရေးကြီး၍ အရပ်ရပ်တိုင်းတွင်ဖွဲ့စည်း အပ်ကြောင်း၊ မီးသတ်အသင်းကိုတည်ထောင်ခြင်းဖြင့် စည်းကမ်းသေဝပ်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ ပြည်သူ့ဝန်ထမ်း စသော မြင့်မြတ်သောအလုပ်များကို သဘောထားများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မီးသတ်ရဲဘော်တို့သည် သူအို သူနာများအား သက်စွန့်ကြိုးပမ်း မီးဘေးမှကယ်တင်ခြင်းသည် တကယ့်လူစွမ်းကောင်းများဖြစ်ပြီး မီးဘေးသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူဖြစ်ရာ မီးဘေးကာကွယ်ရေးအဖွဲ့များ ရပ်ကွက်တိုင်းတွင် ထားသင့်ကြောင်း၊ ယောကျ်ားများသာမဟုတ် မိန်းမများပင် ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် မီးသတ်အစည်းအရုံးကြီး တည်ထောင်သောနေ့အား “မီးသတ်နေ့” အဖြစ်သတ်မှတ်ခဲ့ရာ ယနေ့တိုင် “မီးသတ်တပ်ဖွဲ့နေ့”ကို လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းစောင့်ရှောက် ကျင်းပလျက်ရှိသည်။

မီးသတ်ဦးစီးဌာန၏ လုပ်ငန်းစဉ်(၇)ရပ်

မီးသတ်တပ်ဖွဲ့အား စနစ်တကျ ဖွဲ့စည်း၍ ပြည်သူ့အကျိုးကို ၁၉၄၆ ခုနှစ်မှ စတင်ထမ်းဆောင်ခဲ့သည်မှာ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် (၇၆) နှစ် မြောက်ခဲ့ပြီဖြစ်သည်။ နိုင်ငံနှင့် ပြည်သူ့ အကျိုး ထမ်းရွက်ပိုးသည့် မီးသတ်တပ်ဖွဲ့ဝင်တို့၏ မီးသတ်ဦးစီးဌာနတွင်လုပ်ငန်း စဉ်(၇)ရပ်ကို ထမ်းဆောင်လျက်ရှိသည်။ ထိုလမ်းစဉ်(၇)ရပ်မှာ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်(၄)ရပ်ဖြစ်သော မီးသတ် စွမ်းရည်၊ ရှာဖွေကယ် ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ထက်မြက်စေရန် မီးသတ်တပ်ဖွဲ့ ဝင်တိုင်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်း၊ မီးသတ်စက်/ယာဉ်နှင့် ပစ္စည်း ကိရိယာများမွမ်းမံရေး၊ ကြံ့ခိုင်ရေးနှင့် အသင့်ရှိရေးလုပ်ငန်းများ၊ ပြည်သူလူထု အား မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရေးလုပ်ငန်း၊ အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် လေ့ကျင့် သင်တန်းပေးရေးလုပ်ငန်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် နိုင်ငံတကာအဆင့် နှင့်အညီ ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲမှုနည်းစနစ်များ၊ မီးသတ်ပညာရပ်များ၊ ရှာဖွေကယ် ဆယ်ရေးဆိုင်ရာ ပညာရပ်များအားအစဉ်အမြဲ သုတေသနပြုလုပ်ဖော်ထုတ်၍ တပ်ဖွဲ့ဝင် အားလုံး တတ်ကျွမ်း နားလည်စေရန် လေ့ကျင့်ပေးရေးလုပ်ငန်း၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အသုံးပြု၍ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက် များကို သက်ဆိုင်ရာ နိုင်ငံတော်ပိုင်/ပုဂ္ဂလိကပိုင်၊ ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းများမှ တိကျ စွာ လိုက်နာဆောင်ရွက်စေရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ ခိုင်မာသောအရန် အင်အားဖြစ်စေရေးအတွက်‌ လေ့ကျင့်ဖွဲ့စည်း၍ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း စသည်တို့ကို ဖော်ဆောင် လျက်ရှိသည်။

ရည်ရွယ်ချက်ထားဆောင်ရွက်

မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်း အနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်  ယူဆောင်ရွက်ရန် စသည့်မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်တို့ကို ဆောင်ရွက်လျက်ရှိပြီး မီးဘေးလုံခြုံရေး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းဆောင်ရွက်ရေး တို့သည် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄)ရပ် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်(၅)ချက်ဖြစ်သော နိုင်ငံပိုင်ပစ္စည်း၊ ပုဂ္ဂလိက ပိုင် ပစ္စည်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးနှင့် အခြားသဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် ကာကွယ် ပေးရန်၊ မီးသတ်တပ်ဖွဲ့ကို စနစ်တကျ ဖွဲ့စည်း၍ မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးရန်၊ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်၊ ကပ်ရောဂါအန္တရာယ် (သို့) ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်တစ်မျိုးမျိုး ကျရောက်သည့်အခါ မီးငြှိမ်းသတ်ရေး၊ ကာကွယ် တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးတို့ကို ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်တစ်မျိုးမျိုး ကျရောက်သည့်အခါ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိရေးအတွက် ပညာပေး၊ စည်းရုံး လှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ နိုင်ငံတော်လုံခြုံရေး ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ် ပါက ပါဝင်ကူညီဆောင်ရွက်ရန် စသည် တို့ကို ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိသည်။

ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်များ ချီးမြှင့်

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ လက်ကိုင်ဆောင်ပုဒ်သည် သတိ၊ သစ္စာ၊ သတ္တိဖြစ်ပြီး မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ် ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တို့ဖြင့် စွမ်းရည်(၄)ရပ်ကို ပိုင်ဆိုင်ထားသော တပ်ဖွဲ့ဝင်များ ဖြစ်သည်။ နိုင်ငံနှင့်ပြည်သူတို့အတွက် စွန့်စွန့်စားစား ထမ်းဆောင်ကြသောကြောင့် မြန်မာနိုင်ငံ မီးသတ် စတင် တည်ထောင်ချိန်မှစ၍ ယနေ့အထိ စွမ်းရည်သတ္တိဆိုင်ရာဘွဲ့တံဆိပ် ၇၆ ဦး နှင့် စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲ့တံဆိပ် ၂၃၁ ဦးတို့ကို ချီးမြှင့်ခဲ့သည်။ နိုင်ငံတော်က ချီးမြှင့်ခဲ့သော ဘွဲ့ထူးဂုဏ်ထူးများတွင် ၁၉၅၄ ခုနှစ်၌ ညွှန်ကြားရေးဝန်ဦးလှကျော်အား သရေစည်သူဘွဲ့၊ ၁၉၅၆ ခုနှစ်တွင် ညွှန်ကြားရေးဝန် ဦးခင်မောင်လွင်အား ဝဏ္ဏကျော်ထင်ဘွဲ့နှင့် ညွှန်ကြားရေး မှူးချုပ် ဦးရှားကိုးအား သီရိပျံချီဘွဲ့တို့ကို ချီးမြှင့်ခဲ့ပြီး ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ် ရဲဗလတံဆိပ်၊ ရဲသူရိန်တံဆိပ်၊ ရဲကျော်စွာတံဆိပ်၊ ရဲကျော်သူတံဆိပ်နှင့် စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုတွင် နစ်မြုပ်နေသော ရေယာဉ်အတွင်းမှ ပိတ်မိနေသော ရုပ်အလောင်းများကို တပ်မတော်သားငါးဦးနှင့်အတူ စွန့်စားသယ်ထုတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင် လေးဦးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်မှုကို ရရှိခဲ့ကြသည်။

နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် မီးသတ်စွမ်းရည်များ မြင့်မား လာခဲ့သည်။ ပြင်ဦးလွင် ဗဟိုမီးသတ် သင်တန်းကျောင်းတွင် မြန်မာ-စင်ကာပူ နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂျပန်နိုင်ငံတွင် မီးငြှိမ်းသတ်ရေး သင်တန်းနှင့် ငလျင်ဘေးအသိပညာပေးဆောင်ရွက်ခြင်း၊ အိန္ဒိယနိုင်ငံတွင် ရှာဖွေ ကယ်ဆယ်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ ပိုလန်နိုင်ငံသို့ ပညာတော်သင်အဖွဲ့ သွားရောက်ခြင်း၊ တရုတ်နိုင်ငံနှင့် သုတေသနနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံနှင့် ဘေးအန္တရာယ်ဆိုင်ရာဖြစ်စဉ်များကို ကွပ်ကဲမှုပူးပေါင်းဆောင်ရွက်ခြင်း၊ အမေရိကန်နိုင်ငံနှင့် အကျပ်အတည်းများဆိုင်ရာ စီမံခန့်ခွဲမှုပူးပေါင်း ဆောင်ရွက်ခြင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ကမ္ဘာ့နိုင်ငံများရှိ မီးသတ်တပ်ဖွဲ့များနှင့် မီးဘေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာကာကွယ်ရေး လုပ်ငန်းများကို အတူလက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံအတွင်းရှိ သင်တန်းကျောင်းများတွင် စွမ်းရည်မြင့်သင်တန်းများနှင့် နည်းပညာပိုင်းဆိုင်ရာသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး မျိုးဆက်သစ်များကို မွေးထုတ်ပေးလျက်ရှိသည်။

အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲတိုးတက်လာ

မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့ ရင်ဆိုင်ကြုံတွေ့ရပါက ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းသည် ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေမှုတွင် အရေးပါလျက်ရှိသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် နည်းပညာနှင့် စက်ပစ္စည်းကိရိယာ များကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အသွင်သဏ္ဌာန်နှင့် အနှစ်သာရ စွမ်းရည်တိုးတက်မြင့်မားလာခဲ့ရာ နိုင်ငံတော်၏ဘဏ္ဍာငွေကို ခြိုးခြံနိုင်ခဲ့သည့်အပြင် ပြည်သူတို့၏ အသက်အိုးအိမ် ထိခိုက်ပျက်စီး ဆုံးရှုံးမှုကိုလည်း အနည်းဆုံးထွက်ပေါ်ရန် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ မီးဘေးနှင့်သဘာဝ ဘေးအန္တရာယ် တို့တွင် အစဉ်တစိုက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အသက်ပေးသွားခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်တို့အား ပြည်သူတို့၏နှလုံးသားဝယ် ကမ္ပည်းမော်ကွန်း တစ်ရပ် အစဉ်ရေးထိုးထား လျက်ရှိနေပါကြောင်း (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုရေးသားအပ်ပါသည်။   

No comments:

Post a Comment