မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ထက် တိုင်အောင် အဆုံးမသတ်နိုင်သေးဘဲ ရှိနေသေးသည်။ ၂၀၂၃ ခုနှစ်တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့သို့ ရောက်ရှိလာတော့ မည်ဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်သည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့ ကျရောက်ခဲ့ပြီးဖြစ်သည်။ ညီညွတ်ရေး၊ လွတ်လပ်ရေးမှတ်တိုင်ဖြစ်သည့် စိန်ရတုကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝပြောရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယနေ့ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာ ငြိမ်းချမ်းရေးကို လိုလားကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ ငြိမ်းချမ်းရေး ပန်းတိုင်သို့ အရောက်တက်လှမ်း နိုင်ရန် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် လွတ်လပ်ရေး၏ အသီးအပွင့်များ၊ ဒီမိုကရေစီ၏အနှစ်သာရများကို အားလုံး တန်းတူညီမျှ မခံစားကြရချေ။ အချို့တိုင်းရင်းသားပြည်သူများမှာ လက်နက်ကိုင်ပဋိပက္ခများကြားတွင် ဒုက္ခဆင်းရဲ ကြုံတွေ့လျက်ရှိပြီး တိုင်းပြည်မငြိမ်းချမ်းသောကြောင့် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို တန်းတူရရှိနိုင်ခြင်းမရှိသေးချေ။ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့သည် ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိနိုင်ရန် အားလုံးပါဝင်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် အဓိကအချက်နှင့် ပတ်သက်၍ “တကယ်ငြိမ်းချမ်းရေး လိုချင်လို့ရှိရင် ငြိမ်းချမ်းရေးလိုချင်တဲ့စိတ်နဲ့ လာကြဖို့ရယ်၊ ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာ ဒီမိုကရေစီ တကယ်မှန်မှန်ကန်ကန် ဖြစ်ချင်တယ်ဆိုလို့ရှိရင် ဒီမိုကရေစီ လိုချင်တဲ့ဆန္ဒရယ်၊ ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် ကျွန်တော်တို့ ရည်မှန်းချက် ပန်းတိုင်ကို ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မယ်ဆိုတဲ့အမြင် ရှိတယ်ဆိုရင်၊ ပြည်ထောင်စု စိတ်ဓာတ်နဲ့ လုပ်ကြမယ်ဆိုရင် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော်တော့မြင်ပါတယ်”ဟု မေလ ၁၂ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။
ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ နိုင်ငံတော်အလံ တစ်ခုတည်းအောက်မှာရှိသည့် နိုင်ငံတော်၏ မည်သည့် အစိတ်အပိုင်း၊ မည်သည့်ဒေသမှာမဆို နေထိုင်ကြသည့် ပြည်သူလူထုတစ်ရပ်လုံး၏ တစည်းတလုံးတည်းသော စိတ်ဓာတ်ဖြစ်သည်။ တစ်ခုတည်းသော အမိမြေ၊ အမိနိုင်ငံတော်ကြီးကို တစ်စိတ်တစ်ဝမ်းတည်း ချစ်ခင်မြတ်နိုး တန်ဖိုးထားပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းဆိုသည့် ဝံသာနုရက္ခိတတရား အပေါ်တွင် အခြေခံပြီး တည်ဆောက်သွားမည်ဆိုလျှင် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ခြင်းဖြစ်သည်။ အကယ်၍ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးနေမည်ဆိုလျှင် တိုင်းပြည်အတွက် အန္တရာယ် ရှိနေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားရေးကို ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။
ယခုအခါ တိုင်းပြည်အတွက် အထူးလိုအပ်နေသော ငြိမ်းချမ်းရေးကို မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်နေကြ ပြီဖြစ်သည်။ ငြိမ်းချမ်းရေးကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသတစ်ခုတည်း၏ အကျိုးစီးပွား၊ အုပ်စုတစ်ခုတည်း၏ အကျိုးစီးပွားတစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုလျှင် ပြည်သူများ၏ ဆန္ဒနှင့်မကိုက်ညီဘဲ ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ပြည်တွင်းအရေးဖြစ်ပြီး ပြည်ပမှ ပါဝင်စွက်ဖက်နေသမျှ ကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးမှာ ခက်ခဲနေ မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရေးကို မြန်မာနိုင်ငံသားများကသာ ဆုံးဖြတ်ကြရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကသက်ဆိုင်ကြသည့် ပြည်တွင်းအားများဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာ ဆုံးဖြတ်ကြရမည်ဖြစ်သည်။ ပြည်တွင်းညီညွတ်ရေးအင်အားဖြင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်အောင်တက်လှမ်းကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုကြီးအတွင်း ရှေးအစဉ်အဆက် အတူတကွမှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအနေဖြင့် အားလုံးကိုယ်စီကိုယ်စီတွင် ပြည်ထောင်စုစိတ်ဓာတ်များ ထားရှိမွေးမြူကြကာ တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့်၊ မျှော်လင့်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးပန်းတိုင်သို့ မရောက်ရောက်အောင် တက်လှမ်းကြပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment