နေပြည်တော် မေ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် တိုင်းဒေကြီး အတွင်းရှိ သမဝါယမတက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် လှည်းကူးမြို့နယ်ရှိ ဖောင်ကြီးသမဝါယမ ကောလိပ်သို့ ရောက်ရှိကြည့်ရှုပြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ပထမနှစ် သင်တန်းတက်ရောက် နေကြသည့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို လည်းကောင်း၊ တက္ကသိုလ်မှ သင်တန်း နည်းပြ ဆရာ/ ဆရာမများ Capacity Building and Training of Trainer on Pedagogy သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ဆရာ၊ ဆရာများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာ သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်ရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများကို တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်နှင့် မန္တလေးမြို့များတွင် ၂၀၂၂ ခုနှစ် ဇွန်လမှစ၍ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ အခြေခံပညာ အဌမတန်းအောင်မြင်သူများ တက်ရောက် နိုင်ကြောင်းနှင့် သင်တန်းကာလ(၂)နှစ်ဖြစ်ပြီး Certificate လက်မှတ်များ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ သင်တန်း အောင်မြင်သူများအနေဖြင့် သမဝါယမ ကောလိပ်များသို့ ဆက်လက်ပညာသင်ကြားခွင့် ရရှိမှာဖြစ်ကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့ သင်တန်းကျောင်းများသို့ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အား လူတော်လူကောင်း များဖြစ်အောင် ပြုစုပျိုးထောင်ကြရန်နှင့် ကျောင်းသားကျောင်းသူများ၏ လိုအပ်ချက်များ ကိုပူးပေါင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာ လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးစေရန်၊ တိမ်ကောပပျောက်မှုမရှိစေရန်၊ မြန်မာ့လက်မှုအနုပညာ ယဉ်ကျေးမှုများ ရေရှည် တည်တံ့စေရန်၊ ရိုးရာလက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်၊ နိုင်ငံတစ်ဝှမ်းမှာရှိသည့် လက်မှုအနုပညာ များကို တစ်နေရာတည်းမှာ လေ့လာနိုင်ရန်၊ မြန်မာ့လက်မှုထည်များ ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဈေးကွက် မြှင့်တင်ပေးရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသော မြန်မာ့လက်မှုအနုပညာစင်တာသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
(သတင်းစဉ်)
No comments:
Post a Comment